Tuesday, February 17, 2015
ဂလိုဘယ်လ်အယ်ဇေးရှင်း
ခွေးဇာတ်ခင်းနေမှတော့ အူမလို့ ပေါ့
အူ- အူလည်လည်နိုင်ငံရေးကြီးပေါ် စောင့်ကြောင့်ထိုင်ပြီးအူ
အူ- အူလှိုက်သည်းလှိုက် လူ့ အခွင့်အရေးပေါ် ကွင်းလုံးချွတ်ပြီးအူ
အူ- အူယားဖားယားဘဝတွေပေါ် မိမွေးတိုင်းဖမွေးတိုင်းအူ
အူ- စိတ်ရှိရင်ရှိသလို စိတ်ပါရင်ပါသလို တစ်ကိုယ်ရေအာသာဖြေပြီးအူ
အူ- မီးခိုးကြွက်လျှောက်အူ မိုးမဆုံးမြေမဆုံးအူ
အူ- ဒုတိယကမ္ဘာစစ်လိုအူ ဈေးအိမ်သာတွင်းကြီးလိုအူ
အူ- ဟစ်တလာရဲ့ အတွင်းခံဘောင်းဘီအောက်က ငယ်ပါလိုအူ
အူ- သုံးပြီးသား ကွန်ဒုံးတွေလိုအူ မစင်ပုံထဲက လောက်တွေလိုအူ
အူ- နျူးကလီးယား စီမံကိန်းရဲ့စအိုဝက ကင်ဆာ လို အူ
အူ- ပြည့်တန်ဆာရဲ့ ရာသီသွေးလို အူ 69 နေတဲ့ ပွန်းဆိုက်ဒ်တွေလို အူ
အူ- ပုပ်ပွနေတဲ့ ယင်တလောင်းလောင်း အလောင်းတစ်လောင်းလို အူ
အူ- အေ့စ် ကူးစက်ခံ သုတ်ပိုးတွေလိုအူ အစွန်းရောက်အယူဝါဒအရိအရွဲတွေလို အူ
အူ- အာဏာရှင်စနစ်ရဲ့ ပြည်တည်နာ လမိုက်ညကြီးလိုအူ
အူ- အူဘယ်နှခွေစာ အူမှာလဲ အတောင့်လိုက်အူ အလုံးလိုက်အူ
အူ- မိုက်ခရိုဖုန်းနဲ့အူ ကီးဘုတ်နဲ့အူ
အူ- သောက်ကျိုးနည်းအူ မီးနီပြလည်းအူ error ပြလည်းအူ
အူ- လူအုပ်ကြီးထဲအူ စင်ပေါ်တက်အူ
အူ- အူကျတဲ့အထိအူ ပြာကျတဲ့အထိအူ
အူ- အူလို့ လူဝါးဝပြီးရင် လူကြီးလူကောင်းအထာနဲ့
လည်ပင်းက ကြောင်လျှာသီးကြီးကို ခပ်တည်တည် ပြင်စည်းလိုက်
လင်းလက်တာရာ
13.4.2013
Sunday, February 15, 2015
မှန်လုံအိမ်လေးထဲမှာ ရွှေငါးကလေး ကူးနေတယ်
မှန်လုံအိမ်လေးထဲမှာ ရွှေငါးကလေး ကူးနေတယ်
ရွေှ့ငါးကလေးမှာ ရွှေငါးကလေးရဲ့ ဝေးဝေးက ပင်လယ်ရှိတယ်
ပင်လယ်ရနံ့ ကို ပင်လယ်ကြီး တစ်ချပ်စာ စိတ်ကူး
စိတ်ကူးနဲ့ ပင်လယ်ကြီးတစ်ချပ်စာ ရှူရှိုက်
လူဟာ ကြောက်စရာအကောင်းဆုံး သတ္တဝါလို့ ရွှေငါးကလေး ကူးနေတယ်
တစ်မြေနဲ့ တစ်မြေ လေယာဉ်ကြီးတွေ ကူးသလို
တစ်မြေနဲ့ တစ်မြေ ရေနံပိုက်လိုင်းကြီးတွေကူးတယ်
တစ်မြေနဲ့ တစ်မြေ ယဉ်ကျေးမှုတွေ ကူးသလို
တစ်မြေနဲ့ တစ်မြေ လူမှောင်ခိုတွေ ကူးတယ်
စပ်ကူးမပ်ကူးဆိုတာ ငရဲကြီး ရှစ်ထပ်နဲ့ လူ့ ဘုံလား
ရုတ်တရက်၊ ရုတ်တရက်တွေ ပေါက်ကွဲ
ရုတ်တရက်၊ ရုတ်တရက်တွေ ပြိုကျ
ရုတ်တရက်၊ ရုတ်တရက်တွေ သေကြေပျက်စီး
ရုတ်တရက်၊ ရုတ်တရက်တွေ မသေမရှင်
ရွှေငါးလေး မကူးရဲ ရွှေငါးလေး မရဲတရဲ ကူးတယ်
အနုပညာမရှိတဲ့ အလုံပိတ်အခန်းကျဉ်းလေးထဲမှာ အရသာမဲ့မဲ့ ကူးခတ်ခြင်း
ယာဉ်ကြောပိတ်ဆို့ အီကွေတာ လမ်းမကြီး
လူကြောပိတ်ဆို့ အတ္တအမြှောင်းမြှောင်း ကွန်ကရစ်ဟိုင်းဝေး
တစ်ယောက်ရဲ့ ရောဂါပိုးတွေ တစ်ယောက်ဆီ ကူးသွားတယ်
တစ်ယောက်ရဲ့ ရမ္မက်တွေ တစ်ယောက်ဆီ ကူးသွားတယ်
တစ်ယောက်ရဲ့ အယူဝါဒမှိုင်းတွေ တစ်ယောက်ဆီ ကူးသွားတယ်
သေနေတဲ့ ရေထဲ သေနေတဲ့ ရှုခင်းရှုကွက်တွေ
ရွှေငါးကလေး ကူးတယ် ရွှေငါးကလေး စိတ်ကူးတယ်
ရွှေငါးကလေး စိတ်ဒဏ်ရာတွေနဲ့ ကူးတယ်
အေ့စ်ကူးစက်ခံ ပန်းကလေးတွေအကြောင်း
ဆေးလိပ်တွေလို တစ်လိပ်ပြီးတစ်လိပ် ပြာကျသွားတဲ့ လိပ်ပြာတွေ အကြောင်း
ကူးတယ် ဖယောင်းတိုင်လေး တစ်တိုင်ကနေ တစ်မြို့လုံး လင်းထိန်သွားတဲ့အထိ
ကူးတယ် နံရံဆေးသား ပန်းချီကားတွေကနေ ဆိုရှယ်လ်နက်ဝက်ဘ် တွေအထိ
သမိုင်းတစ်ခုကနေ သမိုင်းတစ်ခု အကူးမှာ
ခေတ်တစ်ခုကနေ ခေတ်တစ်ခု အကူးမှာ
အသက်တွေ ပွက်တယ် သွေးတွေ ပွင့်တယ်
ခဲယမ်းလက်နက်တွေက နိုင်ငံတိုင်းမှာ သီးတာလား
နိုင်ငံဆိုတာကရော နှစ်ရှည်ခံပင်ကြီးလား
တွင်းထွက်ပစ္စည်းတွေ လူ့ အရင်းအမြစ်တွေကရော သစ်ငိုတိုတွေလား
မေးခွန်းတွေထဲ ထပ်ဆင့်မေးခွန်းတွေ ကူးလူးယှက်နွယ်
ကျောင်းသား၊ စစ်သား၊ ကလေးစစ်သား
ကျောသားရင်သားမခွဲခြားတဲ့ တက္ကသိုလ်ကို ရွှေငါးကလေး တက်ချင်တယ်
လူသားချင်းတန်းတူညီမှုကို ရွှေငါးကလေး သင်ယူချင်တယ်
မီးကို စတင်တွေ့ ရှိပြီးကတည်းက မီးကို ငြှိမ်းသတ်မရတော့
မီးထဲမှာ ကူးကြတယ် မီးတွေ ကူးသွားကြတယ်
အပေါ်မီးအောက်မီးနဲ့ ဘယ်တော့အကင်ခံရမလဲ
မနက်ဖြန်ဆိုတာ မသေချာခြင်းစကြာဝဠာထဲ မျောနေတဲ့ ငါးမျှားချိတ်ဂလက်စီအစုအဝေး
လူတွေကို လူတွေက ပြန်မျှားသလို လူတွေကို ပိုက်ဆံတွေက ပြန်မျှား
ရွှေငါးကလေးလည်း အမျှားခံသက်ရှိ
ကာဘွန်ဒိုင်ဥခွံထဲက ပုံတူမျိုးပွားတွေ
ယန္တယားဆန်တဲ့ သွေးသားလည်ပတ်မှုတွေ
အရက်ချက်စက်ရုံလို မည်းနက်နက် နေ့ တွေညတွေ
ဆေးသားတောက်တောက်ရှင်သန်ခြင်းများ ပုံနှိပ်နံ့ တွေနဲ့ တတောက်တောက်ကျလာ
အနည်အနှစ်အညစ်အကြေးထဲ ကြည်လွင်တဲ့ ရယ်သံလေးတစ်ပွက်လောက်တော့ ရွှေငါးကလေးပွက်ချင်ပါရဲ့
ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးလို ဖြစ်တည်မှု
မျက်ရည်ဆို တာ အလွှာမရွေးဘူး လျှောကျတယ်
ရွှေငါးကလေးလည်း ကိုယ့်မျက်ရည်ထဲမှာ ကိုယ်ပြန်ကူးခတ်
ကိုယ့်ကိုယ်ကို ဘယ်တော့ ပြန်ဆယ်ယူလို့ရမလဲ
သံသရာလောက်ထက်ရှတဲ့ ဓါး မရှိတော့ဘူးဆိုတာ သံသရာပဲရှိတယ်
သံသယဟာ ကိုယ်ထဲ ဝင်ကူးခတ်
' USတံဆိပ်တရုတ်ထုတ်ပြည်တွင်းဖြစ် ' ကူးစက်ပိုးမွှားတွေ
ပြဿနာရဲ့ အရင်းအမြစ်မှ သီးပွင့်လာတဲ့ ဒုက္ခအဆောက်အဦ
ကောင်းကင်ရဲ့ မြေသားထဲမှာ ငြိမ်းချမ်းရေး ရေထုကြီး ရှိပါသလား
