ပင်လယ်ကူးသဘောင်္ရဲ့ဥဩသံတွေ ကို
စာကြည့်စားပွဲပေါ် အစီအရီတင်ထားလိုက်မိတဲ့အလွမ်းတွေ
ကိုးလွှာက ပြုတ်ကျလာတဲ့ အိမ်ပြန်ချိန်ကို အထိတ်တလန့်  မော့ကြည့်လိုက်မိ
မျက်လုံးထဲဝင်သွား ပြန်ထွက်မလာတော့
ငါကိုယ်တိုင် ကိုးလွှာကပြုတ်ကျလာတဲ့ အိမ်ပြန်ချိန် ဖြစ်သွား
သစ်ရွက်အတုလေးကတော့ အမြဲတမ်းအစိမ်းရောင်
ငါ့မှာတော့ ၁၂ရာသီလုံးလုံး ကိုင်းခြောက်
လူတဲ့ ၂၄နာရီလည်ပတ်နေတဲ့ စက်ရုံတွေလို မီးခိုးတလူလူ
လေအေးပေးစက်ဟာ စိတ်အပူချိန်ကို လျှော့မပစ်နိုင်
လမ်းညွှန်ဆိုင်းဘုတ်တွေဟာ ဘဝရဲ့ အစိပ်အပိုင်းတချို့ကို
အတင်းအဓမ္မ တင်ဆောင်ခုတ်မောင်း ကန်ချသွားကြ
ပျော်စရာလား သူ အော့အန်နေတယ်
သစ်သီးပုပ်လိုခရီးကို တစ်ခါလောက်တော့ ဖျော်သောက်ဖူးကြမှာပဲ
သွားကြားထိုးတံလေးရဲ့ သူ့တောအုပ်ကို အော်ခေါ်နေသံ ငါကြားတယ်
သစ်ခေါက်လို ပင်စည်နဲ့ ပဲ့ထွက် ဝေးကွာခဲ့ရတာချင်း လက်ဆွဲနှုတ်ဆက်မိကြတယ်
ပိတ်ရက်ထဲမှာ ပိတ်မိနေတဲ့စိတ် ကဗျာနဲ့ ဖွင့်မှ ပွင့်မယ့်ဂူလို ငူငူကြီးထိုင်လို့
ငါက လောကဓံကို ဘောလုံးလိုကန်လိုက်
လောကဓံက ငါ့ကို ဘောလုံးလိုကန်လိုက် နဲ့
ငါနဲ့လောကဓံ သူတစ်ပြန်ကိုယ်တစ်ပြန်ဂိုးသွင်းနေကြတယ်
ချစ်ခြင်းမေတ္တာရဲ့လက်ခုပ်သံကြားမှာ ငါဟာ လက်ခုပ်ပန်းလေးလိုပွင့်လို့ဝေလို့
အရူးကြီးတစ်ယောက်လို စိတ်ဖောက်ပြန်နေတဲ့ နွေဟာ
ဆောင်းကို တကြော်ကြော် အော်ခေါ်နေတယ်
ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ မမြင်ရတဲ့ ကမ္ဘာတစ်ခုခြားနေတယ် နှင်းရေလို့
နေရောင်ခြည်လေးက မျက်ရည်ကျပြနေတယ်
ဇာတ်နာတွေကို လူ့အဖွဲ့အစည်းထဲကနေ ဘူဒိုဇာနဲ့ကော်ထုတ်လို့မရသေး
ိအိပ်မက်အသေတွေနဲ့ ညဟာ တီကောင်လို လူးလူးလွန့်လွန့်
ဆာရီရယ်ဆန်ဆန်ဒုက္ခမိုးသားတွေ ကျည်ဆံလိုရွာတဲ့နေ့က
နင့်အပြုံးဒိုင်းလေးနဲ့ ငါကရှင်သန်ခဲ့ရတာ
လူတစ်ယောက်က လူတစ်ယောက်ကို ပိုးမွေးသလိုမွေးတယ်
လူတစ်ယောက်က လူတစ်ယောက်ကို ငါးမျှားသလိုမျှားတယ်
ရုပ်သေးမြို့တော်ကြီးမှာ ခင်ဗျားလည်းရုပ်သေးတစ်ရုပ်ပါပဲ
ကျွန်တော်တို့အတူတကွ ကပြဖျော်ဖြေနေကြ
အဲဒီအနုပညာဆိုတာကြီးကို ထက်ခြမ်းခွဲကြည့်
အထဲမှာ ဘာမှမရှိဘူး ဆိုတဲ့ရယ်သံအက်အက်ကြီး
ပိတ်လှောင်မွန်းကြပ်နေတဲ့နေ့ရက်တွေမှာ
ဟာသဟာ အောက်ဆီဂျင်လို လိုအပ်ပါတယ်
သူမရဲ့သဲကန္တာထဲ မျက်ရည်နဲ့ကဗျာတွေ သွန်နေမိတာ
ဆင်ခြင်တုံတရားနဲ့ ချောက်ကမ်းပါး အလယ်မှာ ငါဟာ ကြိုးတန်းလမ်းလျှောက်
ကြယ်ငါးလေးတွေကောက်ဖို့် ကမ်းခြေကိုသွားသူ လူငယ်တစ်ယောက်
ကိုယ့်ကိုယ်ကိုယ်ကောက်ပြီးပြန်လာတယ်
ပင်လယ်ကြီးတစ်ခုလုံးကို အတွေးထဲ အလုံပိတ် ထည့်လွယ်လို့
အတွေးထဲကနေ ပင်လယ်ကြီးဟာ တစိမ့်စိမ့်ယိုကျလို့
ကျေးဇူးပါ ချစ်ခြင်းမေတ္တာ
ငါ့ဆည်းဆာမှာ နင် နေမဝင်ခဲ့တဲ့ ညနေတချို့အတွက်
လင်းလက်တာရာ
12.10.2016
No comments:
Post a Comment