1.1.14 အရေးအသား ။ Junction မော်တင်
၂၀၁၃ ဟာ ၂၀၁၄ ကို ဘာတွေ လက်ဆင့်ကမ်းလိုက်သလဲ
၂၀၁၄ဟာ ၂၀၁၃ဆီက ဘာအမွေတွေ ယူလာသလဲ
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှု၊ သဘာဝဘေးအန္တရာယ်၊ မငြိမ်းချမ်းရေး
ကြွေးမြီများ၊ ဘာသာရေးအစွန်းရောက်တွေ၊ ဖွဲ့ စည်းပုံ အခြေခံဥပဒေ
အပြည့်အဝရုပ်လုံးမကြွသေးတဲ့ ဒီမိုကရေစီ၊ မြစ်ဆုံစီမံကိန်း ၊ စသည်...စသည်
မစနဲ့ ( နောက်စရာမဟုတ်ဘူး) မစလိုက်နဲ့ 
စလိုက်တာနဲ့ မဆုံးတော့ဘူး။ တငွေ့ ငွေ့ မီးဟာ တမြေ့မြေ့လောင်
နှစ်သစ်ဟာ မိတ်အင်ချိုင်းနား မီးရှူးမီးပန်းတွေ ပန်ပြီး စင်ပေါ်တက်လာ
မြို့သူမြို့သားစစ်စစ်တွေ မြို့ပြင်တဖြည်းဖြည်းရောက် အနည်ထိုင် ဘေးထွက်
ဘေးထွက်ဆိုးကျိုးဟာ နည်းအမျိုးမျိုးနဲ့ ဝင်ရောက် နေထိုင် ဗိုလ်ကျ
တိုက်ခန်းကျဉ်းကျဉ်းလေးကို ဘဝတူချင်း ချိတ်ဆက်ခင်းကျင်းထားပုံအဆင့်ဆင့်
ဂလိုဘယ်လ် အပေါက်ကြီးက ကျယ်လိုက်တာ ခဏခဏပြုတ်ကျတယ်
ပွင့်လင်းမြင်သာမှုဟာ ဝတ်လစ်စလစ်နဲ့ ၊ ပေါ့စတစ် တီးလုံးတွေ တငြိမ့်ငြိမ့်စီးဆင်း
၂၀၁၅ ကရော ချဉ်ငံစပ်အရသာလား မဲဆန္ဒနယ်ထဲမှာ နယ်ဖက်နေတဲ့လက်ကြီး
(ခင်ဗျားအိုင်ကျူကို အထူးစမ်းသပ်စစ်ဆေးတဲ့ အနေနဲ့ တစ်ကောင်လုံးချပြတာတောင်
အရိပ်မထင်တဲ့ ခေတ်ကာလကြီးခက်ခက်ကို ခက်ဆစ်ဖွင့်ပြပါ)
အိပ်မက်ထဲမှာ လမ်းလေးတစ်လမ်း ပေါက်နေတယ်
အိပ်မက်ထဲကလမ်းကလေးဟာ လက်တွေ့ဘဝထဲကိုဖောက်ထွက်လာတယ်
သင့်ရဲ့လက်ကို စင်ကြယ်အောင်ဆေးပါ ထက် သင့်ရဲ့ စိတ်နှလုံးသားကို
ဖြူစင်အောင် လျှော်ဖွပ်ပါ ကို အထူးဂရုစိုက်ပါ
(သင့်မှာ အန္တရာယ်တစ်ခု ရှိနေပြီဆိုလျှင် သင်ဟာ
သက်ရှိစစ်စစ်ဖြစ်ကြောင်း အခြားထောက်ခံစာ မလိုတော့ပါ)
ခါးသက်သက်ကိုပဲ အသက်နဲ့ရင်းပြီး ချိုမြ
ပြဿနာပေါင်း ၈၄၀၀၀၊ ပြက်သိကာပေါင်း ၈၄၀၀၀၊ မျက်ရည်ထုထည် ဒုနဲ့ ဒေး
လူ့ အဖြစ်သနစ်ဟာ သံတူကြောင်းကွဲတွေနဲ့ တေ့တေ့ဆိုင်ဆိုင် လွဲလွဲချော်ချော်
"အနုပညာဟာ ချော်ရည်ချော်ခဲတွေ"လို့ မီးတောင်နဲ့ တူတဲ့ လူတွေက အော်တယ်
မှန်တာပြောရင် ရွာပြင်ထုတ်ခံရသတဲ့။ ရွာပြင်မထုတ်ဘဲ
ထောင်ထဲ တန်းထည့်တော့တာပဲ အမှန်တရားရေ
ရေကောင်းရေသန့် လေးများရှိရင် တစ်စက်တလေပဲဖြစ်ဖြစ် ပစ်ချခဲ့ပါလို့ 
ရေတွင်းပျက်ကြီးက ဝမ်းအူသံကြီးနဲ့ တောင်းရမ်းတယ်
မြို့မြို့ချင်း လူလူချင်းချနင်းခံရတာလည်း အရိုးနာစရာ
အသိမ်းခံရတဲ့လယ်မြေမှာ ငါ စပါးပင်မဖြစ်ချင်ဘူး
မြန်မာပြည်မှာ တောင် လာဖြစ်ရတဲ့ဘဝက ကံဆိုးပါတယ်
မြန်မာပြည်မှာ မြစ် လာဖြစ်ရတဲ့ ဒုက္ခက ခါးပါတယ်
တောင်မင်းက မြစ်မင်းမကယ်နိုင်သလို မြစ်မင်းကလည်း တောင်မင်းကို မကယ်နိုင်
မေတ္တာတရားကပဲ ဆီလို အပေါက်ရှာထွက်လာတာ
သစ်တောကြီး ငိုနေတယ် သစ်တောကြီး မျက်ရည်ကျနေတယ်
ငိုရင်း မျက်ရည်ကျရင်း နဲ့ ပဲ သစ်တောကြီး အငွေ့ ပျံပျောက်ဆုံး
မျက်လှည့်ဟာ မျက်လှည့် မပီသဘူး၊ လူကြီးလူကောင်း မျက်လှည့်ဆရာဟာ ဖင်ပေါ်နေတယ်
ထိုင်ခုံတွေဟာ ထိတ်လန့် ချောက်ချားဖွယ်။ ထိုင်ခုံတွေဟာ ပြည်ကို ဖျက်နိုင်
တချို့ ထိုင်ခုံတွေဟာ ငရဲကြီး ၈ ထပ်နဲ့ ချိတ်ဆက်ထားတာ
ကမ္ဘာ့ ကွမ်းတံတွေးမြို့တော် မဟာရန်ကုန်
လူသားအရင်းအမြစ် အိမ်တိုင်ရာရောက် ပို့ ဆောင်ဖြန့် ဖြူးထုတ်လုပ်ရေး အေဂျင်စီ
ကိုက်ထားတဲ့ နှုတ်ခမ်းရာဟာ သေရာပါ အမာရွတ်တော့မယ်
ပြည်တည်နာ ပြည်တွင်းစစ်။ အရစ်ကျပေးဆပ်နေရတဲ့ အသက်အိုးအိမ်တွေ
ခု သုံးဆောင်နေတဲ့ ပွဲတော်အုပ်ထဲမှာ အမှန်တရားပါရဲ့လား
' မည်သို့ ပင်ဖြစ်စေ ၄င်းတို့ ကမူ .com ' သို့ နှစ်သစ်မေတ္တာစာများပေးပို့နိုင်ပါကြောင်း
(ကဗျာထဲ time & space ကို တမင်ထည့်ထားတာလည်း တက္ကနစ်တစ်ခုဖြစ်ကြောင်း)
ပွင့်လင်းရာသီလာပါပြီ။ ရာသီလာတာ ကောင်းတယ်။
သွေးမဆုံးသင့်သေးတဲ့ အရွယ်ဟာ သွေးမဆုံးသင့်သေးဘူး မဟုတ်လား
သွေး ။ မဆုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လင်းလက်တာရာ
1.1.2014
Tuesday, October 25, 2016
ဇာတ်လမ်းဇာတ်ကွက်တွေဟာ ပွင့်ဖတ်တွေပေါ့ ရနံ့ က Theme ပန်းပွင့်ပုံကို အနှေးပြကွက်နဲ့ ရိုက်ပြလိုက်တာက Art'
ဇာတ်လမ်းဇာတ်ကွက်တွေဟာ ပွင့်ဖတ်တွေပေါ့ ရနံ့ က Theme
ပန်းပွင့်ပုံကို အနှေးပြကွက်နဲ့ ရိုက်ပြလိုက်တာက Art'
.
