Tuesday, January 20, 2015

နာရီတ​စ္ဆေ

ဘဝရဲ့ အရှုပ်​အ​ထွေး အ​ကွေ့အ​ကောက်​​တွေ ကြားမှာ
ကောက်​ရမိ​တဲ့ နာရီ​လေးတစ်​လုံး

အံ့ဩစရာ
နာရီ​လေးထဲမှာ တ​စ္ဆေတစ်​​ကောင်​​အကျဉ်းကျ​နေတယ်
တ​စ္ဆေဟာ ငါ့ည​တွေကို တစ်​စစီ ကိုက်​ဖျက်​စား​သောက်​​တော့တာပဲ

' ငါ့ပိုင်​ရှင်​ ဆီ ပြန်​ပို့​ပေးပါ
ငါ့ပိုင်​ရှင်​ဟာ ​ပါးမို့မို့​လေးမှာ သနပ်​ခါးပါးပါး​လေး အမြဲလိမ်းတယ်
ရယ်​လိုက်​ရင်​ လခြမ်း​ကွေး ပါးချိုင့်​​လေး သာတယ်
သူ့ ဆံနွယ်​​တွေဟာ ကဗျာရှည်​တစ်​ပုဒ်​လိုပဲ '

တ​စ္ဆေဟာ ကဗျာဆရာ လားလို့ ငါ​တွေးမိ
တ​စ္ဆေဟာ ငါ့အရွက်​ဖားဖားအိပ်​မက်​​တွေကို ​နေပူလှန်းတယ်
တ​စ္ဆေ ဟာ ငါ့စိတ်​နှလုံးသားရဲ့ဗဟိုချက်​မှာ အလန်းချတယ်
အလန်းဟာ ​ချိန်​ကိုက်​ဗုံးတစ်​ဗုံးလိုပဲ

နာရီပိုင်​ရှင်​ဟာ ​နာရီကို စွန့်​ပစ်​ခဲ့တာလား
ဒါမှမဟုတ်​ ကျ​ပျောက်​ခဲ့တာလား
နာရီပိုင်​ရှင်​ဟာ ​လူ့​လောကမှာ​ရော ရှိ​သေးရဲ့လား
နာရီ​လေးအတွက်​ ပူ​ဆွေး​သောက ​ရောက်​​နေမလား
နာရီ​လေးကို မီး​တောက်​​အောင်​ ရှာ​ဖွေ​နေမလား
ဒီနာရီ​လေးဟာ အမှတ်​တရတစ်​ခုခုလား
အထိမ်းအမှတ်​တစ်​ခုခုလား
ဘာကို အဓိပ္ပါယ်​ပြုထားလဲ
နာရီနဲ့ ဒီ တ​စ္ဆေ ဘယ်​လိုပတ်​သက်​​နေလဲ
ဒီ တ​စ္ဆေ နဲ့ နာရီပိုင်​ရှင်​က​ရော ဘယ်​လို ဆက်​နွယ်​​နေလဲ
အ​​တွေးဟာ မီး​တောင်​မြုံတစ်​လုံးလိုပဲ

' ငါ့ပိုင်​ရှင်​ဆီ  ပြန်​ပို့​ပေးပါ
ငါ့ပိုင်​ရှင်​ဟာ ​တောင်​​လှေကားမြို့​လေးနဲ့ တူတယ်
တစ်​မြို့လုံးပန်း​တွေ​မွှေးပျံ့​နေသလိုအပြုံး​တွေကို ပိုင်​ဆိုင်​တယ်
သူ့ ​မှာ ​​အမြဲတမ်းစီးဆင်း​မြဲ ​အစွဲအလန်း​ရေတံခွန်​ဖြူဖြူ​လေးရှိတယ်​'

တ​စ္ဆေဟာ ​တော်​​တော်​အစွဲအလန်းကြီးပါလားလို့ ငါ​တွေးမိ
တ​စ္ဆေဟာ ဘာဖြစ်​လို့ ဒီနာရီ​လေးထဲ ​ရောက်​​နေရတာလဲ
တ​စ္ဆေဟာ ဘာဖြစ်​လို့ တ​စ္ဆေဖြစ်​​နေရတာလဲ

နာရီ​လေးထဲမှာ နာကျင်​စရာအချိန်​တွေ ဘယ်​​လောက်​များများ
နာရီ​လေးထဲမှာ ​​ပျော်ရွှင်​စရာအချိန်​​တွေ ဘယ်​​လောက်​များများ
နာရီ​လေးထဲမှာ ပူ​လောင်​မှု​တွေ ဘယ်​​လောက်​များများ
နာရီ​လေးထဲမှာ ​အေးချမ်းမှု​တွေ ဘယ်​​လောက်​များများ
စက္ကန့်​သံ​လေးဟာ ​ချောက်​​ချောက်​ချားချား

' ငါ့ ကို ငါ့ ပိုင်​ရှင်​ဆီ ပြန်​ပို့​ပေးပါ
ငါ့ ပိုင်​ရှင်​ရဲ့ ရယ်​သံလွင်​လွင်​​လေးနားမှာ ငါ​ပြန်ေ​နချင်​​သေးတယ်
ငါ့ ပိုင်​ရှင်​ရဲ့ ​ကောင်းကင်​အပြာ​လေးထဲမှာ ချိုးဖြူငှက်​​လေးလို ငါပျံဝဲချင်​​သေးတယ်
ငါ့ ပိုင်​ရှင်​ရဲ့ ညစာကို ငါ ငါးရိုးထွင်​​ပေးချင်​​​သေးတယ်​'

မလွယ်​ဘူး
တကယ့်​ကို မျက်​ရည်​လွယ်​တဲ့ တ​စ္ဆေ
မျက်​ရည်​​တွေ လည်​​နေတဲ့ တ​စ္ဆေ

တ​စ္ဆေ့ ကို ငါ သနားသွားတယ်
တ​စ္ဆေ့ ကို ငါ ​သေ​သေချာချာ ကြည့်​လိုက်​တယ်
ဟာ!
တ​စ္ဆေ ဟာ ငါ့မျက်​နှာနဲ့ ပိုတူတူလာတယ်

'ငါ့ကို ငါ့ပိုင်​ရှင်​ဆီ အမြန်​ပြန်​ပို့​ပေးကြပါ' လို့
ငါ ​ကြောက်​လန့်​တကြား​အော်​လိုက်​တယ်




လင်းလက်​တာရာ
8.1.2015






No comments:

Post a Comment