အရေးအသားတစ်ခုကနေ အရေးအသားတစ်ခု အကူးမှာ ရှော့ခ်ရသွားတဲ့ စာသားတွေ
နယ်ခြားစည်းတစ်ခုကနေ နယ်ခြားစည်းတစ်ခုအကူးမှာ ရှော့ခ်ရိုက်ခံရတဲ့ လူသားတွေ
ပြတင်းတံခါးတွေ တွန်းဖွင့်ပြီး ရောင်စုံသက်တံ့လေးကို ခြေဖျားထောက်ခူးရတဲ့
အရသာတစ်ခွက်လောက်တော့ ရွှေငါးလေးလည်း သောက်ခွင့်ရချင်ပါရဲ့
လူသားတွေ ရုံးဆင်းချိန်လို ရွှေငါးလေးလည်း အိမ်စစ်စစ်ဆီ ပြန်ခွင့်ရချင်ပါရဲ့
မေမေရော နေကောင်းရဲ့လား ညီအစ်ကိုမောင်နှမတွေရော အဆင်ပြေရဲ့လား
ဆူးဖွဲ့ ပိုက်ကွန်ကြီးရော အရင်လို လာသောင်းကျန်းသေးလား
သမုဒ္ဒရာကြီးကို အန်ထုတ်လို့ ရရင်တော့ လွတ်မြောက်မှာပဲ
သမုဒ္ဒရာကြီးကရော ဘယ်တော့ အော့အန်မှာလဲ
တကယ်တော့ လူတွေဟာလည်း အဆိပ်ငွေ့ တွေ ရှူနေရတာပါပဲ
လူတွေဟာလည်း အဆိပ်ငွေ့ အသိုက်အမြုံ ကြီးပါပဲ
လူတွေဟာလည်း အဆိပ်ငွေ့ ဖန်လုံအိမ်ကြီးထဲ ပိတ်မိနေတာပါပဲ
မှန်လုံအိမ်ထဲမှာ ရွှေငါးကလေး ကူးနေတယ်
လင်းလက်တာရာ
26.8.2013
နှင်းဆီဖြူမဂ္ဂဇင်း ၊ ၂၀၁၄
ကဗျာမဂ္ဂဇင်း ၊ ၂၀၁၄
Wednesday, February 11, 2015
ဝတ္ထု / ဝဠ်ထု (၅)
အခန်း(၁)
မိုးပေါ်ကို ရေသန့်ဗူးကောက်တဲ့ ကောင်လေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၂)
မိုးပေါ်ကို ကောက်စိုက်သမလေး တစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင် ပေါ် ပြန်ကျလာတယ်
အခန်း(၃)
မိုးပေါ်ကို ကလေးစစ်သားလေး တစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၄)
မိုးပေါ်ကို ပျံကျဈေးသည်မလေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၅)
မိုးပေါ်ကို နေ့စားအလုပ်သမားလေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၆)
မိုးပေါ်ကို သမ္မတကြီးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
ပြန်ကျမလာဘူး ၊ မြေပြင်ပေါ် ပြန်ကျမလာဘူး
နောက်ဆက်တွဲ (၁)
လပေါ်ကို ကျသွားတာ များလား
နိုင်ငံပိုင်ငွေကြေးတွေ သုံးပြီး လပေါ်ကို တက်ပြီးရှာ ၊ မတွေ့ 
စကြ၀ဠာ ဂိုးပိုက်ကြီးထဲ ဝင်သွားတာများလား
နိုင်ငံပိုင် ဘဏ္ဍာတွေနဲ့  စကြ၀ဠာကြီးထဲ ဖြဲရဲရှာ ၊ မတွေ့ 
တစ်လ ၊ နှစ်လ ၊ သုံးလ ၊ လေးလ ၊ ငါးလ ၊
လများစွာကြာသွားတယ် ၊ မတွေ့ 
နောက်ဆက်တွဲ (၂)
မုန်တိုင်းကြီး ကျလာမှပဲ
သစ်ပင်ပေါ်မှာ တင်နေတဲ့ ဘောလုံးဟာ ပြုတ်ကျလာတော့တယ်
လင်းလက်တာရာ
10.10.2014
ပြည်ထောင်စုနေ့ အရေးအသား
ပြည်
တည်နေတဲ့ အနာကြီးရဲ့ မြေပုံညွှန်းအတိုင်း။ ။ ဆဲလ်အသစ်တွေ ရောက်လာ။
ဆဲလ်အသေတွေ ဘယ်နားထားရမှန်းမသိ။
ငါတို့ လူ့ အဖြစ်ကနေ
၅ ဂိုး ဂိုးမရှိလောက် ရှုံးနေတယ်
ဒီအကြောင်းတရားကြီးကို ဘယ်လို မ ရွှေ့ မလဲ။
မျက်ရည် ယမ်းများပေါက်ကွဲစေနိုင်သူကြီးငဲ့။
ခြ စားခံနေရတဲ့ သစ်သားကိုမှ ပန်းပု ထုချင်နေမိတဲ့ စိတ်ဟာ...
ကောင်းကင်တစ်ချပ်စာ ကွက်လပ်
ကောင်းကင်တစ်ချပ်စာ ကွက်လပ်
[ ထောင်
ထဲကိုလည်း နေရောင်က ဖြာကျတာပါပဲ။ နံရံမှာ
ဟိုလူကြီးပုံဆွဲပြီး သေးနဲ့ ပန်းနေတာကလည်း အနုပညာ။
ဗုံးတွေ တစ်လုံးပြီးတစ်လုံး
အထောင်ခံနေရတဲ့ နှလုံးသားတွေ
ယနေ့ ရရှိနိုင်သော လူ့ အခွင့်အရေးများ ကုန်ပြီ
ယနေ့ ရရှိနိုင်သော လူ့ အခွင့်အရေးများ ကုန်ပြီ ]
စု
ထားတဲ့ အမာရွတ်တွေက သံမဏိတွေဖြစ်လာ။ ။ ပြီးနောက်
စုထားတဲ့ အမာရွတ်တွေက သံမဏိတွေ ထပ်ဖြစ်လာ။
'သံမဏိနှင်းဆီ' * ဟာ တစ်ပွင့်တည်း
'သံမဏိနှင်းဆီ' ဟာ တစ်ပွင့်တည်း
(* ဆရာခရမ်းပြာထက်လူရဲ့စာသား)
လင်းလက်တာရာ
12.2.2014
ကျွန်တော်တို့တွေဟာ သူခိုးဂျပိုးတွေပါ သမ္မတကြီး
ငါတို့တွေက ငါးတွေဆိုရင် သူတို့တွေက ပိုက်ကွန်တွေ
ငါတို့တွေက ကြွက်တွေဆိုရင် သူတို့တွေက ကြွက်ထောင်ချောက်တွေ
ငါတို့တွေက သစ်ပင်တွေဆိုရင် သူတို့တွေက တောမီးတွေ
အော်ပရာစီတွေက ငါတို့ကို ကိုက်ဖြတ်စားသောက်နေပြီ
ငါတို့ကို ခွေးတစ်ကောင်လို ချောင်ပိတ်ရိုက်နေပြီ
ငါတို့ရဲ့ ဝပ်ကျင်းတွေကို သံခြေကျင်းခတ်နေပြီ
သူတို့သောက်ဖို့ ရေကို ငါတို့ခပ်ပေးခဲ့တာတွေ
သူတို့စားဖို့သစ်သီးကို ငါတို့ခူးပေးခဲ့တာတွေ
ခုတော့ သောက်ရေထဲက အမှိုက်ကို ရေစစ်နဲ့ စစ်ထုတ်သလိုမျိုး
ငါတို့ကို သူတို့ စစ်ထုတ်နေပြီ
သစ်သီးထဲက သစ်စေ့ကို ဓားနဲ့ ကော်ထုတ်သလိုမျိုး
ငါတို့ကို သူတို့ ဓားနဲ့ ကော်ထုတ်နေပြီ
ရထားဂိတ်တွေမှာ ၊ ကားဂိတ်တွေမှာ
မြို့ထဲမှာ ၊ မြို့ပြင်မှာ
အလုပ်သမား တန်းလျားတွေမှာ
နေရာပေါင်းစုံမှာ ပိုက်စိပ်တိုက်
အစုလိုက်အပြုံလိုက် ကွိ ကုန်ပြီ
ကြက်ခြင်းထဲက ကြက်တွေကို တစ်အုပ်ပြီးတစ်အုပ် မိကုန်ပြီ
ကူရာမဲ့ မျက်ဝန်းတွေ
မီးကျွမ်းသွားတဲ့ ရှုမျှော်ခင်းတွေ
ထပ်ပိုင်းကျိုးကျသွားတဲ့ မျှော်လင့်ချက်တွေ
မျက်ရည်စက်လက် မိသားစု အပိုင်းအစတွေ
ပိုးစာပေါက်တွေနဲ့ အနာဂတ်ရွက်ခြောက်တွေ
ညတွေဟာ စစ်မြေပြင်နဲ့ တူပြီး
နေ့တွေဟာ အကြမ်းဖက်မှုတွေနဲ့ တူတယ်
ငါတို့ကို ဝိုင်းထားတဲ့ စည်းတွေဟာ တဖြည်းဖြည်းကျဉ်းလာပြီ
ငါတို့ကို ဝိုင်းထားတဲ့ မီးတွေဟာ တဖြည်းဖြည်းနီးလာပြီ
ထောင်ဒဏ်လား ၊ ကျိန်ဒဏ်လား
ထောင်ဒဏ်ရော ကျိန်ဒဏ်ရောလား
စိတ်ပိုင်းဆိုင်ရာမှာ ရမယ့် ဒဏ်ရာနဲ့ 
ရုပ်ပိုင်းဆိုင်ရာမှာ ရမယ့် ဒဏ်ရာ
လုပ်လက်စအလုပ်တွေကို ပစ်ချလိုက်တယ်