(A)
လွတ်လပ်ခြင်းတက်တူးနဲ့ အိမ်ပြေးလူငယ်လေးတစ်ယောက်
ဘီယာပုလင်းကို ဖောက်လိုက်တယ်
ညစ်နေတဲ့ စိတ်နဲ့ အမြည်းတစ်ဖတ်ကို လောကဓံလို့  သဘောထား အံကြိတ်ဝါးလိုက်တယ်
ငြီးငွေ့ စရာကောင်းတဲ့ သတင်းချန်နယ်ကိုတော့ ရီမုတ်နဲ့ ပြောင်းပစ်လိုက်တယ်။
(B)
သမီးနာမည်ဘယ်လိုခေါ်လဲ
ရွှေစင်မြင့်မြတ်ပါ အန်တီ
အသက်ကရော
၇ နှစ်ပါ
ဒီချန်ပီယံလေးများ အစီအစဉ်မှာ ချန်ပီယံဖြစ်ခဲ့ရင် ဘာပစ္စည်းလိုချင်လဲ သမီး
TV
အိမ်မှာ TV မရှိလို့ လား
ရှိပါတယ် ၃ လုံးတောင်
၃ လုံးတောင် ရှိတာပဲ ဘာဖြစ်လို့ TV ကို လိုချင်ရတာလဲ
အိမ်မှာ မိသားစု ၄ ယောက်ရှိတယ်လေ
သမီးကြည့်ချင်တဲ့ လိုင်းကို သီးသန့် ကြည့်ချင်လို့ 
( ဒါပေမယ့် ကလေးမလေးဟာ ပြိုင်ပွဲမှာ ရှုံးသွားတယ်)
(C)
နာမည် ဘယ်လိုခေါ်လဲ သမီး
ဖြူစင်ဝင်းပါ အန်တီ
အသက်ကရော
၅ နှစ်ခွဲပါ
တကယ်လို့ ချန်ပီယံဖြစ်ခဲ့ရင် ဘာပစ္စည်း လိုချင်လဲ
အဝတ်လျှော်စက်ပါ
ဘာဖြစ်လို့ အဝတ်လျှော်စက်ကို ရွေးရတာလဲ သမီး
မေမေက တစ်အိမ်လုံးမှာ ရှိတဲ့ အဝတ်တွေကို အမြဲလျှော်ရတာလေ
မေမေ့ကို မပင်ပန်းစေချင်တော့လို့ ပါ
(ကလေးမလေးဟာ ကြိုးကြိုးစားစားယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို ရယူသွားတယ်)
(D)
အိမ်ပြေးလူငယ်လေးဟာ
သောက်လက်စဘီယာပုလင်းကို ပစ်ချလိုက်တယ်
ကျောပိုးအိတ်ကို ကောက်လွယ်လိုက်တယ်
ရထားလက်မှတ်ကို ဖြတ်လိုက်တယ်
(E)
အိပ်တန်းပျံငှက်လေးတစ်ကောင်
တိမ်ရောင်စုံနဲ့ ရောစပ်
အိမ်ပြန်ချိန်ပန်းချီကားတစ်ချပ်
တောင်ပံခတ်ပျံသန်း
The End
ု
လင်းလက်တာရာ
11.6.2014

Sunday, October 23, 2016
ပင်လယ်ကူးသဘောင်္ရဲ့ဥဩသံတွေ ကို စာကြည့်စားပွဲပေါ် အစီအရီတင်ထားလိုက်မိတဲ့အလွမ်းတွေ
ပင်လယ်ကူးသဘောင်္ရဲ့ဥဩသံတွေ ကို
စာကြည့်စားပွဲပေါ် အစီအရီတင်ထားလိုက်မိတဲ့အလွမ်းတွေ
ကိုးလွှာက ပြုတ်ကျလာတဲ့ အိမ်ပြန်ချိန်ကို အထိတ်တလန့်  မော့ကြည့်လိုက်မိ
မျက်လုံးထဲဝင်သွား ပြန်ထွက်မလာတော့
ငါကိုယ်တိုင် ကိုးလွှာကပြုတ်ကျလာတဲ့ အိမ်ပြန်ချိန် ဖြစ်သွား
သစ်ရွက်အတုလေးကတော့ အမြဲတမ်းအစိမ်းရောင်
ငါ့မှာတော့ ၁၂ရာသီလုံးလုံး ကိုင်းခြောက်
လူတဲ့ ၂၄နာရီလည်ပတ်နေတဲ့ စက်ရုံတွေလို မီးခိုးတလူလူ
လေအေးပေးစက်ဟာ စိတ်အပူချိန်ကို လျှော့မပစ်နိုင်
လမ်းညွှန်ဆိုင်းဘုတ်တွေဟာ ဘဝရဲ့ အစိပ်အပိုင်းတချို့ကို
အတင်းအဓမ္မ တင်ဆောင်ခုတ်မောင်း ကန်ချသွားကြ
ပျော်စရာလား သူ အော့အန်နေတယ်
သစ်သီးပုပ်လိုခရီးကို တစ်ခါလောက်တော့ ဖျော်သောက်ဖူးကြမှာပဲ
သွားကြားထိုးတံလေးရဲ့ သူ့တောအုပ်ကို အော်ခေါ်နေသံ ငါကြားတယ်
သစ်ခေါက်လို ပင်စည်နဲ့ ပဲ့ထွက် ဝေးကွာခဲ့ရတာချင်း လက်ဆွဲနှုတ်ဆက်မိကြတယ်
ပိတ်ရက်ထဲမှာ ပိတ်မိနေတဲ့စိတ် ကဗျာနဲ့ ဖွင့်မှ ပွင့်မယ့်ဂူလို ငူငူကြီးထိုင်လို့
ငါက လောကဓံကို ဘောလုံးလိုကန်လိုက်
လောကဓံက ငါ့ကို ဘောလုံးလိုကန်လိုက် နဲ့
ငါနဲ့လောကဓံ သူတစ်ပြန်ကိုယ်တစ်ပြန်ဂိုးသွင်းနေကြတယ်
ချစ်ခြင်းမေတ္တာရဲ့လက်ခုပ်သံကြားမှာ ငါဟာ လက်ခုပ်ပန်းလေးလိုပွင့်လို့ဝေလို့
အရူးကြီးတစ်ယောက်လို စိတ်ဖောက်ပြန်နေတဲ့ နွေဟာ
ဆောင်းကို တကြော်ကြော် အော်ခေါ်နေတယ်
ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ မမြင်ရတဲ့ ကမ္ဘာတစ်ခုခြားနေတယ် နှင်းရေလို့
နေရောင်ခြည်လေးက မျက်ရည်ကျပြနေတယ်
ဇာတ်နာတွေကို လူ့အဖွဲ့အစည်းထဲကနေ ဘူဒိုဇာနဲ့ကော်ထုတ်လို့မရသေး
ိအိပ်မက်အသေတွေနဲ့ ညဟာ တီကောင်လို လူးလူးလွန့်လွန့်
ဆာရီရယ်ဆန်ဆန်ဒုက္ခမိုးသားတွေ ကျည်ဆံလိုရွာတဲ့နေ့က
နင့်အပြုံးဒိုင်းလေးနဲ့ ငါကရှင်သန်ခဲ့ရတာ
လူတစ်ယောက်က လူတစ်ယောက်ကို ပိုးမွေးသလိုမွေးတယ်
လူတစ်ယောက်က လူတစ်ယောက်ကို ငါးမျှားသလိုမျှားတယ်
ရုပ်သေးမြို့တော်ကြီးမှာ ခင်ဗျားလည်းရုပ်သေးတစ်ရုပ်ပါပဲ
ကျွန်တော်တို့အတူတကွ ကပြဖျော်ဖြေနေကြ
အဲဒီအနုပညာဆိုတာကြီးကို ထက်ခြမ်းခွဲကြည့်
အထဲမှာ ဘာမှမရှိဘူး ဆိုတဲ့ရယ်သံအက်အက်ကြီး
ပိတ်လှောင်မွန်းကြပ်နေတဲ့နေ့ရက်တွေမှာ
ဟာသဟာ အောက်ဆီဂျင်လို လိုအပ်ပါတယ်
သူမရဲ့သဲကန္တာထဲ မျက်ရည်နဲ့ကဗျာတွေ သွန်နေမိတာ
ဆင်ခြင်တုံတရားနဲ့ ချောက်ကမ်းပါး အလယ်မှာ ငါဟာ ကြိုးတန်းလမ်းလျှောက်
ကြယ်ငါးလေးတွေကောက်ဖို့် ကမ်းခြေကိုသွားသူ လူငယ်တစ်ယောက်
ကိုယ့်ကိုယ်ကိုယ်ကောက်ပြီးပြန်လာတယ်
ပင်လယ်ကြီးတစ်ခုလုံးကို အတွေးထဲ အလုံပိတ် ထည့်လွယ်လို့
အတွေးထဲကနေ ပင်လယ်ကြီးဟာ တစိမ့်စိမ့်ယိုကျလို့
ကျေးဇူးပါ ချစ်ခြင်းမေတ္တာ
ငါ့ဆည်းဆာမှာ နင် နေမဝင်ခဲ့တဲ့ ညနေတချို့အတွက်
လင်းလက်တာရာ
12.10.2016

