ငါ့မှာ ရာသီဥတု ဖျက်စီးထားတဲ့ စိုက်ခင်းပျက်ကြီး ရှိတယ်
ငါ့စိုက်ခင်းပျက်ကြီးထဲမှာ ငါဟာ တစ်ကိုယ်တော် ပိုးကျနေတယ်
ဖောက်လွှဲဖောက်ပြန်ရာသီဥတုကြီးထဲ ငါ့လေပြည်တွေဟာ
မုန်တိုင်းဖြစ်ဖြစ်သွားတယ်။ ငါ့မုန်တိုင်းတွေ လေပြည်ပြန်ဖြစ်ဖို့
ငါ့မှာ အသက်ခဏခဏငင်ရတယ်။ ငါ ငင်ထားတဲ့ ရေတွေကို
သူတို့ သဲတွေထဲ သွန်လိုက်ကြတယ်။ ငါဟာ သဲနဲ့ အပက်ခံရတဲ့
အဆီတဝင်းဝင်းလည်း ဖြစ်နေပြန်တယ်။ အချိန်အခါမဟုတ်မိုးကြီးဟာ
ငါ့ကို လာသည်းတာ တော်တော်နှစ်ခြိုက်ပုံရတယ်။ ငါဟာ
ငါ့စိုက်ခင်းကလွဲပြီး သူတပါးစိုက်ခင်းကို ပိုးမကျတတ်သူ ပိုးမွှားကလေး
ငါဟာ မအောင်မြင်တဲ့ အဖျင်း။ ငါဟာ မဖြစ်ထွန်းတဲ့ အသီးအနှံ
ငါဟာ ငါ့ကတွတ်ပေါက်မှာ တသွင်သွင်စီးနေတဲ့ရေ။ အဲဒီရေထဲမှာ
ငါဟာ ငါးယောင်ဆောင်လိုက်တယ်။ ငါ့ကို ချောင်းမြောင်း
စောင့်ဆိုင်းနေတဲ့ ဗျိုင်းတွေ။ ငါ့ကို သုတ်ချီလိုက်တဲ့အချိန် ငါဟာ
ငါးယောင်ကနေ ဓားယောင် ဆောင်ပစ်လိုက်တယ်။ ငါ့စိုက်ခင်းထဲမှာ
ငါပန်းတွေ စိုက်လိုက်တယ်။ အကုန်သေတယ်။ ငါ ထပ်စိုက်တယ်။
အကုန်သေပြန်တယ်။ ငါ ပန်းမစိုက်တော့ဘူး။ ငါ ပန်းမစိုက်တော့ဘူး ဆိုမှ
ပန်းပင်လေးတစ်ပင် အလေ့ကျလာပေါက်နေတယ်။ အဲဒီပန်းလေးကို
ချစ်ခြင်းမေတ္တာ လို့ ငါနာမည်ပေးလိုက်တယ်။ တစ်ပွင့်တည်းပွင့်တဲ့
ပန်းလေးကို ခွေးတစ်ကောင်က သေးနဲ့ လာပန်းတယ်။ အဲဒီခွေးကို
ငါ ခွေးယောင်ဆောင်ပြီး ကိုက်ပစ်လိုက်တယ်။ ငါ့လေပြည်တွေဟာ
မုန်တိုင်း ပြန်ပြန်ဖြစ်သွားတယ်။ မိုးကြိုးဟာ ငါ့စိုက်ခင်းကို ချစ်လို့တဲ့
ခဏခဏ ပစ်ပစ်ချတယ်။ ငါ့စိုက်ခင်းမြေသားထဲမှာ မိုးကြိုးသွားတွေအပြည့်။
တစ်နေ့တော့ ယူနီဖောင်းဝတ်တွေဟာ ငါ့စိုက်ခင်းကို 'တပ်ပိုင်မြေ' လို့
လာရေးသွားကြတယ်။ ငါလည်း အဲ့ဒီ 'တပ်ပိုင်မြေ' ကို သေးနဲ့ ကော့ပန်းပြီး
မြို့တက် ဆိုက္ကားနင်းနေတယ်။
လင်းလက်တာရာ
20.9.2014
 
No comments:
Post a Comment