Tuesday, October 25, 2016

ဇာတ်လမ်းဇာတ်ကွက်တွေဟာ ပွင့်ဖတ်တွေပေါ့ ရနံ့ က Theme ပန်းပွင့်ပုံကို အနှေးပြကွက်နဲ့ ရိုက်ပြလိုက်တာက Art'

ဇာတ်လမ်းဇာတ်ကွက်တွေဟာ ပွင့်ဖတ်တွေပေါ့ ရနံ့ က Theme
ပန်းပွင့်ပုံကို အနှေးပြကွက်နဲ့ ရိုက်ပြလိုက်တာက Art'

.

(A)
လွတ်လပ်ခြင်းတက်တူးနဲ့ အိမ်ပြေးလူငယ်လေးတစ်ယောက်
ဘီယာပုလင်းကို ဖောက်လိုက်တယ်
ညစ်နေတဲ့ စိတ်နဲ့ အမြည်းတစ်ဖတ်ကို လောကဓံလို့  သဘောထား အံကြိတ်ဝါးလိုက်တယ်
ငြီးငွေ့ စရာကောင်းတဲ့ သတင်းချန်နယ်ကိုတော့ ရီမုတ်နဲ့ ပြောင်းပစ်လိုက်တယ်။

(B)
သမီးနာမည်ဘယ်လိုခေါ်လဲ
ရွှေစင်မြင့်မြတ်ပါ အန်တီ
အသက်ကရော
၇ နှစ်ပါ
ဒီချန်ပီယံလေးများ အစီအစဉ်မှာ ချန်ပီယံဖြစ်ခဲ့ရင် ဘာပစ္စည်းလိုချင်လဲ သမီး
TV
အိမ်မှာ TV မရှိလို့ လား
ရှိပါတယ် ၃ လုံးတောင်
၃ လုံးတောင် ရှိတာပဲ ဘာဖြစ်လို့ TV ကို လိုချင်ရတာလဲ
အိမ်မှာ မိသားစု ၄ ယောက်ရှိတယ်လေ
သမီးကြည့်ချင်တဲ့ လိုင်းကို သီးသန့် ကြည့်ချင်လို့ 
( ဒါပေမယ့် ကလေးမလေးဟာ ပြိုင်ပွဲမှာ ရှုံးသွားတယ်)

(C)
နာမည် ဘယ်လိုခေါ်လဲ သမီး
ဖြူစင်ဝင်းပါ အန်တီ
အသက်ကရော
၅ နှစ်ခွဲပါ
တကယ်လို့ ချန်ပီယံဖြစ်ခဲ့ရင် ဘာပစ္စည်း လိုချင်လဲ
အဝတ်လျှော်စက်ပါ
ဘာဖြစ်လို့ အဝတ်လျှော်စက်ကို ရွေးရတာလဲ သမီး
မေမေက တစ်အိမ်လုံးမှာ ရှိတဲ့ အဝတ်တွေကို အမြဲလျှော်ရတာလေ
မေမေ့ကို မပင်ပန်းစေချင်တော့လို့ ပါ
(ကလေးမလေးဟာ ကြိုးကြိုးစားစားယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို ရယူသွားတယ်)

(D)
အိမ်ပြေးလူငယ်လေးဟာ
သောက်လက်စဘီယာပုလင်းကို ပစ်ချလိုက်တယ်
ကျောပိုးအိတ်ကို ကောက်လွယ်လိုက်တယ်
ရထားလက်မှတ်ကို ဖြတ်လိုက်တယ်

(E)
အိပ်တန်းပျံငှက်လေးတစ်ကောင်
တိမ်ရောင်စုံနဲ့ ရောစပ်
အိမ်​ပြန်​ချိန်​ပန်းချီကားတစ်ချပ်
တောင်ပံခတ်ပျံသန်း
The End




လင်းလက်တာရာ
11.6.2014

No comments:

Post a Comment