မီးခိုးမဲ့ညှော်နံ့တွေ ခန္ဓာကိုယ် ထဲက ပန်းထွက်နေပုံ နည်းနည်း

___________________________________________
အတွေးပိုက်ကွန်ကိုဆွဲတင်လိုက်တော့။
မန်မိုရီထဲ ဗွက်ထနေတဲ့ သိမှုအကျိုးအပဲ့နေ့တွေပါလာ။
အရှင်လတ်လတ် တဖျတ်ဖျတ်ခုန်ပေါက်နေ။
အဲ့ဒီလို လောကဓံပိုက်ကွန်ထဲ။
အရှင်လတ်လတ် တဖျတ်ဖျတ်ခုန်ပေါက်ခဲ့ရ။
အဖိတ်အစဉ်များများနေ့ရက်တွေ။
ချစ်သူနဲ့စိတ်ချင်းစီးချင်းထိုးတယ်။ အိပ်မက်တွေပွင့်လျှက်ကြီး။
မြို့ကြီးပြကြီးရဲ့ သွေးကြောမျှဉ်ထဲ။
ကျေးလက်ကလေးရဲ့အုန်းမောင်းခေါက်သံဟာ ဘယ်လိုဝင်လာပါလိမ့်။
မိသားစုလက်ဆုံစားပွဲလေး လှဖို့။
မိသားစုလက်ဆုံစားပွဲလေးရဲ့အဝေးကို လွှင့်ခဲ့ရသူတွေ။
စိတ်ကူးယဉ် စက္ကူလေယာဉ်လေး ပျက်ပျက်ကျ။
ကမ္ဘာကြီးမှာ ထမင်းဆာနေတဲ့ ကလေးသူငယ်တွေနဲ့။
အိမ်ဆာနေတဲ့ လူငယ်လူရွယ်တွေနဲ့။
ဆာဆာနဲ့ ကိုယ့်လွတ်လပ်မှုကိုယ် ကြွက်တစ်ကောင်လို ကိုက်ဖြတ်စားသောက်။
ဘဝအပေါက်ကြီး။
ပိတ်နေတဲ့ဘဝအပေါက်ကြီး။
ဥာဏ်အလင်းဟာ ပိတ်နေတဲ့ဘဝအပေါက်ကြီးကို ထိုးဖောက်ပစ်လိုက်တယ်။
လူတကာ ခြေထောက်နဲ့ကန်ထားတဲ့ဘောလုံးကို။
တရှိုက်မက်မက်နမ်းလိုက်ခြင်းဟာ ငါ့လူငယ်ဘဝဖြစ်တယ်။
ခေတ်မြန်ကြီးကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရတဲ့ အရသာ။
ချဉ်ငံဖန်စပ်ကြီး။
ငါ့လူမှုစစ်ပွဲထဲ ငါကိုယ်တိုင် စစ်နိုင်သူ ငါကိုယ်တိုင် သုံ့ပန်း။
တနင်္ဂနွေ ဟာ ငါ့ဘဝခါးခါးကြီးထဲကိုဝင်လာပြီး။
ငါ့ဘဝ ခါးခါးကြီးထဲကနေ ပြန်ထွက်သွားတယ်။
ငါလည်း တနင်္ဂနွေခါးခါးကြီးထဲကို ဝင်ပြီး။
တနင်္ဂနွေခါးခါးကြီးထဲကနေ ပြန်ထွက်လာခဲ့တယ်။
ကြေးကြီးကြီးနဲ့ ဝယ်ခဲ့ရတဲ့ နောင်တတွေ။
ဒဏ်ရာကြီးကြီးနဲ့ ရင်းခဲ့ရတဲ့ ငွေစကြေးစတွေ။
ကွဲသာသွားရော တစ်သက်လုံး ပန်းပင်မရှိခဲ့တဲ့ ပန်းအိုးလေးလို။
ပြဲသာသွားရော တစ်သက်လုံး ရောင်စုံစုတ်ချက်တွေနဲ့ မထိခတ်ခဲ့ရတဲ့ ကင်းဗက်စလေးလို။
ဝမ်းနည်းမှုတိမ်ညိုတိမ်မည်းတွေ ငါ့ကောင်းကင်အပြည့်။
မဝေးတော့တဲ့ စိမ်းလန်းခြင်းတွေအတွက် မြေဩဇာအဖြစ်။
မြေဆွေးလို တမြေ့မြေ့။
လင်းလက်တာရာ
6.10.2016

Wednesday, July 27, 2016
ပြာများ
' ပြာများ '
_________
မီးနံ့ ရတယ်
ပိုးဖလံလေးတွေရဲ့အိမ်ဟာ မီးလား
ပိုးဖလံလေးတွေဟာ 'မီး' ကို 'အိမ်' လို့ နှလုံးသွင်းခဲ့လေသလား
လူတချို့ ကတော့ အိမ်ထဲကို မီးတွေ ပစ်သွင်းနေကြ
မီးမြို့ကြီး
အရာအားလုံးကို လောင်ကျွမ်းပစ်ဖို့ ဆာလောင်နေတယ်
ရှင်ခြင်းကို ဆာလောင်နေသလို သေခြင်းကိုလည်း ဆာလောင်နေတယ်
အတွေးတစ်ခုပေါ် နောက်ထပ်အတွေးတစ်ခု အခိုးတလူလူ
ဖြစ်တည်မှုတစ်ခုပေါ် နောက်ထပ်ဖြစ်တည်မှုတစ်ခု အခိုးတလူလူ
မီးပုံးပျံလို
လူ့ အဖြစ်ဟာ မှိုင်းကုန်တော့ ပျက်ကျတော့တာပဲ
အပျက်ပေါ် အပျက်တွေ ပျက်ကျ အပျက်တွေအထပ်လိုက်
အတင်းအဓမ္မဆောင်းကို မီးပုံပွဲလေးနဲ့ ခုခံထားရတာ
မလုံဘူး
မလောက်ဘူး
မီးသင့်ဂူထဲမှာ မီးသင့်နေတဲ့ လူတွေ
မီးဟာ သင့်လူလား ငါ့လူလား
မီးတွေ လူလားမြောက်လာပုံ
မီး + တောင်
မီးတောင်ဝမှာ ရွာတည်မိသလိုမျိုး
မီးတောင်ဝမှာ ရွာတည်မိပြန်ပြီ
ကိုယ်စီဝတ်ဆင်ထားရသော လောကဓံမီးများ
ခြစ်ခြစ်တောက် ၊ ဖျစ်ဖျစ်မြည်
မီးကို စတင်တွေ့ ရှိသူနဲ့ 
မီးကို အဆုံးသတ် ငြှိမ်းပစ်နိုင်သူ
သင်တစ်ခုခုကို ရွေးချယ်ပါ
' မီးနေသည်' ဟာ လူ့ ဘုံကို အလှဆင်သူလား
မီးဟာ မည်သည့်နေရာတွင် နေသနည်း
စပေါ့လိုက်တစ်ခုလို ထိုးကျလာသော ပေါ့ဆမီးများ
မီးစွဲလောင်နေသော အလံများ
မီးကျွမ်းနေသော စစ်မြေပြင်များ
အပေါ်မီးအောက်မီးနဲ့ အကင်ခံနေရသော နင်းပြားများ
တောမီးမှ တဆင့်
ကျွန်ုပ်တို့ ဆီ ဆက်သွယ်လာပါတယ်
မီးပြုလုပ်နည်းများ
မီးကို ရသအဖြစ် ချဉ်းကပ်ပုံ
မီးမှ အထူးတင်ဆက်သည်
မီးမျက်ရည်
မီးသွေးကိုလည်း ထုတ်လုပ်ကြပါတယ်
လူသွေးကိုလည်း ထုတ်လုပ်ကြပါတယ်
မီးသွေးရော လူသွေးပါ အဖိတ်အစင်နှုန်းမြင့်တက်
ကိလေသာမီး ဘယ်နှတန်
အာဏာမီး ဘယ်နှတန်
နိုင်ငံရေးမီး ဘယ်နှတန်
ဘာသာရေးမီး ဘယ်နှတန်
တန်ရဲ့လား ကမ္ဘာ
တန်ရဲ့လား ကဗျာ
မီးနဲ့ ပေါင်းသင်းနေထိုင်ရတာ
လင်းလက်တာရာ
27.7.2014

Tuesday, July 19, 2016
ကဗျာနှစ်ပုဒ်
' ကဗျာ နှစ်ပုဒ်'
.
(၁)
ကဗျာအမည် - ပျောက်ဆုံးသွားတဲ့ကဗျာ
ကဗျာရေးသားရက် - ၈ ၊ မတ် ၊ ၂၀၁၄
ကဗျာအမျိုးအစား - MH 370
ကဗျာရေးသားသူပေါင်း - ၂၃၉ ယောက်
(၂)
ကဗျာအမည် - ဖျက်ချခံလိုက်ရတဲ့ ကဗျာ
ကဗျာရေးသားရက် - ၁၇၊ ဇူလှိုင် ၊ ၂၀၁၄
ကဗျာအမျိုးအစား - MH 17
ကဗျာရေးသားသူပေါင်း - ၂၉၈ ယောက်
(၃)
ဒီကဗျာ နှစ်ပုဒ်စလုံး
မလေးရှားကျွန်းဆွယ်ပေါ်
ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့
လင်းလက်တာရာ
18.7.2014
.