ကိုယ့်ပစ္စုပ္ပန်ကိုယ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြတယ်
'ရောက်တဲ့အရပ်ကနေ အိမ်ရောက်အောင်ပြန်မယ်'
မထူးဇာတ်တွေကို စက်နိုးလိုက်ကြတယ်
လိုင်းကား မစီးရဲဘူး ၊ သူတို့တွေက ကားဂိတ်မှာ
တက္ကဆီ မစီးရဲဘူး ၊ သူတို့တွေက တက္ကဆီ တွေကို တားကုန်ပြီ
နောက်ဆုံး ကိုယ်ပိုင်ကားတစ်စီးကိုပဲ
ဈေးကြီးပေးပြီး ငှါးလိုက်ကြတယ်
ဘဝရဲ့ စွန့် စားခန်းတွေကို
ရီဟာဆယ် မပါဘဲ ၊ လူစားထိုးတင်ဆက်မှု မရှိဘဲ
Live ထုတ်လွှင့်လိုက်ကြတယ်
ဂျိုဟိုးကနေ ကွာလာလမ်ပူမြို့တော်ကြီးဆီ ရောက်ဖို့
ငါတို့ အနာဂတ်တွေကို ဖက်နဲ့ ထုပ်ထားရတယ်
ငါတို့ ရှု့ မျှော်ခင်းတွေကို ဖက်နဲ့ ထုပ်ထားရတယ်
ငါတို့ အိပ်မက်တွေကို ဖက်နဲ့ ထုပ်ထားရတယ်
ငါတို့ ဘဝတွေကို ဖက်နဲ့ ထုပ်ထားရတယ်
တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားရတယ်
ကံကောင်းထောက်မစွာ ငါတို့ကို ထုပ်ထားတဲ့ ဖက်ဟာ ပေါက်ကျမသွားသေး
ကွာလာလမ်ပူမြို့တော်ကြီးက သားရဲတွင်းကြီးလို ငါတို့ကို ဆီးကြိုတယ်
အောက်လမ်းပို့ဆောင်ရေးအေးဂျင့်လက်ထဲ
ရင်းဂစ်အထပ်လိုက်နဲ့အတူ ငါတို့ဘဝတွေကို ဝကွက် အပ်လိုက်ကြတယ်
ညနက်နက်ကြီးထဲ ထိန်ထိန်ငြီးနေတဲ့ မာကျူရီမီးတွေ
ကွာလာလမ်ပူ - ပီနန်း အဝေးပြေးလမ်းမကြီး
အေးစက်ချမ်းစိမ့်နေတဲ့ အဲကွန်းအောက်မှာ ပူခြစ်တောက်လောင်နေတဲ့ စိတ်တွေ
အဝေးပြေး ၂ ထပ်ကားကြီးပေါ်မှာ ငါတို့ဘဝတူတွေများစွာ
သတင်းပေါက်ကြားတာနဲ့ ဖက်နဲ့ထုပ်ထားတဲ့ ငါတို့ဘဝတွေဟာပေါက်ကျတော့မှာ
ကံကောင်းထောက်မစွာ ပီနန်းမြေပေါ်ထိ ငါတို့ဘဝတွေ ပေါက်မကျသေး
သားရဲတွင်းကြီးနဲ့တူတဲ့ မလေးကျွန်းဆွယ်ကြီး ထဲက လွတ်မြောက်ဖို့
ငါတို့တွေ ကားနောက်ဖုံးလေးထဲမှာ
ငါတို့ဟာ သူခိုးဂျပိုးတွေပဲ
ငါတို့ ပုန်းလျှိုးကွယ်လျှိုး နဲ့ နယ်စပ်ဖြတ်ကျော်နေတာ
ငါတို့ သမ္မတကြီး မသိဘူး
မလေးရှား ဝန်ကြီးချုပ်လည်း မသိဘူး
ထိုင်း ဝန်ကြီးချုပ်လည်း မသိဘူး
အသက်ရှုရတာ မဝတော့ဘူး
အောက်ဆီဂျင်ပေးပါ
ငါ့အောက်မှာ ငါ့ဘဝတူ တစ်ယောက်
ငါ့အထက်မှာ ငါ့ဘဝတူ တစ်ယောက်
ငါ့ညာဘက်ဘေးမှာ ငါ့ဘဝတူ တစ်ယောက်
ငါ့ဘယ်ဘက်ဘေးမှာ ငါ့ဘဝတူတစ်ယောက်
စုစုပေါင်း ဘဝတူ ၅ ယောက်
အသက်ရှုရတာ မဝတော့ဘူး
အောက်ဆီဂျင်ပေးပါ
ငါတွေးတယ် နောက် ၁၀ မိနစ်ဆို ငါသေပြီ
ငါ့လိုပဲ ငါ့ဘဝတူတွေလည်း တွေးမှာပဲ
ငါတွေးတယ် နောက် ၅ မိနစ်ဆို ငါသေပြီ
ငါ့လိုပဲ ငါ့ဘဝတူတွေလည်း တွေးမှာပဲ
ငါတို့ မသေမရှင် ဖြစ်နေတာ ငါတို့ သမ္မတကြီး မသိဘူး
ငါတို့ မသေမရှင် ဖြစ်နေတာ မလေးရှား ဝန်ကြီးချုပ်လည်း မသိဘူး
ငါတို့ မသေမရှင် ဖြစ်နေတာ ထိုင်း ဝန်ကြီးချုပ်လည်း မသိဘူး
နိုင်ငံရေးအကျဉ်းသားလို တိုက်ပိတ်ခံထားရတဲ့ ငါတို့ကို
ကားနောက်ဖုံး မြန်မြန်ဖွင့်ပေးကြပါ
နောက် မိနစ်အနည်းငယ်ဆို ဖက်နဲ့ ထုပ်ထားတဲ့ ငါတို့ဘဝတွေပေါက်ကျတော့မှာ
ကံကောင်းထောက်မစွာ ငါတို့ဘဝတွေ ပေါက်မကျသေး
ကားနောက်ဖုံးဖွင့်ဖွင့်ချင်း ထိုင်းနိုင်ငံထုတ် လေ ဟာ
ငါတို့ အသက်ကို ဆက်စေတယ်
ငါတို့ကပဲ အသက်ပြင်းတာလား
ငါတို့ သက်ပြင်းတွေ ကိုယ်စီချလိုက်ကြတယ်
စစ်ကြီးပြီးတော့ စစ်ကြီးထဲ ပြန်ဝင်ရတဲ့ စစ်သားတွေလို
သံတိုင်တွေ ကာထားတဲ့ ကားပြာကြီးဟာ
သံဆူးကြိုးအထပ်ထပ်နဲ့ အင်မီကရေးရှင်းထဲ ငါတို့ကို မောင်းသွင်းသွား
ဘဝတူတွေ ၊ ဘဝတူတွေ ၊ ဘဝတူတွေ
ငါတို့ ရှေ့မှာ ဘဝတူတွေ ၂၀၀ နီးပါး အထွက်
ငါတို့ ဘဝတူတွေ ၂၀၀ နီးပါး အဝင်
လူငယ် ၊ လူလတ် ၊ လူကြီး ၊ အမျိုးသမီး
ကိုယ်ဝန်ဆောင်၊ ကလေး နဲ့ နို့ဆို့ အရွယ်တွေ အပါအဝင်
ဘဝတူတွေ ပွဲတော်ကြီးတစ်ခုလို စည်ကား
ငါတို့နာမည် ၊ ငါတို့ လက်ဗွေ နဲ့ ငါတို့ မျက်နှာတွေကို
သူတို့ မှတ်တမ်းတင်လိုက်ကြပြီး
သေးရေလွှမ်းနေတဲ့ အချုပ်ခန်းထဲကို ထည့်လိုက်ကြတယ်
ပျို့ သူပျို့ ၊ အန်သာအန်၊ မှိုင်သူမှိုင် ၊ ငိုသူငို ၊ ညည်းသူညည်း
အိပ်မရ ၊ လှဲမရ ၊ ညလုံးပေါက် ငုတ်တုတ်ထိုင်
မျက်နှာချင်းဆိုင်အခန်းတွေမှာလည်း
အိမ်ပြန်မရောက်ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါးတွေလို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ
'တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ဆိုးရွားတဲ့ ထမင်းမတွေ့ ဖူးဘူး' ဆိုတဲ့အသံတွေ
ဗိုက်ဆာနေတာတောင် ဘယ်လိုမှ စားမရ
သောက်ရမယ့် ရေကလည်း အိမ်သာထဲကရေ
အမေရေ ၊ အိမ်ထမင်းစစ်စစ် စားချင်တယ်
အဖေရေ ၊ အိပ်ရာစစ်စစ် မှာ အိပ်ချင်တယ်
ငါတို့ကို ငါတို့နိုင်ငံဆီ ပြန်ပို့ပေးပါ့မလား ဆိုတဲ့ အငုံ့အနွမ်းစိတ်နဲ့ 
ဖက်နဲ့ ထုပ်ထားတဲ့ ငါတို့ဘဝတွေကို ရင်ဝယ် ပိုက်ထားရ
ငါတို့ကို ပိတ်ထားတဲ့ သော့ဂလောက်ကြီး ပွင့်သွားတယ်
'ဟေး' ဆိုတဲ့ သံပြိုင်အပျော်တွေဟာ
ငါတို့နိုင်ငံဆီ လမ်းညွှန်ပြပေးနေတဲ့ ဓူဝံကြယ်
အင်မီဂရေးရှင်း အဝမှာ
ငါတို့ ဘဝတူ ၂၀၀ နီးပါးအထွက် နောက်ထပ် ဘဝတူ ၂၀၀ နီးပါး အဝင်
မဲဆောက် - မြဝတီ ၊ ကားငါးစီး ၊ နာရီ ၃၀ ၊
မြင့်မားမတ်ဆောက်တဲ့ မဲဆောက် တောင်တန်းကြီးတွေပေါ်မှာ
ဖက်နဲ့ ထုပ်ထားတဲ့ ငါတို့ ဘဝတွေဟာ
ထိုင်းလူမျိုး ဒရိုင်ဘာရဲ့ လက်ထဲမှာ
သတိတစ်ချက်လစ်တာနဲ့ ငါတို့ဘဝတွေအားလုံး
ချောက်နက်ကြီးထဲ ပြုတ်ကျသွားမှာ
