အချပ်ပိုတွေပေါ် အချိုတွေ ပက်ထားပုံ ၊ ခါးလိုက်တာ
နေကြာပန်းခင်းကြီးထဲ မှောက်ကျသွားသူ နေရောင်ခြည်မွှေးမွှေးလေး
နှင်းကွဲချိန်တိတိမှာ ဘာသာစကားဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်
'ကျွန်တော့်ကိုဖြည်ပါ' ၊ မမြင်ရတဲ့ ချည်မျှင်တန်းတွေ
လူကို လာပတ်ထားပုံ ဆန်းကြယ်။ သန်းခေါင်ထဲ ကြောင်ရဲ့မျက်လုံးဟာ ကြယ်လို
အာရုံခံနက်ဗ်ကြောတွေ ကျုံ့ သွားလိုက် ကျယ်သွားလိုက်
လူမှု့ ဘဝရဲ့ ရောင်စုံ vibration များ။ မြက်ဖျားပေါ် မျက်ရည်စက်လေး
တွဲလွဲခိုနေပုံ အနှေးပြကွက်။ မထူးဇာတ်တွေပေါ် အထူးပြုလုပ်ချက်တွေ
အကြောင်းအရာဟာ အိပ်မက်ထဲမှာအပင်ပေါက်ပြီး အိမ်ထဲမှာ အမြစ်စွဲနေတယ်
တူးနေတဲ့ ပေါင်မုန့်တစ်ချပ်ရဲ့မျက်နှာပြင်နှစ်ဖက်လို နေ့နဲ့ည။
တစ်နေ့ပြီးတစ်နေ့ တငွေ့ ငွေ့ တလူလူ။ ဧည့်ခန်းထဲမှာ ပလက်စတစ်သစ်ပင်လေး
အပြင်မှာ အသိုက်ပျက်နေတဲ့ ငှက်၊ အဲဒီလို ခုနှစ် သက္ကရာဇ်တွေ။
'ကျွန်တော့်နှလုံးသားထဲက မြေနီလမ်းကလေးကိုတော့ ကွန်ကရစ်လာမခင်းပါနဲ့' ဟာ
မာဆလာအိုးထဲမှာ ကျောက်တွေသဲတွေနဲ့ ချာချာလည်နေတယ်။ ငွေဟာ
စပါးကြီးမြွေလို မြို့ကြီးကို မြိုထားပုံ။ တစ်ခုခုဆို ထထတောက်တဲ့ စိတ်ဟာ
မီးခိုးကြွက်လျှောက်။ တိမ်တွေ ပင်လယ်ထဲ ငုံ့ဆင်းသွားပြီး ကောင်းကင်ထဲ
ပျံတက်သွားပုံကြားထဲက သက်တံ့လေးလို အရေးအသား။
'ကျွန်တော့်ကို ရေစိုအဝတ်လို ညှစ်ချပါ' ၊ ဘာသာစကားရဲ့ ကိုယ်ပေါ်မှာ
ဆူးတောင်တွေ အပြည့်။ သစ္စာဟာ မင်းရဲ့အိမ်လား သစ္စာမင်းအိမ်
လူတွေကိုက ခါးလွန်းပါတယ် ကိုလူခါး။ ကဗျာထဲ မိခင်စိတ်အပြည့်နဲ့ ကြက်မကြီးလို
ယက်ယက်ပြီး ရှာလို့။ တော်လှန်လေကြောင့် ကျကွဲသွားတဲ့ သရုပ်မှန်ဖန်မီးအိမ်လေးရဲ့
ရက်လည်။ ဇက်ကျိုးပြီး စမှုတ်တိုင်တွေ ပြုတ်ထွက်နေတဲ့ စက်ဘီးလေးရဲ့ နာမည်က
သဘာဝပတ်ဝန်းကျင်။ 'ကျွန်တော့်ကို နူးအောင်ပြုတ်ပါ' လို့ ဘာသာစကားဟာ
ကြက်ဖကြီးလို ထတွန်တယ်။ မိသားစု ဂလက်စီတန်းကြီးထဲကနေ ပဲ့ထွက်လွင့်စင်သွားတဲ့
ဥက္ကာခဲ အပိုင်းအစ တစ်ခုလို 'ငါ' ။ အဲဒီလို 'ငါ' တွေ စုဝေးဖွဲ့တည်ထားတဲ့
သီးခြားကဗျာဂလက်စီတန်း။ ' ကျွန်တော်ဟာ ကဗျာ့စကြာဝဠာကြီးထဲက
အမှုန်အမွှားတစ်ခုမျှသာ' ဟာ ကမ္ဘာဆီ ရွေ့ နေတယ်။ တရွေ့ ရွေ့ ။
လင်းလက်တာရာ
6.10.2014
No comments:
Post a Comment