(၁)
ကဗျာအမည် - ပျောက်ဆုံးသွားတဲ့ကဗျာ
ကဗျာရေးသားရက် - ၈ ၊ မတ် ၊ ၂၀၁၄
ကဗျာအမျိုးအစား - MH 370
ကဗျာရေးသားသူပေါင်း - ၂၃၉ ယောက်
(၂)
ကဗျာအမည် - ဖျက်ချခံလိုက်ရတဲ့ ကဗျာ
ကဗျာရေးသားရက် - ၁၇၊ ဇူလှိုင် ၊ ၂၀၁၄
ကဗျာအမျိုးအစား - MH 17
ကဗျာရေးသားသူပေါင်း - ၂၉၈ ယောက်
(၃)
ဒီကဗျာ နှစ်ပုဒ်စလုံး
မလေးရှားကျွန်းဆွယ်ပေါ်
ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့
လင်းလက်တာရာ
18.7.2014
Saturday, July 16, 2016
'ကဗျာရှိတယ် ဒါ့ကြောင့် ငါကဗျာရေးတယ်
'ကဗျာရှိတယ် ဒါ့ကြောင့် ငါကဗျာရေးတယ်
ငါကဗျာရေးတယ် ဒါ့ကြောင့် ကဗျာရှိတယ်'
.
စစ်ကြည့်လိုက်တော့ ပထမအရေးအသားနဲ့ ဒုတိယအရေးအသားဟာ ဆွေမျိုးတော်စပ်တယ်
သွေးအုပ်စု တူတာကလွဲရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်နေသဘောထားတွေကွဲလွဲ
ပထမအရေးအသားဆန်မှုဟာ ဒုတိယအရေးအသားဆန်မှုကို ကြိုက်/မကြိုက်
ဒုတိယအရေးအသားဆန်မှုဟာ ပထမအရေးအသားဆန်မှုကို အလိုရှိ/မရှိ
ဘာသာစကားအက်ကွဲကြောင်းကြီးထဲကို တချို့ ခုန်ချပစ်လိုက်ကြပြီး
တချို့ စကားပြေတောအုပ်ထဲ ပြေးဝင်သွားကာ တချို့ ရပ်ကျန်နေခဲ့ကြတယ်
'ကျွန်တော် အသီးအနှံကြိုက်တာ ' နဲ့ ' သူ အသားငါးနှစ်သက်တာ' ဟာ သမီးရည်းစားဖြစ်နိုင်တာပဲ
'အစားအစာ' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်သန်ရာ အဟာရစာသားတွေကို
တန်းစီရေးချလိုက်ပါ ' ဒါမှကဗျာ' နဲ့ 'ဒါ ကဗျာမဟုတ်ဘူး' ကြားမှာ
ကဗျာဖတ်ကျင့်ကို ထွန်ယက်စိုက်ပျိုးနေသူ မြေယာ
မြစ်တွေဟာ ဘယ်ငါးကူးပါ ဘယ်ငါးမကူးပါနဲ့ လို့ ဘယ်တော့မှ ပုဒ်မ မတပ်ဘူး
ငါးဖမ်းပိုက်တွေပဲဖြစ်ဖြစ် အပျော်စီးသင်္ဘောပဲဖြစ်ဖြစ်
စက္ကူလှေကလေးပဲဖြစ်ဖြစ် ပိုးစားသစ်ရွက်ကလေးပဲဖြစ်ဖြစ်
ယုတ်စွအဆုံး ဖိနပ်အပြတ်နဲ့ ခွေးသေကောင်ပုပ်ပဲဖြစ်ဖြစ်
အဲဒီစီးဆင်းမှုမှာ ပါဝင်ပတ်သက်ခွင့် ကိုယ်စီ ကွန်ဆက်တွေနဲ့ 
သာသာယာယာမိုးလေဝသလေးမှာတောင် မုန်တိုင်းကို မွေးမြူနိုင်ခွင့်အပြည့်နဲ့ 
ခင်ဗျား နှုန်းတင်မြေနှစ်တွေပေါ်မှာလည်း မြက်ရိုင်းတွေ ကြည့်ကောင်းပါတယ်
ကျွန်တော့်စိတ်ကို ခင်ဗျားမြက်ရိုင်းတွေနဲ့ အတူ ယိမ်းကြည့်တယ် ပျော်စရာပဲ
မြက်ရိုင်းတွေထဲက မြွေတွန်သံကိုလည်း လက်ခံပေးရမှာပေါ့
စာသားတွေကို ဖျဉ်ချလိုက်တဲ့အခါ ဖျဉ်ပုံ ဖျဉ်နည်းပေါ် မူတည်ပြီး
အဖျင်းအရေအတွက်ကွဲတယ် ခင်ဗျားကျွန်တော့်ကို ဖျဉ်ပါ
ကျွန်တော် အဖျင်းဘယ်လောက်ပါလဲ စိတ်လှုပ်ကစားနည်းတစ်မျိုးပေါ့
စပါးနှံလေးလို ကိုင်းညွတ်ပြထားတာကလည်း သိမှုကိုတည်ဆောက်တာပါပဲ
လယ်ကွင်းတွေပေါ်ပျံသန်းလာတဲ့လေနုအေးနဲ့ စပါးသင်းနံ့ လေး ပျော်ဝင်ရောစပ်သွားတယ်
ကဗျာနဲ့ ကဗျာဖတ်သူတွေ ပျော်ဝင်ရောစပ်သွားတာဟာ သိပ်လှတာပဲ
ခံစားချက်အဟောင်းတွေကနေ ဖြစ်တည်မှုအသစ်ဆီ သွားလို့ ရတဲ့ လမ်း
အဲဒီလမ်းဟာ ဆူးခြုံထူထပ်နိုင်ပါတယ် ရွှံ့ နွံသိပ်သည်းနိုင်ပါတယ်
မာကျူရီမီးတွေထိန်ထိန်ညီးနေတဲ့ ကတ္တရာလမ်းမကြီးလည်း ဖြစ်နေနိုင်ပါတယ်
ကြည့်စမ်း! ပုံသဏ္ဍာန်ပန်းပွင့်တွေ တိမ်လိုတောက်နေလိုက်တာ ချစ်စဖွယ် ဆာရီရယ်မြစ်ဝကျွန်းပေါ်မြို့ကလေး
ပထမအရေးအသားက ဒုတိယအရေးအသားကို လှမ်းဆက်သွယ်နေတယ်
ဒုတိယအရေးအသားက ပထမအရေးအသားကို စကားတွေပြောချင်နေတယ်
တတိယအရေးအသားတွေ အားကောင်းလာမယ့်အကြောင်းလား
လိုင်းကောင်းရင် ကောင်းသလို ………………………………………
လင်းလက်တာရာ
17.7.2014

Saturday, July 9, 2016
ဘန်ကောက်ကငါးတွေ
' ဘန်ကောက်က ငါးတွေ'
.