စလစ်တစ်ချက်ဖြစ်တာနဲ့ ငါတို့ ဘဝတွေအားလုံး
ချောက်နက်ကြီးထဲ မှောက်ကျသွားမှာ
ကံကောင်းထောက်မစွာ ငါတို့ဘဝတွေ ပေါက်ကျမသွားသေး
ငါတို့တွေဟာ တကယ့် သူခိုးဂျပိုးတွေပါ
ကိုယ့်မြေကိုယ့်ရေ ကို တိတ်တိတ်လေး ခိုးဝင်လာတာ
ငါတို့ သမ္မတကြီး မသိဘူး
ကိုယ့်မြေကိုယ့်ရေ ကို တိတ်တိတ်လေး နယ်စပ်ဖြတ်ကျော်ဝင်လာတာ
ငါတို့ သမ္မတကြီး မသိဘူး
မြဝတီနယ်စပ်မြို့လေးဟာ ငါတို့ကို မပိုက်ထွေးခဲ့ပါဘူး
ငါတို့ကပဲ မြဝတီနယ်စပ်မြို့လေးကို ပိုက်ထွေးခဲ့တာပါ
မြဝတီနယ်စပ်မြို့လေးဟာ ငါတို့ကိုဖက်မနမ်းခဲ့ပါဘူး
ငါတို့ကပဲ မြဝတီနယ်စပ်မြို့လေးကို ဖက်နမ်းခဲ့တာပါ
ငါတို့ဘဝတွေကို ဖက်နဲ့ ထုပ်ထားစရာမလိုတော့ဘူး
အဲဒီဖက်တွေကို ငါတို့ ဖြဲလိုက်ကြပြီ
ရှေ့ မှာ အိနြေ္ဒရရ အန္တရာယ်အခန့် သားနဲ့
မြင့်မားမတ်ဆောက်ပြီး ကြောက်စရာကောင်းတဲ့ ဒေါနတောင်တန်း
သင့်ကို ဖက်နမ်းဖို့ ငါတို့လာပြီ
ဘာဖက်နဲ့မှ ထုပ်မထားတော့တဲ့ ငါ့တို့ ဘဝတွေကို
သင့်အား ချစ်မြတ်နိုးစွာပေးပါရဲ့
သင့်လက်ပေါ်မှာ သေမယ်ဆိုရင်တောင် ငါတို့သေလို့ရပြီ
ငါတို့ သေပျော်ပြီ
လင်းလက်တာရာ
15.9.2014
ကျွန်တော့်ကို တစ်စုံတစ်ယောက် စွန့် ပစ်သွားတာက အစ
ဘယ်သူများကောက်မလဲလို့ ပလက်ဖောင်းပေါ်မှာ
လူ အနင်းခံပြီးစောင့်နေတာပါ၊ အကြာကြီး။
လေက ကျွန်တော့်ကို ကားလမ်းမပေါ် တွန်းချလိုက်တယ်။
လွင့်သွား။ ကျွန်တော့်ကိုယ်ပေါ် ကားတွေ တစ်စီးပြီးတစ်စီး
တက်ကြိတ်သွား။ စွန့် ပစ်ခံလိုက်ရတာလောက်တော့
မနာဘူး။ လောကထဲ ပေါ့ပေါ့ပါးပါးရယ်တတ်ဖို့
လေနဲ့ အတူ ကျွန်တော် ပေါ့ပေါ့ပါးပါး ရွေ့ လျား။
ဘယ်သူများ ကျွန်တော့်ကို သတိထားပြီး ကောက်မလဲ။
ခွေးတစ်ကောင် ကျွန်တော့်ဆီ ပြေးလာ။ တို့ထိ။
အနံ့ခံ။ ချာခနဲ လှည့်ထွက်သွား။ နောက်ထပ် ခွေးတစ်ကောင်
အရောင်မွဲမွဲမျှော်လင့်ချက်တွေနဲ့ ရောက်လာ။ တို့ထိ။
အနံ့ခံ။ စိတ်ပျက်လက်ပျက် လှည့်ထွက်သွား။
ခြေသံတွေကို ကျွန်တော် ကြားနေရတယ်။
ကျွန်တော့်ကို ကောက်ပါလို့ ကျွန်တော် အော်တယ်။
ခြေသံတွေက ကျွန်တော့် အော်သံကို မကြား။
စည်ပင်ကားကြီး ကျွန်တော့် အနားကနေ ဖြတ်မောင်းသွားတယ်။
ကျွန်တော့် အော်သံကို မကြား။ မြို့တော်ကြီးရဲ့ လမ်းမထက်မှာ
ကျွန်တော် လေနဲ့ အတူ လွင့်နေတယ်။ တစ်လွင့်ပြီးတစ်လွင့်။
လွင့်ကောင်းကောင်းနဲ့ လွင့်နေလိုက်တာ ၊ ရေမြောင်းပုပ်ကြီးထဲ
ပြုတ်ကျဖို့ သီသီကလေး။ သည်းထိတ်ရင်ဖို သီသီကလေး။
သီသီကလေး လွတ်မြောက်လာ။ လွတ်မြောက်ခြင်းရဲ့
အရသာကို အရသာတွေ့ လာ။ လေနဲ့ လွင့်နေရတာကို
ခိုက်လာ။ မြို့တော်ကြီးထဲ လွင့်နေရတာကို ပျော်လာ။
ဘယ်သူမှ ကျွန်တော့်ကို မကောက်တော့ဘူးလား လို့ ဝမ်းနည်းလာ။
တစ်ယောက်ယောက်များ ကျွန်တော့်ကို ကောက်ဦးမလားလို့ 
ပြတ်လုပြတ်ခင် မျှော်လင့်ကြိုးကလေးကို ထပ်ဆက်နေ။
ရုတ်တရက် ၊ လေကြမ်းကြမ်းကြီး စောင့်ဝင်လာ။
မြို့တော်ကြီးပါ တုန်ခါသွား။ ကျွန်တော်လည်း ဇောက်ထိုးမိုးမျှော်
ဒလိမ့်ခေါက်ကွေး လွင့်စင်သွား။ တစ်လွင့် ပြီး တစ်လွင့်။
စွန့် ပစ်ခံလိုက်ရတာလောက်တော့ မနာဘူး။ တစ်လွင့်ပြီးတစ်လွင့်။
သတိဝင်လာတော့ သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်တော်ငြိနေတယ်။
အဲဒီကတည်းက သစ်ရွက်တွေ မရှိတော့တဲ့ သစ်ကိုင်းမှာ
သစ်ရွက်ယောင်ဆောင်ပြီး နေလာခဲ့တာ သစ်ရွက်တွေ ပြန်လည်
စိမ်းလန်းလာတဲ့ ခုချိန်အထိ။
လင်းလက်တာရာ
14.9.2014
ငါ့ကို လာပြီး ဗဟိုပြု တိုက်ခတ်နေတဲ့ ငါဗဟိုပြု
ငါ့မှာ ရာသီဥတု ဖျက်စီးထားတဲ့ စိုက်ခင်းပျက်ကြီး ရှိတယ်
ငါ့စိုက်ခင်းပျက်ကြီးထဲမှာ ငါဟာ တစ်ကိုယ်တော် ပိုးကျနေတယ်
ဖောက်လွှဲဖောက်ပြန်ရာသီဥတုကြီးထဲ ငါ့လေပြည်တွေဟာ
မုန်တိုင်းဖြစ်ဖြစ်သွားတယ်။ ငါ့မုန်တိုင်းတွေ လေပြည်ပြန်ဖြစ်ဖို့
ငါ့မှာ အသက်ခဏခဏငင်ရတယ်။ ငါ ငင်ထားတဲ့ ရေတွေကို
သူတို့ သဲတွေထဲ သွန်လိုက်ကြတယ်။ ငါဟာ သဲနဲ့ အပက်ခံရတဲ့
အဆီတဝင်းဝင်းလည်း ဖြစ်နေပြန်တယ်။ အချိန်အခါမဟုတ်မိုးကြီးဟာ
ငါ့ကို လာသည်းတာ တော်တော်နှစ်ခြိုက်ပုံရတယ်။ ငါဟာ
ငါ့စိုက်ခင်းကလွဲပြီး သူတပါးစိုက်ခင်းကို ပိုးမကျတတ်သူ ပိုးမွှားကလေး
ငါဟာ မအောင်မြင်တဲ့ အဖျင်း။ ငါဟာ မဖြစ်ထွန်းတဲ့ အသီးအနှံ
ငါဟာ ငါ့ကတွတ်ပေါက်မှာ တသွင်သွင်စီးနေတဲ့ရေ။ အဲဒီရေထဲမှာ
ငါဟာ ငါးယောင်ဆောင်လိုက်တယ်။ ငါ့ကို ချောင်းမြောင်း
စောင့်ဆိုင်းနေတဲ့ ဗျိုင်းတွေ။ ငါ့ကို သုတ်ချီလိုက်တဲ့အချိန် ငါဟာ
ငါးယောင်ကနေ ဓားယောင် ဆောင်ပစ်လိုက်တယ်။ ငါ့စိုက်ခင်းထဲမှာ
ငါပန်းတွေ စိုက်လိုက်တယ်။ အကုန်သေတယ်။ ငါ ထပ်စိုက်တယ်။
အကုန်သေပြန်တယ်။ ငါ ပန်းမစိုက်တော့ဘူး။ ငါ ပန်းမစိုက်တော့ဘူး ဆိုမှ
ပန်းပင်လေးတစ်ပင် အလေ့ကျလာပေါက်နေတယ်။ အဲဒီပန်းလေးကို
ချစ်ခြင်းမေတ္တာ လို့ ငါနာမည်ပေးလိုက်တယ်။ တစ်ပွင့်တည်းပွင့်တဲ့
ပန်းလေးကို ခွေးတစ်ကောင်က သေးနဲ့ လာပန်းတယ်။ အဲဒီခွေးကို
ငါ ခွေးယောင်ဆောင်ပြီး ကိုက်ပစ်လိုက်တယ်။ ငါ့လေပြည်တွေဟာ
မုန်တိုင်း ပြန်ပြန်ဖြစ်သွားတယ်။ မိုးကြိုးဟာ ငါ့စိုက်ခင်းကို ချစ်လို့တဲ့
ခဏခဏ ပစ်ပစ်ချတယ်။ ငါ့စိုက်ခင်းမြေသားထဲမှာ မိုးကြိုးသွားတွေအပြည့်။
