တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ ဆီ ရုပ်ရှင်မင်းသမီးရောက်လာတယ်
ရင်သားအစပ်မှာ နှင်းဆီပုံလှလှလေး ထိုးပေးလိုက်ရ
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ဆီ အဆိုတော်မလေးရောက်လာတယ်
ချက်အောက်မှာ ကြယ်ပွင့်ပုံလှလှလေး ထိုးပေးလိုက်ရ
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ ဆီ မော်ဒယ်ကောင်မလေးရောက်လာတယ်
တင်ပါးမှာ လိပ်ပြာပုံလှလှလေး ထိုးပေးလိုက်ရ
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ ဆီ ခင်ငြိမ်းအိဖြူ ရောက်လာတယ်
ရင်သားအစပ်မှာ နှင်းဆီပုံလှလှလေး ထိုးပေးပါ ပြောတယ် ၊ သူငြင်းတယ်
ချက်အောက်မှာ ကြယ်ပွင့်ပုံလှလှလေး ထိုးပေးပါ ပြောတယ် ၊ သူငြင်းတယ်
တင်ပါးမှာ လိပ်ပြာပုံလှလှလေး ထိုးပေးပါ ပြောတယ် ၊ သူငြင်းတယ်
ခင်ငြိမ်းအိဖြူ ဒေါသတကြီးလှည့်ထွက်သွား
သူ့ ဘဝထဲက အပြီးအပိုင်ထွက်သွားတာလည်း ဖြစ်နိုင်တယ်
ဘယ်တော့မှ ပြန်မလာတော့တာလည်း ဖြစ်နိုင်တယ်
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ ဆိုပေမယ့်
သူ့ နှလုံးသားမှာတော့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ တက်တူးတစ်ခုတော့ ရှိတယ်
ခင်ငြိမ်းအိဖြူ
လင်းလက်တာရာ
19.10.2014
No comments:
Post a Comment