Tesco မှာ
The Store မှာ
Carrefour မှာ
Walmart မှာ
Supermarket မှာ
ထုတ်ပိုးမှုမျိုးစုံနဲ့ ရေခဲရိုက်ခံထားရတဲ့ ငါးတွေ
အဲဒီငါးတွေကို ဈေးကောင်းပေးဝယ်
အဲဒီငါးတွေကို အရသာရှိရှိချက်ပြုတ်
အဆီယစ်နေတဲ့ အစာအိမ်တွေ ဇိမ်ကျနေပုံ ခုနှစ်သက္ကရာဇ်များ
အဲဒီငါးတွေကို စားရင်း အဲဒီငါးတွေအကြောင်း တွေးဖူးလား
အဲဒီငါးတွေကို စားရင်း အဲဒီငါးတွေရဲ့ နောက်ခံအခင်းအကျင်းကို စေ့ငုဖူးလား
အဲဒီငါးတွေကို စားရင်း အဲဒီငါးတွေရဲ့ လာရာနဲ့ လားရာကို ဇစ်မြစ်ရှာဖူးလား
အဲဒီငါးတွေဟာ ကြမ်းတမ်းခက်ထန်တဲ့ ပင်လယ်ကြီးထဲက လာတယ်
အဲဒီငါးတွေဟာ အော့ဝှစ်ဇ်ငရဲစခန်းနဲ့ တူတဲ့ ငါးဖမ်းစက်လှေတွေဆီက လာတယ်
အဲဒီငါးတွေဟာ ဒုတိယကမ္ဘာစစ်ကသုံ့ ပန်းတွေနဲ့ တူတဲ့ ၂၁ရာစု ခေတ်သစ်ကျွန်စနစ်ဆီက လာတယ်
အဲဒီငါးတွေဟာ လူ့ အခွင့်အရေး တံတွေးထွေးခံထားရတဲ့ လူသားချင်းတန်းတူမညီမှုဆီက လာတယ်
လူဟာ ငါးတစ်ကောင်လို ရောင်းစားခံရ
လူဟာ ငါးတစ်ကောင်လောက်တောင် တန်ဖိုးထားခြင်းမခံရ
လူဟာ ငါးတစ်ကောင်လိုပဲ လွယ်လင့်တကူ သတ်ဖြတ်ခံရ
လူဟာ ငါးတစ်ကောင်ရဲ့ ဖြစ်တည်မှုအောက်ကို လျှောကျ
ခု… ခင်ဗျားတို့ မြိန်ရေရှက်ရေ သုံးဆောင်နေကြတဲ့ ငါးတွေမှာ
လူသားတွေရဲ့ မျက်ရည်ထုထည်တွေပါတယ်
လူသားတွေရဲ့ သွေးချွေးအရင်းအမြစ်တွေပါတယ်
လူသားတွေရဲ့ သယံဇာတအသက်တွေပါတယ်
အမှောင်ကျနေတဲ့ စနစ်ဆိုးကြီးတစ်ခုလည်း ပါသေးတယ်
- လင်းလက်တာရာ
10:7:2014

Saturday, June 18, 2016
သိပ်လှတဲ့ ဇာတ်သိမ်း
သိပ်လှတဲ့ဇာတ်သိမ်း
ညနက်ကြီးထဲ
ဆိပ်ကမ်းတစ်ခုလုံး မီးပျက်နေ
ကမ်းခြေမှာ ကားမီးတွေ ပြိုင်တူထွန်းလိုက်ကြ
ပင်လယ်ထဲ ကမ်းပျောက်နေတဲ့
လူသားချင်းစာနာမှု သင်္ဘောလေးဟာ
အလင်းရောင်ကို မြင်လိုက်ရပြီ
( The Finest Hours ရုပ်ရှင်ခံစားခြင်း)
လင်းလက်တာရာ
18.6.2015

Thursday, June 16, 2016
ထန်း
'ထန်း'
ထန်းဟာ ကဗျာ
' နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ'
(ဝန်ကြီးပဒေသရာဇာ)
ထန်းဟာ သမိုင်း
ဦးအောင်ဇေယျရဲ့ ထန်းလုံးခံတပ်က အအောင်မြင်ဆုံးသက်သေ
ဧရာဝတီ မှာ မေခနဲ့မလိခမြစ်နှစ်မြွှာရှိသလိုမျိုး
ထန်းမှာ ထန်းဖိုနဲ့ ထန်းမ ဆိုပြီး ထန်းနှစ်မျိုး ရှိတယ်
ထန်းမတွေဟာ မိခင်စိတ်အပြည့်နဲ့ 
ထန်းသီးတွေကို ကိုယ်ဝန်ဆောင်တယ်
ထန်းဟာ သန်မာတယ်
တော်ရုံတန်ရုံလောကဓံမုန်တိုင်းလောက်တော့ မမှုဘူး
ခုရေတွင်းတူးပြီး ခုရေကြည်သောက်လို့ မရတာ ထန်းပဲ
ထန်းသီးကို မျိုးယူမယ်ဆိုရင်တောင် တစ်နှစ်ကြာမှ အညှောင့်ထွက်တယ်
ထန်းဟာ ကျန်းမာရေးကောင်းတယ်
အသက် ၁၅၀ လောက်ထိ ဒေါင်ဒေါင်မြည်ပဲ
အပူပိုင်းဒေသတွေကို အရိပ်ပေးဝေသူ မေတ္တာစေတနာရှင် ထန်း
ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို ထိန်းညှိပေးသူ သဘာဝပတ်ဝန်းကျင်သမား ထန်း
သူ့ အင်္ဂါအစိတ်အပိုင်းအားလုံးကို လူသားမျိုးနွယ်တွေအတွက် ပေးဆပ်ထားသူ ထန်း
ထန်းသီး ထန်းမြစ်ကို လူတို့ စားကြတယ်
ထန်းရည်ကို လူတို့ သောက်သုံးကြတယ်
ထန်းလက်ကို အမိုးအကာ၊ ယပ်တောင်၊ ထီး ၊ ခမောက် အဖြစ် အသုံးပြုကြတယ်
ထန်းကြောကို ဖျာ၊ တောင်း၊ ပလိုင်း၊ ဇကော၊ ဇကာ၊ ကုလားထိုင် လုပ်ကြတယ်
ထန်းသားကို အိမ်ဆောက်ကြတယ်
ထန်းညက်၊ ထန်းသီးမုန့် ကို လူတို့ အာဟာရပြုကြတယ်
ကြည့်စမ်း
လူသားတွေအပေါ် ဘယ်လောက်တောင် အကျိုးပြုလိုက်တဲ့ ထန်းလဲ
ခုတော့ အရှင်လတ်လတ် တဝုန်းဝုန်း ခုတ်လှဲခံနေရတဲ့ ထန်းတွေ
ထန်းအနုပညာ၊ ထန်းယဉ်ကျေးမှုတွေပါ ခုတ်လှဲခံနေရတယ်
ခေတ်ကာလကြီးက ထန်းတွေကိုတောင် မကာကွယ်နိုင်တော့ဘူး
ခေတ်ကာလကြီးက ထန်းတွေကိုတောင် မထိန်းသိမ်းနိုင်တော့ဘူး
ခေတ်ကာလကြီးက ထန်းတွေကိုပါ တိုက်စားနေပြီ
မျက်တောင်တစ်ခတ်ကြည့်သူတွေက
ထန်းကို ထင်းအဖြစ်အသုံးပြုကြတယ်
မျက်တောင်နှစ်ခတ်ကြည့်သူတွေကတော့
ထန်းကို အိတ်စ်ပို့ လုပ်ကြတယ်
ဂေဟစနစ်ကြီးကို မျက်စိတဆုံးကြည့်ကြပါ
ထန်းတက်သမားတွေလည်း နိုင်ငံခြားမှာ ကျွန်ခံနေရပြီ
ထန်းပင်တွေလည်း နိုင်ငံခြား ရောင်းစား ခံနေရပြီ
လင်းလက်တာရာ
17.6.2014

Saturday, March 12, 2016
ဒီနှစ်ရဲ့နာမည် ' အနေကျပ်တယ် နေကြတ်တယ် '
ဒီနှစ်ရဲ့နာမည် ' အနေကျပ်တယ် နေကြတ်တယ် '
...............................................................
ဝါးလုံးခေါင်းထဲကနေ လရဲ့ပျိုမျစ်မှုကို ဓာတ်ပုံရိုက်ပြီး
လူမှုကွန်ယက်ပေါ် တင်လိုက်တယ် လူမှုကွန်ယက်တစ်ခုလုံး
လရဲ့ပျိုမျစ်မှုအရည်တွေ တစက်စက်စီးကျသွား
တချို့တွေ လရဲ့ပျိုမျစ်မှုအရည်တွေနဲ့ တွေ့ထိမိပြီး ကိုယ်ဝန်ရသွား