တစ်နေ့တော့ ယူနီဖောင်းဝတ်တွေဟာ ငါ့စိုက်ခင်းကို 'တပ်ပိုင်မြေ' လို့
လာရေးသွားကြတယ်။ ငါလည်း အဲ့ဒီ 'တပ်ပိုင်မြေ' ကို သေးနဲ့ ကော့ပန်းပြီး
မြို့တက် ဆိုက္ကားနင်းနေတယ်။
လင်းလက်တာရာ
20.9.2014
တလူလူလူနာ
ဗိုက်မဆာဘူး၊ စိတ်အဟာရ ဆာတယ်။
လူနာဟာ ခုတင်ပေါ်ကနေ နံရံကို
ပြူတင်းပေါက်တစ်ပေါက် လှမ်းဖောက်နေတယ်၊ စိတ်နဲ့ ။
ဆေးလုံးတွေကို ကမ္ဘာကြီးပုံ စီထားတယ်။
သွင်းလက်စပိုက်တန်းလန်းမှာ သွေးမြစ်တစ်မြစ်စီးနေတယ်။
အာခေါင်တွေ ကန္တာရ လို သွေ့ ခြောက် အက်ကွဲ။
အော်သံတွေ ဆာဟာရ လို အက်ကွဲ သွေ့ ခြောက်။
ညည ၊ ချောက်ကမ်းပါးကြီးထဲ ပြုတ်ပြုတ်ကျ။
မျက်လုံးတစ်ဖက်ဟာ ဘာသာရေးစစ်ပွဲထဲမှာ ကျန်ခဲ့။
နှလုံးသားတစ်ဖက်ဟာ လူမှု့ စစ်ပွဲထဲမှာ ကျန်ခဲ့။
ခြေတောက်တစ်ဖက်ဟာ နိုင်ငံရေးစစ်ပွဲထဲမှာ ကျန်ခဲ့။
ဦးနှောက်တစ်ဖက်ဟာ နည်းပညာစစ်ပွဲထဲမှာ ကျန်ခဲ့။
ဆေးရုံဟာ အနံ့ဆိုးတွေ ထုတ်လွှတ်နေတယ်။
ဆေးရုံဟာ အသံဆိုးတွေ ထုတ်လွှင့်နေတယ်။
ဆေးရုံဟာ အမြင်ဆိုးတွေ ထုတ်လုပ်နေတယ်။
ဘဝကြီးဟာ ဆေးရုံတစ်ရုံပဲ။
ဆိုက်ရောက်၊ ထွက်ခွာ လမ်းမွှာတွေ တဖွဲဖွဲ။
လွယ်ထမ်းရွက်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ တဖွဲဖွဲ။
တံဆိပ်လှလှနဲ့ ဝဋ်ဒုက္ခတွေ တဖွဲဖွဲ။
ထုတ်ပိုးမှုမျိုးစုံနဲ့ အကုသိုလ်တွေ တဖွဲဖွဲ။
မျက်ရည်ပန်းတွေ မနမ်းချင်ဘူး။ ဆည်းလည်းသံလေး ပွင့်ပေးပါ။
လူနာဟာ စိတ်နဲ့ ပြူတင်းပေါက် ဖောက်ထားတဲ့နံရံမှာ
ငှက်တစ်ကောင်ပုံ ထပ်ဆွဲနေတယ်၊ စိတ်နဲ့ ။
ကမ္ဘာကြီးပုံ ဆေးလုံးတွေ ပြန့် ကျဲသွား။
စီးလက်စ သွေးမြစ်တစ်မြစ် ရပ်တန့် သွား။
စိတ်နဲ့ ဖောက်ထားတဲ့ ပြူတင်းပေါက်မှာ
စိတ်နဲ့ ဆွဲထားတဲ့ ငှက်တစ်ကောင် ပျံသန်းသွား။
လင်းလက်တာရာ
11.9.2014

လတ်တလောအရေး
အာဖရိကတိုက်ထုတ် အီဘိုလာနဲ့ ဂျပန်ပြည်ဖြစ် sex doll ဟာ ခေတ်ပြိုင်
၄၃၆ ၊ ၉၆၉ နဲ့ ၇၈၆ ဟာ ခေတ်ပြိုင်
ခေတ်ပေါ် မဟုတ်ပါဘူး ခေတ်မြုပ်ပါ ခေတ်ထဲမှာ ခေါင်းဖော်မရလောက်အောင်
မြုပ်ဝင်နေတဲ့ ခေတ်မြုပ်ပါ အမြှုပ်တစီစီနဲ့ ခေတ်မြုပ်တွေပါ
Lily Allen ရဲ့ ' fuck you with lyrics' ကို
YouTube မှာ ခံစားကြည့်ရှု့ သူပေါင်း ၃၅၂၅၄၉၃ ယောက်
ရေကောင်းရေသန့်ဟာ တူးတိုင်းလည်းမထွက်ဘူး
ရေတွင်းပျက်ကြီးထဲ ပျက်ကျသွားတဲ့ စက္ကူစွန်လေးဟာ ငါ့လွတ်လပ်မှု
ပစိဖိတ်ငလျင်ကြောပေါ်က အင်ဒိုနီးရှားမှာ မီးတောင်ပေါင်း ၁၃၀ ကျော်ရှိတယ်
ငါတို့မှာ မျက်လုံးနဲ့မမြင်နိုင်တဲ့ မီးတောင်ကြီးနဲ့ ဝမ်းနဲ့လွယ်ထားရတဲ့ ငလျင်ကြောကြီးရှိတယ်
ပြာတိုက်ကြီးဟာ ဧရိယာစတုရန်းမိုင်ပေါင်းများစွာပေါ်မှာ
ထုထည်စတုရန်းမိုင်ပေါင်းများစွာနဲ့ အုံ့ဆိုင်းထားလျှက်
isis နဲ့ ဂါဇာ ကရော ကွန်တမ်ပိုရာရီလား
စားလက်စထမင်းပါ နင်သွားတယ်
လူပေါင်းတစ်သိန်းကျော်နဲ့ နှစ်ပေါင်း ၂၀ လောက် တည်ဆောက်ခဲ့တာပါတဲ့
နှစ်တန်ခွဲလေးတဲ့ ကျောက်တုံးပေါင်း နှစ်သန်းခွဲနဲ့ တည်ဆောက်ထားတာပါတဲ့
ကျောက်တုံးတွေကလည်း ဒေသထွက်မဟုတ်ဘဲ အီဂျစ်တောင်ပိုင်းကနေ
နိုင်းမြစ်ရိုးတစ်လျှောက် လှေတွေ လူအားတွေနဲ့ သယ်ခဲ့ကြတာပါတဲ့
ပိရမစ် ကို google search လုပ်မိတိုင်း
ကျွန်တွေ ကြာပွတ်တွေပဲ မြင်မြင်နေတယ်
မလေးကျွန်းဆွယ်ကြီး မျောပါသွားမတတ် ရွာနေတဲ့ အိမ်လွမ်းနာတွေ
လင်းလက်တာရာ
25.9.2014

နွေဦးပွဲတော်
ကဗျာရေးသူဟာ ပျိုးနှုတ်သူပဲ
ပျိုးပင်တွေကို တစ်ပင်ချင်းနှုတ်ပြီး
တစ်ပုဒ်ချင်းစီ စည်းပေးလိုက်တယ်
ကောက်စိုက်သူကတော့ ကဗျာဖတ်သူပေါ့
ပျိုးစည်းတွေကို ဖြည်ပြီး တစ်ပင်ချင်းစီ စိုက်တယ်
လယ်ကွင်းပြင်ကျယ်ကြီးဟာ စိမ်းရာမှ တဖြည်းဖြည်းဝါလာ
ကောက်ရိတ်သိမ်းပွဲဟာ ပျော်စရာ
လင်းလက်တာရာ
19.8.2014

စကားဟာ စ, မြည်
ခင်ဗျားစိတ်ကို သူကောက်တပ်နေတာ။ သူနဲ့မတော်ပါဘူး။ မိရိုးဖလာကို
မကြိုက်ပေမယ့် ဝတ်ထားရှာတယ်။ အတွေးအခေါ်တည့်တည့်မှာ မိုးယိုပေါက်ကြီး
တစ်ပေါက်။ ယဉ်ကျေးမှုဗဟိုချက်မှာ အမှိုက်ပုံကြီးတစ်ပုံ ၊ ပိတ်ဆို့နေတဲ့ ရေဆိုး
မြောင်းကြီးတစ်မြောင်း။ ဟုတ်ကဲ့။ မေးခွန်းကောက်ရိုးပုံကြီး မီးစလောင်နေပါပြီ။
ကျင်ယူနိုင်လိမ့်မယ်လို့တော့ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။ မမျှော်လင့်ထား
တာတွေကိုလည်း မျှော်လင့်ထားသင့်တယ်။ သူ့ကစားနည်းမှာ မီးခိုးရောင်တွေ
ကဲနေတာမြင်လား။ သက်တံ့ဟာ ရုတ်တရက် အပိုင်းပိုင်းပြတ်ထွက်သွားပုံ။
ခင်ဗျားရဲ့ အားလပ်ချိန်တွေကို သူလေနဲ့မှုတ်ထုတ်နေတယ်။ ရယ်စရာတွေပေါ်
လောက်တွေ တဖွားဖွား။ ဝမ်းနည်းမှုပြတ်ရွေ့ကြောပေါ်က အိမ်။ အင်း။ သူပဲ။
မနီးဘူး။ တော်တော်ဝေးတယ်။ တစ်ခါတလေ ကျောက်ဆောင်။ တစ်ခါတလေ
ရေလှိုင်း။ တစ်ခါတလေ နေလုံးနီနီ။ တစ်ခါတလေ ရေသူမယောင်လည်း
ဆောင်လိုက်သေး။ အေးလိုက်ပူလိုက်ပါပဲ။ တစ်ဝက်က မြေကြီးထဲမှာ တစ်ဝက်က
မြေပေါ်မှာ။ အရမ်းကြီးတော့ မနှစ်သက်။ နည်းနည်းတော့ ကြိုက်တယ်။
အဲဒီအကြောင်းက အဲဒီအကြောင်းအရာထဲမှာ ကန့်လန့်ကြီး။ သူ့ကိုယ်သူ တွေဝေသူ
အဖြစ် ပန်းပုထုနေတယ်။ ခင်ဗျားပြောသလိုမျိုးတော့မဟုတ်ဘူး။ ချဲ့ယူ စပ်ဆက်
ကြည့်မယ်ဆိုရင်တော့ နည်းနည်းနီးစပ်မယ်။ ပင်လယ်လေကို ဆားတွေနဲ့ တို့စား
နေတာလေ။ သဲတရှပ်ရှပ် အဆီတဝင်းဝင်း ကမ်းခြေပဲ။ ချစ်ခြင်းတရား ဆီက
