တစ်ခုခုဟာ အမြဲလိုနေတယ်လို့ ပြီးပြည့်စုံမှုက ပြောတယ်
ပြီးပြည့်စုံမှုကရော တကယ်ရှိမရှိ ဦးခေါင်းထဲရှိနေတဲ့ အကြိတ်ဟာ သူမ
ခွဲထုတ်လိုက်တာနဲ့ ဂေါက်သွားမယ့် ရောဂါဆန်းကြီးနဲ့
ပြက္ခဒိန်အသစ်လဲလိုက်ရတာက လွဲရင် အခင်းအကျင်းကတော့ အဟောင်းကြီးပဲ
သစ်ပင်တွေ အဝတ်အစားလဲတဲ့ရာသီကို အကြီးကြီး လွမ်းတယ်
အမေ့အိမ်ပေါ်မှာ တိမ်ဖြူဖြူတွေ ရွာတည်နေပုံ အိပ်မက်အဝါ
လယ်ယာကိုင်းကျွန်းတွေဆီ ငှက်တစ်ကောင်လို ပျံသန်းသွားချင်သူရဲ့ ခရီးမိုင်တွေ
ခဏခဏပျက်ကျဖူးသော ငယ်ဘဝရဲ့ စွန်ပြာလေးကို ငါ့နာမည်နဲ့ ပြန်တွေ့လိုက်ရ
တိုက်တန်းလျားတစ်ခုတည်း အတူနေပြီး တစ်ခါမှ စကားမပြောဖူးတဲ့လူတွေ
နောက်ဖေးလမ်းကြားထဲ လာသာနေတဲ့ လရောင်ကို သွေးကြောထဲ သွင်းထားချင်တယ်
နှင်းတွေကို ကျောပိုးအိတ်ထဲ ထည့်ပြီး လျှောက်လိမ့်ချင်တယ်
အရာရာ မျက်နှာငယ်ရလို့ ပလပ်စတစ်ဆာဂျီရီ လုပ်ထားချင်တယ်
မှော်ဝန်းချောင်းကို ခေါင်းအုံးအိပ်ချင်တဲ့ စိတ်ရူးတသုန်သုန်
အသားမကျသေးခင် အသားကျပေးခဲ့ရတဲ့ အရိုးတွေ များလှချည့်
အရှေ့ တောင်အာရှရဲ့ သွားကြားထိုးတံလေးပါ
အရှေ့ တောင်အာရှရဲ့ သွားကြိုသွားကြားမှာ
လင်းလက်တာရာ
 
No comments:
Post a Comment