ကဗျာဟာ ယုတ္တိဗေဒကင်းလွတ်ခွင့်ဗီဇာနဲ့ လေယာဉ်ပေါ်တက်သွားတယ်
ကဗျာဓာတ်လိုက်ခံလိုက်ရပြီးနောက် ဦးနှောက်ဟာ
ပုံမှန်အနေအထား ပြန်ရောက်သွားတယ်ဆိုတဲ့ ဆေးစစ်ချက်
မနေ့က အပိုင်းပိုင်းပြတ်ထွက်သွားတဲ့ သက်တံ့လေးကို
ဒီနေ့ အဝေးပြေးလမ်းမရဲ့ပခုံးပေါ်မှာ အကောင်းတိုင်းပြန်တွေ့တယ်
ပင်လယ်ရဲ့အနားသတ်မျဉ်းဟာ ငါ့အိပ်မက်ရဲ့ဝန်ရိုးဖြစ်တယ်
အင်းလေးဟာ ကမ္ဘာကိုတစ်ပတ်ပတ်ပြီး ပုဂံကိုပြန်ရောက်လာတယ်
ပုဂံဟာ သမိုင်းရဲ့ဥခွံထဲကနေ နေလုံးနီနီကို ဘိလိယက်လှမ်းထိုးတယ်
မဲဇာတောင်ခြေကို Google မှာ ကလစ်ကြည့်တော့ လက်ဝဲသုန္ဒရတွေ အလျှိုလျှိုပေါ်လာတယ်
' လူကိုခွေးသတ်လေခြင်း' ဟာ ရိုးတွင်းချဉ်ဆီထဲက ဘာသာစကားဖြစ်တယ်
ဘာသာစကားရဲ့မီးတောင်ထဲက ပွင့်ထွက်လာတဲ့ချော်ရည်ပူတွေဟာ ကဗျာဖြစ်တယ်
သဘာဝဘေးရဲ့ပွဲတော်အုပ်ထဲမှာ 'ငါ' များစွာသောဟင်းလျာတွေ ပလုံစီနေတယ်
ဖြစ်ပျက်မီးရှူးမီးပန်းတွေ သေခြင်းတရားရဲ့ပြောင်မြောက်တဲ့ ဖီလိုဆိုဖီတွေ
' သိပ်ကိုနာကျင်ဖို့ကောင်းတာပဲ' ဟာ လူ့အဖွဲ့အစည်းရဲ့
စိတ်အရေပြားပေါ်က ပို့စ်မော်ဒန်တက်တူးဖြစ်တယ်
သူ့ 'အလင်း' ကို အလံဖြူတင်လိုက်တာ ငါတွေ့သလို
ငါ့ 'အလင်း' ကို အလံဖြူတင်လိုက်တာလည်း သူတွေ့မှာပါ
စိတ်စီးကြောင်းအတိုင်း အိမ်ရှိရာ မျောနေတဲ့ တိမ်တွေ
သိမှုလွန်နယ်မြေထဲမှာ စာသားတွေ ရွေ့နေတယ်
နေ့စဉ်ရှင်သန်ခြင်းဟာ ဘဝရဲ့စုပ်ဝဲမှုတ်ဝဲတွေထဲ ချာချာလည်နေတယ်
သူမရဲ့ လက်ယက်တွင်းထဲက စိမ့်ထွက်လာတဲ့ ရေနောက်လေးဟာ ကျွန်တော်ဖြစ်တယ်
ဥာဏ်ပညာနဲ့ စစ်ထုတ်လိုက်တဲ့ သန့်စင်မှုများ
ချစ်ခြင်းတရားနဲ့ စစ်ထုတ်လိုက်တဲ့ စစ်ပွဲများ
မီးဘေးထဲ မလောင်မကျွမ်းဘဲအကောင်းတိုင်းကျန်ရှိနေတဲ့ မွေးခွန်းများ
သွေးအမျိုးအစားမရွေး လာလာတွယ်စုပ်နေတဲ့ မျှော့နက်မည်းကြီးဟာ မျက်ရည်ဖြစ်တယ်
ဆင်ဖြူဟာ စစ်ကိုစီးလာခဲ့ပြီး စစ်ဟာ ခပ်ညံ့ညံ့ဘုရင်တွေကို စီးခဲ့တယ်
မီးထဲနေထိုင်ခြင်း၌ မွေ့လျော်နေသော ငါသူတပါးယောက်ျားမိန်းမများ
အတ္တတွေကသာ ဘဝရဲ့ရေသောက်မြစ်ကို ခန်းခြောက်စေခဲ့တာ
ဖားကန့်ဟာ နိုင်ငံတော်ရဲ့ ပါးချိုင့်တွင်းနက်နက်ဖြစ်ခဲ့ပြီ
ဝဋ်တွေဟာ ရိုလာကိုစတာလို လည်နေတယ်
ကောင်းလား စီးလို့
လင်းလက်တာရာ
13.3.2016

Tuesday, February 23, 2016
ဘဝအင်ဂျင်ထဲက တစ်စစီပြုတ်ထွက်ခဲ့တဲ့ ဖြစ်တည်မှုပီနီယံ အစိပ်အပိုင်းတွေ '
'ဘဝအင်ဂျင်ထဲက တစ်စစီပြုတ်ထွက်ခဲ့တဲ့ ဖြစ်တည်မှုပီနီယံ အစိပ်အပိုင်းတွေ '
၁။
(ရန်ကုန်ခါးခါး)
သူ့ခြေထောက်ကြမ်းကြမ်းကြီးတွေနဲ့ ငါ့ရင်ဘတ်ကိုပြေးပြေးကန်တယ်။ အကြိမ်ကြိမ်။
သိမ်ငယ်စိတ်က မလိုအပ်ဘဲ ဘရိတ်ခဏခဏအုပ်မိ။ နားနဲ့မနာ ဖဝါးနဲ့နာပါ။
တင်ကအစအတုရှိတယ်။ အချစ်ကိုတူးဖော်ကြည့်ဖို့ ပိုက်ဆံမရှိသေးပါ။
တရားကျစရာ။ စပယ်ယာကအစ လောဘကြီးတယ်။ အဟောင်းဆိုင်လေးထဲက
ဂျင်းဘောင်းဘီလေးတစ်ထည်ဟာ လှရဲ့။ လမ်းဖြတ်ကူးဖို့ အသက်ဓာတ်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ရတယ်။ တစ်ယောက်တည်းကျပ်နေလို့ ဟိုဘက်နည်းနည်း
တိုးပါဦးဆိုတဲ့မြို့ပြ။ ကာဗွန်ဒိုင်အောက်ဆိုဒ်အထပ်ထပ်နဲ့ ဝမ်းရေနက်နက်တောမြိုင်လည်။
လူတွေပြောပြောနေတဲ့ ထပ်ခိုးလေးရဲ့တန်ဖိုး။ အိပ်မက်တွေ တရေးနိုးရလေတယ်။
၂။
( လွင့်နေတဲ့လေ )
ရင်ချင်းဆက်ခဲ့တာတောင် ရက်ရက်စက်စက်သွေးကွဲခဲ့တယ်။ မြို့ကလေးနဲ့ ငါ။
စစ်မြေပြင်နဲ့စစ်သားလို ၊ တောင်နဲ့တောင်တက်သမားလို ၊ ငါနဲ့လောကဓံ ၊ ငါနဲ့
အောင်မြင်မှု ၊ ငါနဲ့ မိုက်မဲခြင်း။ ဘဝရဲ့အဆန်တရားမှာ ဘယ်ရထားကိုမှ အချောင်
မစီးခဲ့ဘူး။ ငါဟာလူငယ် ၊ အန္တရယ် ကို လွယ်တယ်။ အခက်အခဲကိုကြိုက်တယ်။
လူအဖြစ်ရဲ့ဒုလဘ္ဘကို ခေတ်ကြီးထဲ ရဲရဲပွင့်သူ။ သေကြည့်တယ်။ တီးတိုင်းမမြည်တဲ့
ဗုံစိမ်းဟာ အနုပညာလို့ သေသေချာချာ သေကြည့်ခဲ့တယ်။ ကျည်ကာမပါတဲ့
ပစ္စုန်ပ္ပန်ကိုမှ လူမှု့ စစ်ပွဲမှာ ဝတ်ဆင်ခဲ့ရပါတယ်။ လောကကြီးကို မာနအလွင့်ကလေးနဲ့
ရွဲ့စောင်းမိခဲ့သမျှ။ဝမ်းနည်းတယ်။ ငါပစ်ခဲ့တဲ့ခဲဟာ ငါ့မိသားစုကိုမှတည့်တည့်ကြီး။
၃။
( စုထားတဲ့မျက်ရည် )
ဖတ်လက်စမြို့ပြကို ပိတ်ပြီး သောက်လက်စကဗျာကို မော့ချလိုက်တယ်။ ဘဝပင်လယ်။
ခေတ်မရွေးတဲ့ ခေတ်ပြိုင်မုန်တိုင်းများ၊ ပို့စ်မော်ဒန်သဘာဝဘေးအန္တရာယ်များ။
Edvard Munch ရဲ့ အော်သံကို မိတ္တူဆွဲထားတဲ့ကမ္ဘာကြီး။ ကမ္ဘာကြီးကို မတ္တူဆွဲထားတဲ့
Edvard Munch ရဲ့ အော်သံ။ ရင်ဘတ်ထဲမှာ ဗလာအရောင်တွေများလာတယ်။
မိသားစုဟာ ဗလာအရောင်။ ရေးနေကျ ဘော့ပင်န်လေးလည်း မင်ကုန်လို့။ ဝတ်နေကျ