'ခေါင်းသုံး' ဆိုတဲ့ အီးမေးလ်ဝင်လာတယ်။ အလေးချိန်တော့ အတိအကျမသိဘူး။
လေးတယ်။ တော်တော်လေးတယ်။ အဝေးကြီးသယ်သွားရမှာ။ တောင်တန်း
တွေရော ချိုင့်ဝှမ်းတွေရော။ မီးတောင်လည်း ပါသေး။ ဆင်းရမယ့် နေရာက
ချောက်ထဲတည့်တည့်။ သူက တော်လှန်သူ ဖြစ်ပြီး တော်လှန်ခံလည်း ဖြစ်နေ
ပြန်တယ်။ မျိုးဆက်ပြဿနာကို သူ့သားကြောဖြတ်ပြီး ဖြေရှင်းမယ်ပြောနေတယ်။
နောက်ထပ် နေကြာပန်းတွေ ထပ်စိုက်ချင်သေး။ ခင်ဗျားရဲ့ ချက်မြှုပ်မှာ သူ
စစ်ဆင်ရေးတွေလုပ်နေတယ်။ ကျွန်တော်လား။ ဆိုက်ကို ဝင်နေတဲ့တစ်ယောက်
ရဲ့ဘေးက။ ဓါတ်ပုံထဲမှာ သမိုင်းဟာ သွေးစွန်းနေတဲ့ညာအစွန်လူ။ ဆွယ်တာတွေ
အစား အသက်ကယ်အင်္ကျီတွေ ယူသွားတာ ပိုကောင်းမယ်။ တိမ်တွေ ငါတို့
မျက်စိအောက်မှာ အဆုပ်လိုက်အဆုပ်လိုက် ပွင့်နေရဲ့။ သံလိုက်အိမ်မြှောင်က
အလုပ်မလုပ်တော့ဘူး။ ခဲတံတွေကို ပိုကြိုက်ပါတယ်။ ငယ်ဘဝဟာ ငါတို့ ဆီမှာ
ဆီခမ်းနေပြီ။ ဘယ်ဗိုင်းရပ်စ်နဲ့ အတူဆုံးလဲဆိုတော့ အီဘိုလာ။ အနီထက် ပိုမို
နီရဲတဲ့ အနီ။ ဒါ ခင်ဗျား ဦးနှောက်လေ။ ဒါ သူ့ နှလုံးသားလေ။ အပြင်ထွက်ချင်
လိုက်တာမှ အသက်ထွက်မတတ်ပဲ။ ညစာအတွက် တစ်ညလုံး ညစောင့်ခဲ့ရ
တာတွေ ပြန်ပြောင်း ပြောနေတယ်။ သူ့အဆင့်သူ ကောင်းကင်မှာ တက်ချိတ်
ထားတာ။ လည်ချောင်းနာတယ်။ ချောင်းလည်းနာတယ်။ မြစ်လည်းနာတယ်။
တစ်ခုခု ညှော်နေတဲ့အနံ့ အမြဲရတယ်။ ခါးပတ်တွေကို မြဲမြံစွာ ပတ်ထားကြပါ။
ငါတို့ဘယ်ကိုသွားနေတာလဲ။ မသိဘူး။ လမ်းခုလတ်မှာလို့် တော့ ထင်ရတာပဲ။
လင်းလက်တာရာ
18.8.2014

'ဆိုင်ရာအချက်အလက်များအရ မျက်ရည်ဂါလံသန်းချီထုတ်လုပ်ရောင်းချသုံးစွဲပြီး'
ရပ်တည်မှုတစ်ခုက ရပ်တည်မှုအများအပြားကိုခုတ်လှဲနေတယ်။ လူတောတွေတစ်တောပြီးတစ်တော။
ဘယ်အရပ်က အရသာကို လျှာနဲ့သွားလျက်ရမလဲ။ သွားနေတဲ့ခရီးတွေကို သွားတွေက ခဲထားတယ်။
သွားသွား။ 'ဘယ်တော့မှ ပြန်မလာနဲ့' ကို ပန်းခွေမှာသီပေးလိုက်ပြီ။ ဇွမ်ဘီတွေ ငါတို့ဆီ အသိုက်
လာဆောက်တော့မယ်။ မဟုတ်သေး။ ဇွမ်ဘီတွေ ငါတို့ဆီ အသိုက် လာဆောက်နေပြီ။ မဟုတ်သေး။
ဇွမ်ဘီတွေ ငါတို့ဆီ အသိုက် လာဆောက်ပြီးပြီ။ မဟုတ်သေး။ ဟုတ်ပါတယ်။ အဲဒီ သေးတွေပဲ။
'ငါတို့အသက်ကို သူတို့အသိုက် လုပ်ပစ်လိုက်တာ' ။ သူ့စာသားဟာ ဆောက်သွားတွေလို အသား
တွေထဲ ထိုးခွဲဝင်လာ။ အသားထဲကနေ မလောက်ငမှုတွေ ပန်းထွက်။ ပန်းတယ်။ အာဏာပန်းကို
သေးနဲ့ပန်းတယ်။ ဘယ်သူ ပန်ဦးမလဲ။ ပုဂံခေတ်ကလို ပန်းဦးတွေ သူတို့ခူးနေတုန်း။ မြှုပ်ကွက်
တွေကို ချွတ်ချလိုက်တော့ နိုင်ငံရေးက ဝတ်လစ်စလစ်ကြီး။ စလစ်မဖြစ်ဖြစ်အောင် တည်ဆောက်
ထားတဲ့ စီမံကိန်း။ ဟယ်လူစီနေးရှင်းကို လိုးရှင်းလိုလိမ်းထားတဲ့ မြင်ကွင်းတွေ။ ငါတို့မျက်ရည်တွေကို
သူတို့အမြတ်ထုတ်နေကြ။ သစ်ငုတ်တိုတွေလို 'အမျက်'တွေပဲ အရိုးငေါငေါကျန်ရစ်။ ရိတ်သိမ်းခံလိုက်
ရတဲ့ အိပ်မက်တွေကို ထပ်စိုက်ကြတာပေါ့။ နောက်ဆုံးသစ်ရွက်လေးဟာ လေထဲမှာ တန်းလန်း။
ဘဝထဲမှာ တန်းလန်း။ လမ်းတွေကို ကျောပိုးအိတ်ထဲ ခေါက်ထည့်ပြီး ထမ်းခဲ့ကြ။ အရင်းရှင်တွေ
ရှင်တုန်း။ ဗုံးခိုကျင်းတွေဟာ ကမ္ဘာ့မျက်နှာပြင်အနှံ့အပြား လမ်းလျှောက်ထွက်တုန်း။ သမိုင်းနံ့ရလို့
တူးကြည့်လိုက်တာ သွေးမြစ်ကြီးတွေ့တယ်။ စွန့်လွှတ်မှုကို စွန်လို လွှတ်တင်ခဲ့သူတွေ။ ကစားကွက်
အစစ်တွေကို မြက်ခင်းအတုပေါ်တင်လိုက်ကြပြီ။ လူငယ်တွေဟာ လွတ်လပ်မှုကို ကွန်ဒုံးလို သုံးစွဲ။
တော်လှန်စိတ်တွေကို မိခင်အလံလို သုံးစွဲ။ ပြုလုပ်တပ်ဆင်ထားတဲ့ 'ထောင်' 'ချောက်' တွေကတော့
လူငယ်တွေကိုပြန်သုံးစွဲ။ ရယ်သံဟာ လည်ချောင်းထဲမှာအရိုးစူးနေ။ အရိုးစွဲနေတဲ့အယူဝါဒအဟောင်း
အမြင်းတွေ ဘယ်တော့အရိုးဆွေးမှာလဲ။ ကွန်တမ်ပိုရာရီအဆင့်မြင့်အိမ်ရာမှ sexy အသားပေး
ကဗျာမလေးကို လေးလုံးစပ်နဲ့ကြူမိသလိုခေတ်။ ဂီတကို စိတ်နာနေသူ ဂစ်တာလည်း အခန်းထောင့်မှာ
ငေါင်ငေါင်ကြီးငိုင်နေ။ ဘီယာခွက်ထဲက အမြှုပ်တွေဟာ လေတိုက်စားလိုက်ရုံနဲ့ သေသွားတယ်။
' ရေပွက်ပမာ' ကိုရေပူဖောင်းလေးတွေထဲထည့်ပြီး ပေါက်ကွဲပျောက်ကွယ်သွားတဲ့အထိတွေးခေါ်နေမိ။
တချို့အတွေးတွေက လူအုပ်ကြီးကို ခေါ်လာ။ တချို့အတွေးတွေက တတိယကမ္ဘာစစ်ကိုပါ ခေါ်လာ
ဦးမှာလား။ ဟစ်တလာလို့ နာမည်ပေးထားတဲ့ဖိနပ်ကို နပိုလီယံလို့ နာမည်ပေးထားတဲ့ခွေးကချီသွား။
တချို့ခွေးတွေက လူတွေကို ပြန်ချည်ထားတယ်။ လူတွေဟာ အတုတ်အနှောင်ခံတွေဖြစ်ပြီး ရုန်းကန်
လွတ်မြောက်မှုရဲ့ ကျွန်တွေ ဖြစ်နေပြန်တယ်။ မိတ်ဆွေရော အသားညှပ်ပေါင်မုန့်ကို ကြိုက်လား။
အသားညှပ်ပေါင်မုန့်ကြားမှာ လူမျိုးတစ်စုရောက်သွား။ အသားညှပ်ပေါင်မုန့်ကြားမှာ မြို့ကြီးတစ်မြို့
ရောက်သွား။ တိုင်းပြည်တစ်ပြည် ရောက်သွား။ ကမ္ဘာကြီးပါ ရောက်သွား။ နွေရဲ့တံလျှပ်ထုထည်ထဲမှာ
စိုက်ဝင်နေသူ ဥဩငှက်လေးလည်း တန်းလန်း။ ငါ့ကိုလာဟပ်တဲ့ ငါ့ရန်သူလည်း ငါ့လိုပဲ ငါးမျှားချိတ်မှာ
တန်းလန်း။
လင်းလက်တာရာ
11.8.2014
ဖားကဖား အသံကအသံ
အသံကြောင့်ဖားသေ။ အသံကြောင့်တော့ ဖားတိုင်းမသေ။
အသံက အရေးကြီးတာလား။ ဘာသာစကားက အရေးကြီးတာလား။
ဖားက မိုးကိုအသေခံပြီးဖွဲ့ဆိုတယ်။ ဖားက မိုးရာသီရဲ့အကောင်းဆုံးကစားသမား။
ကိုယ်သေမတတ်ပြောနေလည်း သူနားမလည်ရင် သဲထဲရေသွန်ပဲ။
သူသေမတတ်ပြောနေလည်း ကိုယ်နားမလည်ရင် အလကားပဲ။
ဖားဟာ မြေအောက်တော်လှန်ရေးခေါင်းဆောင်။ အနေအထိုင်ကျစ်လစ်တယ်။
အသံမရှိသူမှာ ဘာသာစကားလိုမလို။ အမူအရာတွေက အနက်အဓိပ္ပါယ်တွေပဲ။
ဖားမှာအသံရှိတယ်။ လူမှာအသံရှိတယ်။ လူနဲ့တိရစ္ဆာန်ကို ဘာသာစကားတွေက
ခြားထားတယ်။ လူလူချင်းတောင် ဘာသာစကားတွေက ခြားထားတယ်။
ဖားမတစ်ကောင်ဟာ ဥဥတဲ့အခါ ဥပေါင်း နှစ်သောင်းဝန်းကျင်လောက်ဥတယ်။
မျက်လုံးမှပြောသော အသံများ။ နှလုံးသားမှ ပြောသော အသံများ။
အသံမှာ အရောင်အမျိုးမျိုးရှိတယ်။ အသံမှာ ကီးအမျိုးမျိုးရှိတယ်။
ဖားဥကနေ ဖားလောင်း၊ ဖားလောင်းကနေ ဖားတစ်ကောင်ဖြစ်ဖို့
ရက်ပေါင်း (၉၀) နီးပါးကြာတယ်။ ခေတ်ပေါ်လား ခေတ်ပြိုင်လား မကွဲပြားတဲ့
ဖားတစ်ပိုင်းငါးတစ်ပိုင်းဘဝကိုလည်း ရုန်းကန်ရင်ဆိုင်ခဲ့ရတယ်။
တချို့အသံတွေက စပ်ဆက်နေတယ်။ တချို့အသံတွေက သီးခြားကွဲ/ခွဲထွက်နေတယ်။
တချို့အသံတွေက ပြုလုပ်ဖန်တီးထားတာ။ တချို့အသံတွေက သဘာဝစစ်စစ်။
ဖားတစ်ကောင်အဖြစ်ရှင်သန်ဖို့ဆိုတာ လူတစ်ယောက်ရှင်သန်ဖို့ထက် ခက်ခဲနေမလား။
တချို့အသံတွေမှာ ဩဇာအာဏာရှိ။ တချို့အသံတွေမှာ ဩဇာအာဏာမရှိ။
ခေါင်းလောင်းသံက ခေါင်းလောင်းသံပဲ။ သေနတ်သံက သေနတ်သံပဲ။
ရယ်သံက ရယ်သံပဲ။ ငိုသံက ငိုသံပဲ။ အသံချင်းတူပေမယ့် အသံချင်းမတူ။
တချို့အသံတွေက ရွှေ့ယူလို့မရလောက်အောင် အသားကျနေတယ်။
ဖားဟာ ငါးရဲ့အစာလည်းဖြစ်။ မြွေရဲ့အစာလည်းဖြစ်။ ကြောင်ရဲ့အစာလည်းဖြစ်။
လူရဲ့အစာလည်းဖြစ်။ ဖားဟာ အစာသက်သက်လား။ အစားခံသက်သက်လား။
အသံတွေက သိမှုကို တိုက်ရိုက်ဆက်ဆံတယ်။ အသံတွေက ကြိမ်နှုန်းမြင့်တုန်ခါတယ်။
ဆင်တူယိုးမှားအသံတွေက အာရုံကို မှောက်မှားစေတယ်။
ဘေးအမျိုးမျိုး ရန်အသွယ်သွယ်နဲ့ ဖားကိုမှ တုံးပိလေခြင်း။
အသားကျနေတဲ့အသံတွေကို ပြောင်းပြန်လှန်ကြည့်တဲ့အခါ။ ဥပမာ။
သင်ဟာ အမျိုးသမီးဆိုပါစို့။ သင့်အသံဟာ ယောက်ျားသံကြီးအဖြစ်ပြောင်းသွားမယ်။
သင်ဟာ အမျိုးသားဆိုပါစို့။ သင့်အသံဟာ မိန်းမသံကြီးအဖြစ်ပြောင်းသွားမယ်။
ရှော့ခ်ရသွားပြီလား။ အသားကျနေတဲ့ ကဗျာကို ပြောင်းပြန်လှန်တဲ့အခါ။
အသံကြောင့်တော့ ဖားတိုင်းမသေ။ ဖားရဲ့ ဆင့်ကဲဖြစ်စဉ်တိုင်းမှာ ဖားဟာ အချိန်မရွေး
သေနိုင်တယ်။ အောင်မြင်တဲ့ ဖားတစ်ကောင်အဖြစ် သင် ရပ်တည်နိုင်ပါ့မလား။
အသံအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ။
လင်းလက်တာရာ
14.8.2014

'ငါ' ဗဟိုပြု အသက် ( ) နှစ်
နေအိမ်မှ ကားများ မွန်းလွဲတစ်နာရီမှာ စက်ပျက်။ လူဟာ
အင်ဂျင်တစ်လုံးလို တစ်စစီပြုတ်ထွက်နေ။ သစ်ရွက်တွေ
ဗြူးတီးစလွန်းရှေ့ဝေ့ဝဲ။ အပုပ်ကောင်တွေ ဗြူးတီးစလွန်းထဲက
ထွက်လာ။ သစ်ရွက်တွေကို ရယ်ရယ်မောမောနင်းသွား။
တစ်ယောက်သောသူ ပြတ်နေတဲ့ဖိနပ်ကို နမ်းနေ။ လမ်းဟာ
အလိုမပြည့်သူတွေနဲ့ မတော်တော့။ တဒေါက်ဒေါက်ကျနေသော
စိတ် အစိပ်အပိုင်းများ။ အချိန်အခါမဟုတ် ကိလေသာမိုးများ
ရွာသွန်းခြင်း။ အီဂိုနာကျင်မှုမြစ်ဘေးထိုင်ငေးရင်း ကမ်းပြိုကျမှု
ဖြစ်စဉ်။ နှစ်ထပ်ကိန်းသွေ့ခြောက်မှု အရိုးကွဲ အော်သံများ။
ဆေးရုံထဲကနေ စွပ်ကြောင်းကြီးတစ်ခု ငေါထွက်။ ရေသောက်
မြစ်တွေလို ဖြာထွက်သွား။ လူသားအသစ်လေး ဆိုပေမယ့်
သံသရာအဟောင်းကြီးနဲ့။ ဦးနှောက်ဟောင်းလောင်းကြီးထဲ
မြွေလို ဝင်ခွေနေတဲ့ငွေ။ ရွက်ကျပင်ပေါက်ဒဏ်ရာတွေ ရှု့ ခင်း
အပြည့်။ ခန္ဓာအိမ်ထဲမှာ လောက်အဖွဲ့အစည်း။ တစ်ယောက်ရဲ့
ဦးခေါင်းပေါ် တစ်ယောက်က မစင်စွန့်။ တစ်ယောက်သွေးကို
တစ်ယောက်သောက်နေသောသွေးသောက်များ။ သူ့နှလုံးသားမှာ
သားသတ်စခန်း။ သူ့အဘိဓါန်ထဲမှာ မှိုင်းတွေ။ မှိုင်းတွေဟာ
မိုင်းတွေလို ပေါက်ကွဲ။ ဘောင်ထဲမှာ အမှောင်တွေ ရုန်းကန်၊
အော်ဟစ်၊ ကခုန်။ ဝတ်ရုံနက်ကြီးဟာ ညတစ်ခုလုံးကို ခြုံထား။
အလင်းရှာရင်းရှားရင်း ကန်းသွားတဲ့မျက်လုံးတွေ။ အရသာ
ရှာရင်းရှာရင်း ပြတ်ထွက်သွားတဲ့ လျှာတွေ။ ပြတင်းပေါက်နဲ့
အုတ်တံတိုင်း လွဲတယ်။ ပျော်ရွှင်မှုနဲ့ ချောက်ကမ်းပါး မှားတယ်။
လူ့အလွှာများအတွင်း သွေးယိုစီးမှုနှုန်းမြင့်တက်။ Kimberley
တွင်းနက်ကြီးမှ စိန် ၃တန်လောက် ထွက်ရှိပြီး။ လူ့လူးတွင်းကြီးမှ
ကျည်ဆံဘယ်နှတန် ထွက်ရှိပြီးပြီလဲ။ ချက်ရီပက်ဘလစ်နိုင်ငံမှ
ဘာသာရေးစစ်ပွဲအတွင်း ကျဆုံးသွားသူတွေရဲ့ အရိုးတွေနဲ့
အလှဆင်ထားတဲ့ ဘုရားရှိခိုးကျောင်း။ ယနေ့၊ အသက်ပေါင်း
သန်း ၇ထောင်။ အသိဥာဏ်ပေါင်း သန်း ၇ထောင်။ 'ထောင်'ပေါင်း
များစွာထဲမှာလည်း ထောင်ပေါင်းများစွာ။ မျက်ရည်ထုထည်
ထဲမှာ မီးတောင်။ ယပ်တောင်ပေါ်မှာ နာရေး။ နာရေးပေါ်မှာ
သင့်သိမှု။ ကွယ်လွန်သူ၏ သားသမီး မြေးမြစ်များမှ ဆက်လက်
သေဆုံးပါမည်။
လင်းလက်တာရာ
31.8.2014
အဆာအိမ်
အစာအိမ်အချဉ်မပေါက်ဘူး ၊ အဆာအိမ် အချဉ်ပေါက်တာ။
ဘယ်ဆေးနဲ့ မှမတည့်ဘူး ၊ စာနဲ့ပဲ တည့်တယ်။
ဖန်လုံအိမ်ကြီးလို အဆာအိမ်ပေါ့။ ခန္ဓာအိမ်ပေါင်းများစွာနဲ့ 
ဖွဲ့စည်းထားတဲ့ အဆာအိမ်ပေါ့။ ဆာခဲ့တာတွေက
ပစိဖိတ်သမုဒ္ဒရာကြီးတစ်ချပ်စာ မကဘူး။ အာရှတိုက်ကြီးတစ်တိုက်စာ မကဘူး။