ဂျင်းဘောင်းဘီလေးလည်းပြဲလို့။ စိတ်မြစ်တွေ နစ်သထက်နစ်လာ။ စိတ်နွံတွေ
ထူသထက်ထူလာ။ စိတ်ညတွေ နက်သထက်နက်လာ။ ဒီအချိန် အမေ့အိမ်ဟာ
မီးမှိန်မှိန်လေးနဲ့ပဲလား။ ခေါင်းလောင်းသံကြားမှ အဖြူအစိမ်းဝတ္ထုလေးကို သတိရတယ်။
ဘာရယ်မဟုတ် စိတ်ကူးတွေ ခလုတ်နှိပ်လိုက်မိတယ်။
၎။
( နီယွန်ရောင်ဟွန်းမျောရှည် )
အမှားအယွင်းဆန်မှုကပဲ ငါ့ကိုတယောထိုးနေလေတော့တယ်။ တစ်ကိုယ်တော်ရာသီ။
တိမ်တွေရဲ့နောက်မှာ လေတွေပါသွားသလား။ လေတွေရဲ့နောက်မှာ တမ်တွေပါသွားသလား။
ငယ်အိပ်မက်တွေကပဲ ငါ့ကို ရှော့ခ်ခဏခဏရိုက်တယ်။ နှစ်ကာလများရဲ့ အနှစ်သာရအောက်
ပျောက်ရှသွားတဲ့မြေနီလမ်းကလေး။ အဝေးပြေးလမ်းမရဲ့ ဘီးတွေဟာ ငါတို့လား။
နားထဲမှာ အုန်းမောင်းခေါက်သံတွေ ခဏခဏမြည်တယ်။ စပါးသင်းရနံ့မွှေးနေတဲ့
လေညှင်းလေးကို ခဏခဏ ဆာတယ်။ အဖေမပါလို့ မစားဖြစ်ခဲ့တဲ့ ထမင်းဝိုင်းကလေး၊
အောင့်မေ့ဖွယ်။ သတိ/ ကူးစက်လွယ်သည်။ ပုံ/ ချစ်မေတ္တာ။ လွမ်းရင်ကဗျာရေးတယ်ဆိုတဲ့
သူငယ်ချင်းလည်း လွမ်းလို့ ကဗျာမရေးတော့ဘူး။ တစ်ခါတခါ ကိုယ့်ကိုယ်ကိုယ်
ရှို့ပစ်လိုက်ချင်တဲ့ပင့်သက်။ 'မြို့ကြီးပြကြီး' ဆိုတဲ့ကွန်ကရစ်တောနက်ကြီးထဲ ကျွန်တော်
ရေငတ်တယ် မေမေ။
၅။
( ဘဝကို ရင်ဘတ်နဲ့ထိန်းပြီး ကန်တဲ့နေ့တွေ )
ဒုက္ခတရားနဲ့ သစ်စေးသုတ်ထားတဲ့ ကွင်းပြင်ခြောက်ကြီး။ မြောက်ပြန်လေတွေ ပြန်စာမလာတော့မှန်း
ကောင်းကင်က ကြက်မတစ်ဝပ်စာတောင် မျက်စပစ်မပြဘူး။ အရိပ်တွေက အကန့် အသတ်မရှိ
ခွင့်ယူထားတုန်း။ ဘယ်တော့ တောအုပ်လိုစိမ်းလန်းမလဲဆိုပြီး ကန္တာရ ကို ခေါင်းခုန်ခုန်တိုက်။
အလဲလဲအကွဲကွဲ အဝေးကွင်းတွေ။ ခါးတူးနေတဲ့ တန်းဆင်းဇုန်တွေ။ လက်ခုပ်သံတွေဟာ
ငါ့အတွက်မဟုတ်ခဲ့ဘူး။ ငါ့မှာနေလောင်တံဆိပ်နဲ့ ဦးထုပ်တစ်လုံးရှိတယ်။ ငါ့မှာ ချွေးထွက်လွန်
နေ့စွဲတွေရှိတယ်။ အဘွားက ကျန်းမာရေး ဂရုစိုက်တဲ့။ အမေက ဖုန်းမကြာမကြာဆက်တဲ့။
ငါက ပိုက်ဆံခဏခဏ ပြတ်တယ်။ ရရစားစားဝါးဝါးမြိုမြိုတွေ။ ရေလိုဝယ်သောက်ရတဲ့
အဆင်မပြေမှုတွေ။ ငွေလိုတန်ဖိုးရှိတဲ့ရောဂါတွေ။ မိုးဦးလေသံတွေကြားတိုင်း မိုးလုံလေလုံတွေ
အားကျတယ်။ စိတ်တစ်ခြမ်းက လယ်ခင်းထဲလေချွန်မိတဲ့အခါ၊ နောက်စိတ်တစ်ခြမ်းက
ဘက်စ်ကားထဲ ပင့်သက်မှုတ်မိတဲ့အခါ ရေးလက်စကဗျာတစ်ပုဒ်ဟာ ပျက်ကျသွားတော့တယ်။
၆။
( ရင်ခြစ်ရာတွေ )
နေရောင်ကို ကျောမှာစိုက်တာတောင် ဘာအပင်မှမပေါက်ဘူး။ မိုးဥတုမှာ မိုးအတုတွေ
သည်းလွန်းတယ်။ မျက်ရည်ရောင်းတဲ့ ရေခဲချောင်းသည်လေနဲ့တိုက်မိ။ ရယ်လိုက်ရင်
ထွက်ထွက်လာတဲ့ လူ့အဖွဲ့အစည်းရဲ့အစွယ်များ။ ရောင်းအားကောင်းနေတဲ့ ကိုယ်ကျိုးကြည့်
ဒီဇိုင်းမျိုးစုံ။ မြင်ကွင်းတွေ ဝါးဝါးလာ။ ကိုယ့်ဒီဂရီနဲ့ကိုယ် အနီးမှုန်/အဝေးမှုန်နေကြသူများ။
ငှက်ပျောပင်ဟာ ငှက်ပျောခိုင်ကြောင့်အပိုင်းခံရသလိုမျိုး ခန္ဓာအပင်ပေါက်ဗေဒ။
အမြဲနေတဲ့အိမ်ဟာ သံသရာပေါ့။ ခွေးလေခွေးလွင့် ၊ လူလေလူလွင့်၊ စိတ်လေစိတ်လွင့်များ။
လစ်တာနဲ့ ဝင်လာကြတော့တာပဲ လက်မည်းကြီးတွေ။ ညှော်နံ့၊ ဆိုးဆေး၊ ဘေးထွက်ဆိုးကျိုး၊
ဟွန်းသံ၊ လူမှုဆက်ဆံရေး၊ ဂျင်းပင်န်ယဉ်ကျေးမှု၊ မိတ်ဆွေအတု၊ ထောင်ချောက်အစစ်၊
ကူးစက်ဗိုင်းရပ်စ်၊ ဂလိုဘယ်လ်၊ ဆိုရှယ်၊ ကီးအမျိုးမျိုးနဲ့ အခိုးအငွေ့။ ရှေ့မှာကွေ့ရှိသည်။
ဝါစိမ်းနီဖက်ရှင်။ ပန်းသီးကဓားသွားကိုမျှားတယ်။ ဒီနေ့က မနက်ဖြန် ကို မျှားတယ်။
ငွေကြေးကလူကို မျှားတယ်။ လူဟာ မျှားလို့အကောင်းဆုံးငါး။ တစ်ဘဝလုံး မျှားထားခဲ့တဲ့
အိပ်မက်တွေ ပုပ်သွားတယ်။ တစ်ဘဝလုံးမျှားထားတဲ့ မျှော်လင့်ချက်တွေ ပုပ်သွားတယ်။
ပြဇာတ်ကပါးပါး မျက်ရည်ကထူထူ။
၇။
(ပွက်ပွက်ဆူနေတဲ့ညနေ)
ရောက်နေတဲ့သက္ကရာဇ်ကနေ ရွေ့နေတဲ့ဘဝကို ဖီးသင်ချလိုက်တယ်။ ခရီးမိုင်တွေ
တစ်ထွေးကြီး။ ဆံပင်တွေကျွတ်သလိုမျိုး တစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်သွားတာ။
သီချင်းကမဆုံးသေးဘူး ဘတ္တရီကဒေါင်းသွားတာ။ ကိုယ့်ရှင်သန်ခြင်းကို ကော်ဖီလိုဖျော်ပြီး
တစ်ပါးသူကို ဧည့်ခံမိတာ။ ဝန်ရိုးစွန်းဆန်တဲ့ အထီးကျန်မှုမှာ တစ်ကိုယ်ရေအေးခဲနေတာ။
အိမ်ပြန်ချိန်စာသားဟာ လမ်းခုလတ်မှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားတာ။ ရှင်လျှက်သေနေတဲ့
နာမည်တွေ ပိုမိုထူထပ်လာတာ။ စိတ်မီးတောင်။ ကိလေသာချော်ရည်ပူများ။ ပါးစပ်ပြဲပြဲနာရီတွေကပဲ
အမြည်းတစ်တုံးလို လူတွေကို ရယ်ရယ်မောမော စားသုံးသွား။
၈။
( ဖြတ်လျှောက် )
တစ်ဖက်စောင်းနင်းများ။
ပြီးတော့ နောက်ထပ် တစ်ဖက်စောင်းနင်းများ။
ချစ်စွာသော ဆောင်းနှင်းပွင့်လေးရေ...
အကောင်းစားလရောင်က ငါတို့ အိမ်ခေါင်မိုးပေါ် မရွာခဲ့ပါဘူး။
နွေလယ်နေ့ခင်းရဲ့သစ်ကိုင်းခြောက်ကျိုးသံဟာ ငါတို့ ပဲ။
ဘဝက တစ်မတ္တာ သီချင်းကိုဆိုတော့ ငါတို့က ရေဗွက်ပမာဗုံတွေတီးတယ်။
အားလုံးဟာ အမှုန်အမွှားပဲ။
စားမိတဲ့အသားက အရိုးစူးပြီး
လွှတ်ခဲ့တဲ့ငါးကိုတော့ သေခြင်းတရား က မျှားသွားတယ်။
'နေ့စား' တစ်ယောက်လို ကိုယ့်ကိုယ့်ကိုယ် မပိုင်တော့ဘူး။
လေထဲ သစ်ရွက်ကလေး ဝဲပျံသွားပုံ။
ဒါလေးပဲ။
၉။
ငါ့မှာ ရန်ကုန်ခါးခါး ရှိခဲ့
ငါဟာ လွင့်နေတဲ့လေ
ငါ့မှာ စုထားတဲ့မျက်ရည်တွေ အများကြီး
ငါဟာ နီယွန်ရောင်ဟွန်းမျောရှည်
ငါဟာ ဘဝကို ရင်ဘတ်နဲ့ထိန်းပြီး ကန်ခဲ့ရ
ငါ့မှာ ရင်ခြစ်ရာတွေ ဗရပွ
ပွက်ပွက်ဆူနေတဲ့ ညနေထဲ
ငါဟာ ဖြတ်လျှောက်မျှပါပဲ
- လင်းလက်တာရာ
23.2.2016

Friday, February 19, 2016
'ခင်ဗျားတို့ ရှို့လိုက်တဲ့တောမီးက ကျွန်တော့်စိတ်ကူးထဲက တောအုပ်လေးကို မလောင်ကျွမ်းနိုင်'
'ခင်ဗျားတို့ ရှို့လိုက်တဲ့တောမီးက
ကျွန်တော့်စိတ်ကူးထဲက တောအုပ်လေးကို မလောင်ကျွမ်းနိုင်'
ဘာသာစကားရဲ့လျှပ်စီးပတ်လမ်းကြောင်းမှာ ကဗျာဟာစီးနေတယ်
ရွေ့ နေတဲ့ တိမ်တွေကို အိမ်မက်ထဲထည့်ပြီး ပိတ်လိုက်တယ်
အိပ်မက်ပါတရွေ့ရွေ့ ပျံသန်းသွား
စိတ်နဲ့ရေးတဲ့မင်တွေ အရာထင်ခဲ့ရုံမက ဖျက်လို့တောင်မရခဲ့
ရွှေမြို့တော်ကြီးဟာ ခြတောင်ပို့ကြီးလိုတမြေ့မြေ့ တစ်စပြင်လိုတိတ်တိတ်ဆိတ်ဆိတ်
သက်တံ့ဟာ ရုတ်တရက်ကိုယ်ရောင်ဖျောက်ပစ်လိုက်ပြီး
သူမဆံနွယ်တွေပေါ် စကားပန်းလေးအဖြစ်လာပွင့်ပြနေတယ်လို့ရေးပြီး လုံးချေမိ
ချစ်ခြင်းမေတ္တာရဲ့မြေဆီလွှာဟာ ငါ့အမြစ်တွေဆီ မလာတော့
ငါအမြစ်တွေကပဲ ချစ်ခြင်းမေတ္တာရဲ့မြေဆီလွှာဆီ သွားရတာပေါ့
အရွက်တဖားဖားနေ့ရက်တွေ အလဟဿ ကြွေကျခဲ့ရပါတယ်
ပျော်စရာထုတ်လုပ်ဖြန့်ဖြူးရေးဒေါ့ကွန်းမှာ ငါနဲ့တော်တဲ့ဒီဇိုင်းရှာမတွေ့ဘူး
ကွက်လပ်အကြီးကြီးထဲမှာ ကွက်လပ်သေးသေးလေးတွေအပြည့်
ကိုယ်တိုင်ကွက်လပ်ဖြစ်ရတဲ့ အရသာ
ငိုချင်းရှည် wi-fi ကို ကပ်သုံးနေတဲ့သူတွေ တော်တော်များတဲ့မြို့ပြ
သမိုင်းတစ်ခုနဲ့တစ်ခု အကူးမှာ နိုင်ငံတော်ကြီး လက်ပစ်ကူးနေ
လောက်တက်နေတဲ့လုပ်ဇာတ်မှာ မိန့်ခွန်းအပုပ်အစပ်တွေ
ဖြစ်ရပ်မှန်ဟာသတွေဟာ အဆီရွှဲနေတဲ့ပါးစပ်ထဲဝင်သွားတယ်
ပါးစပ်ထဲမှာ ဘူဒိုဇာတွေအပြည့်နဲ့ ကျောက်စိမ်းတွင်းကြီး
နေတွေခြစ်ခြစ်တောက်ပူနေတဲ့ ကားလိပ်ကြီးကျလာတယ်
မိုးတွေသဲသဲမဲမဲရွာနေတဲ့ ကားလိပ်ကြီးကျလာတယ်
နှင်းတွေတဖွဲဖွဲကျနေတဲ့ ကားလိပ်ကြီးကျလာတယ်
အဲဒီကားလိပ်ကြီးသုံးလိပ်ကြားထဲ လိပ်လိပ်ပြီးပါသွားကြ တလိမ့်ခေါက်ကွေး
အညံ့ဆုံးဆက်သွယ်ရေးဆိုတာ
သေနတ်ပြောင်းဝတွေကနေ အသက်ဇီဝတွေဆီ ဆက်သွယ်ခြင်းပဲ
မျက်ရည်တံတားကို တည်ဆောက်ခဲ့ကြသူများ
မျက်ရည်တံတားပေါ် ဖြတ်လျှောက်ခဲ့ကြသူများ
မျက်ရည်တံတားရဲ့ဟိုဘက်မှ ရှု့မျှော်ခင်းများ
မျက်ရည်တံတားရဲ့ဒီဘက်မှ ဘဝများ
မျက်ရည်တံတားပေါ် ပန်းလေးတစ်ပွင့်ပွင့်နေပုံများ
မျက်ရည်တံတား ကျိုးကျသွားပုံများ
ကဗျာတစ်ပုဒ်ဟာ လူ့အဖွဲ့ အစည်းထဲမှာ ပိတ်မိနေ
တခြားကဗျာတစ်ပုဒ်ကတော့ လူ့အဖွဲ့အစည်းထဲကနေ လွတ်မြောက်နေ
ဘာသာရေးလူမျိုးရေးမြစ်ကြီးထဲ လူတွေအစုလိုက်အပြုံလိုက်ကြီး မျောပါနစ်မြုပ်နေ
ပင်လယ်ဓားပြတစ်ယောက်ရဲ့ အိပ်မက်ဟာ ရတနာသိုက်ပဲ
ကလေးစစ်သားလေးတစ်ယောက်ရဲ့အိပ်မက်ရွက်သစ်လေးမှာတော့ ပိုးစာပေါက်တွေ
အာဏာရှင်လမ်းမကြီးပေါ်မှာ လူ့အခွင့်အရေးတွေ တစ်စီးပြီးတစ်စီး တိမ်းမှောက်နေ
' မင်း ငါ့ကို ခိုးယူသွားခဲ့တယ်
ငါ့ကိုယ်ငါပြန်ယူဖို့ ဒီကိုရောက်လာတာ' ဆိုတဲ့ ဂျက်စပဲရိုးဟာ ငါတို့နဲ့ခပ်ဆင်ဆင်
လူတွေက ငါးမန်းသားစားတယ်
ငါမန်းတွေက လူသားစားတယ်
သဘာဝတရားကြီးဟာ ချစ်ဖို့ကောင်းပါတယ်
ကမ္ဘာကြီးရေ ကက အာကာသကြီးရေ ကက
အိပ်ရာဝင်ပုံပြင်တွေမှတဆင့် ကွန်တမ်ပိုရာရီခေတ်ပြိုင်ဆီ
' ဒီချောက်ကြီးထဲ ခုန်ချလိုက်ရင် ရန်ကုန်ကိုရောက်မှာလား '
ဝါကျရှည်ကြီးတစ်ကြောင်းဟာ လည်ပင်းမှာလာပတ်နေ
အောက်ဆီဂျင်အသစ်တွေလိုချင်လို့
'ပြည်သူလူထုဟာ စောက်ချဉ်မဟုတ်ဘူး' ဆိုတဲ့သစ်ပင်တွေ စိုက်ခဲ့ကြတာ
နှစ်ရှည်လများ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်ကို
လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားကနေ အရှင်လတ်လတ်ကယ်ထုတ်ခဲ့ကြတာ
ကဗျာရဲ့လျှပ်စီးပတ်လမ်းကြောင်းမှာ ဘာသာစကားဟာစီးနေတယ်
လင်းလက်တာရာ
20.2.2016

Monday, February 8, 2016
ရွှေ့ပြောင်းအလုပ်သမားများ
' မင်းဒုက္ခတွေက မင်းအနားမှာ ပတ်ချာဝိုင်းနေတော့
မင်းကိုတောင် မမြင်ရတော့ဘူး '
' မင်းလည်းဘာထူးလို့လဲ
မင်းကိုယ်ပေါ်မှာ ဆူးတွေချည်းပဲ '
ငါတို့အသံကို ငါတို့နိုင်ငံက ကြားပါစ
လင်းလက်တာရာ
8.2.2016
သံလိုက်အိမ်မြှောင်
သံလိုက်အိမ်မြှောင်
.......................
မြောက်အရပ်ကို ညွှန်မပြဘူး
မြောက်အရပ်မှာ မိသားစု ချစ်ခြင်းတရားနဲ့ ပွဲတော်တွေ ရှိမရှိ သူမသိ
တောင်အရပ်ကိုလည်း ညွှန်မပြဘူး
တောင်အရပ်မှာ ငွေကြေး ဘုရားသခင်နဲ့ စစ်ပွဲတွေ ရှိမရှိ သူမသိ
အရှေ့အရပ်ကိုလည်း ညွှန်မပြဘူး
အရှေ့အရပ်မှာ ရတနာသိုက် အသားစားသတ္တဝါများ နဲ့ သုခဘုံ ရှိမရှိ သူမသိ
အနောက်အရပ်ကိုလည်း ညွှန်မပြဘူး
အနောက်အရပ်မှာ မသေဆေး အငတ်ဘေးနဲ့ သေခြင်းတရား ရှိမရှိ သူမသိ
အရပ်ရှစ်မျက်နှာစလုံး ညွှန်မပြဘူး
အရပ်ရှစ်မျက်နှာမှာ ဘာတွေ ရှိမရှိ သူမသိ
သူဟာ ရိုးရိုးသားသား သံလိုက်အိမ်မြှောင်အစုတ်ကလေးပါပဲ
ကမ္ဘာကြီးမှာတော့ အရပ်မျက်နှာအမှားကြီးပေးတတ်တဲ့ သံလိုက်အိမ်မြှောင်တွေအများကြီး