ပစိဖိတ်သမုဒ္ဒရာကြီးတစ်ချပ်စာမကတဲ့ အဆာအိမ်ကြီးပေါ့။
အာရှတိုက်ကြီးတစ်တိုက်စာမကတဲ့ အဆာအိမ်ကြီးပေါ့။
ဝမ်းနဲ့လွယ်ထားရတဲ့ ကဗျာဟာ အဆာအိမ်ကြီးထဲကနေ အော်တယ်။
အော်သံတွေဟာ ချည်မျှင်ဆန်တဲ့လှိုင်းတွေ အထပ်ထပ်အလွှာလွှာနဲ့ 
အဆာအိမ်ကြီးထဲမှာ။ အစာအဟာရဆာတယ်။ စိတ်အာဟာရဆာတယ်။
အစာအဟာရရော စိတ်အဟာရရော ဆာနေတဲ့ အဆာအိမ်ကြီး။
လွတ်လပ်မှုဟာ အဆာအိမ်ကြီးထဲ ပိတ်နေတဲ့ သွေးပြန်ကြော။
အဆာအိမ်ကြီးကို အုတ်တံတိုင်းတွေ ခတ်ထားတယ်။
သံဆူးကြိုးတွေ ပတ်ထားတယ်။ cctv တွေ တပ်ထားတယ်။
အနံ့ခံခွေးတွေ လွှတ်ထားတယ်။ လက်နက်အပြည့်အစုံနဲ့ 
လုံခြုံရေးတွေချထားတယ်။ လူ့ ဘုံကို ငရဲဘုံနဲ့ 
Hybrid လုပ်ထားတဲ့ အဆာအိမ်ကြီးပေါ့။ လေးဘက်လေးလံ
အမှောင်ချခံထားရတဲ့ အဆာအိမ်ကြီးပေါ့။ အသားစားနွယ်ရှင်တွေ
အစုလိုက်အပြုံလိုက် စိုက်ထားတဲ့ အဆာအိမ်ကြီးပေါ့။
နက်ရှိုင်းမတ်စောက်တဲ့ ချောက်ကြီးထဲ တွန်းချခံနေရတဲ့
အဆာအိမ်သူအဆာအိမ်သားတွေ။ လူ့အခွင့်အရေးအစိပ်အပိုင်းတွေ
တစ်စစီ ခုတ်ထစ်ဖြတ်တောက်ခံနေရတဲ့ အဆာအိမ်သူအဆာအိမ်သားတွေ။
အဆာအိမ်ကြီးထဲမှာ အသက်သွေးကြောပေါင်း မြောက်များစွာ။
အဆာအိမ်ကြီးထဲမှာ အလင်းဆာနေတဲ့မျက်လုံးပေါင်း မြောက်များစွာ။
အိမ်စစ်စစ်ကို ဆာနေတဲ့ အဆာအိမ်ကြီး။ ဒီမိုကရေစီ စစ်စစ်ကို
ဆာနေတဲ့ အဆာအိမ်ကြီး။ တိုင်းပြည်စစ်စစ်ကို ဆာနေတဲ့ အဆာအိမ်ကြီး။
သူတို့ဟာ အဆာအိမ်ကြီးကို ရည်ရွယ်ချက် ရှိရှိ မွေးမြူထားတယ်။
သူတို့ဟာ အဆာအိမ်ကြီးကို ဘော်လီဘောတစ်လုံးလို ပုတ်ပုတ်ပြီးကစားတယ်။
သူတို့ဟာ အဆာအိမ်ကြီးထဲ စိတ်ကင်ဆာတွေ ထိုးသွင်းတယ်။
လူသားမျိုးနွယ်တွေကို လွယ်ထားရတဲ့ ကမ္ဘာ့သားအိမ်ကြီးလည်း ပါးပါးလာ။
အိုဇုန်းလွှာလို ပါးပါးလာတဲ့ အဆာအိမ်ကြီးလည်း ပါးပါးလာ။
အခု ခင်ဗျားရော ကျွန်တော်ရော ပေါက်ကွဲလုလု အဆာအိမ်ကြီးထဲမှာ။
လင်းလက်တာရာ
24.9.2014

ရောင်စုံသီတင်းကျွတ်လေး ရဲ့ ဝေးဝေးက ကဗျာ
လပြည့်ညဆိုလို့မော့ကြည့်လိုက်တာ
မျက်လုံးထဲ တိမ်ပုပ်တွေ ဝင်သွားတယ်
ပြည်တွေတစိမ့်စိမ့်ယိုစီးရွာကျနေတဲ့ တိမ်ပုပ်တွေပေါ့
အဲဒီညိုပုပ်ပုပ်ပြည်တွေကြားကပဲ ငါ့တိုင်းပြည်ကို မြင်ယောင်ရ
ငါ့မြို့ကို မြင်ယောင်ရ ငါ့မြစ်ကို မြင်ယောင်ရ ငါ့အိမ်ကို မြင်ယောင်ရ
ငါ့မိသားစုကို မြင်ယောင်ရ ငါ့လူငယ်ဘဝရဲ့ ရှု့ မျှော်ခင်းမလေးကို မြင်ယောင်ရ
မြင်ယောင်ရင်း မြင်ယောင်ရင်း မြင်ယောင်ခြင်းတွေ ယောင်ကိုင်းလာ
မို့မောက်လာ နာကျင်လာ ကိုက်ခဲလာ ပေါက်ထွက်လာ ပန်းထွက်လာ
အဖြူဆွတ်ဆွတ်ပြည်တည်နာတွေ
အဲဒီပြည်တွေကို မီးမြိုက် စိတ်ကို မီးပုံးပျံလို မှိုင်းဝအောင်တိုက်လိုက်တယ်
ပျံသန်း
လင်းလက်တာရာ
8.10.2014
သီတင်းကျွတ်လပြည့်ည
တက်တူးထိုးသူ
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ ဆီ ရုပ်ရှင်မင်းသမီးရောက်လာတယ်
ရင်သားအစပ်မှာ နှင်းဆီပုံလှလှလေး ထိုးပေးလိုက်ရ
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ဆီ အဆိုတော်မလေးရောက်လာတယ်
ချက်အောက်မှာ ကြယ်ပွင့်ပုံလှလှလေး ထိုးပေးလိုက်ရ
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ ဆီ မော်ဒယ်ကောင်မလေးရောက်လာတယ်
တင်ပါးမှာ လိပ်ပြာပုံလှလှလေး ထိုးပေးလိုက်ရ
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ
သူ့ ဆီ ခင်ငြိမ်းအိဖြူ ရောက်လာတယ်
ရင်သားအစပ်မှာ နှင်းဆီပုံလှလှလေး ထိုးပေးပါ ပြောတယ် ၊ သူငြင်းတယ်
ချက်အောက်မှာ ကြယ်ပွင့်ပုံလှလှလေး ထိုးပေးပါ ပြောတယ် ၊ သူငြင်းတယ်
တင်ပါးမှာ လိပ်ပြာပုံလှလှလေး ထိုးပေးပါ ပြောတယ် ၊ သူငြင်းတယ်
ခင်ငြိမ်းအိဖြူ ဒေါသတကြီးလှည့်ထွက်သွား
သူ့ ဘဝထဲက အပြီးအပိုင်ထွက်သွားတာလည်း ဖြစ်နိုင်တယ်
ဘယ်တော့မှ ပြန်မလာတော့တာလည်း ဖြစ်နိုင်တယ်
တက်တူးထိုးသမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတက်တူးမှ မရှိ ဆိုပေမယ့်
သူ့ နှလုံးသားမှာတော့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ တက်တူးတစ်ခုတော့ ရှိတယ်
ခင်ငြိမ်းအိဖြူ
လင်းလက်တာရာ
19.10.2014

ကွက်လပ်များစွာနဲ့ .............ခဲ့ပုံတွေဟာ ပုံပြင်မဟုတ်
ဗုံမဟုတ်ပတ်မဟုတ်ဘဲ .............တွေ မြည်ဟီး
ကျည်ဆံကို စက်ရုံမှထုတ်လုပ်၍ ဇာတိမာန်ကို ..............မှ ထုတ်လုပ်သည်
ချစ်မေတ္တာက ကဗျာဆို ၊ ...........တွေဟာ ကဗျာကို အလှဆင်ပေးထားတဲ့ လိုင်းတွေ
လိုင်းတွေဟာ တစ်လိုင်းနဲ့ တစ်လိုင်း .............တယ်
သစ်တောတွေက ............. တွေကို ပြုံးအောင် ဖန်တီးတယ်
........တွေက သစ်တောတွေကို ပြုန်းအောင် ပြုလုပ်တယ်
နဂိုအတိုင်း အနှစ်သာရအတိုင်း နှလုံးခုန်သံအတိုင်း ၊ တစ်တိုင်းနဲ့တစ်တိုင်း ....... ကုန်တယ်
ကုန်သည်ကြီးများဟိုတယ်ရှေ့ မှာတောင် ............. တွေ အလုပ်မဖြစ်ရှာဘူး
တစ်ဝမ်းတစ်ခါးတွေဟာ .......... လာတယ်၊ အချိုဓာတ်တွေဟာ .......... လာတယ်
.......... တွေကို လှီးထုတ်ခုတ်ထွင်ရှင်းလင်းပစ်ရတာကလည်း စိတ်ကို ပြုစုပျိုးထောင်ခြင်းတစ်မျို
............ ထဲမှာ ခူးဆွတ်ထားတဲ့ အိပ်မက်အကြီးကြီး ရှိနေတယ်
သဲကန္တာရထက် ပိုပြီး ........... တဲ့ လူ့ဘုံကြီးလေ
............ တွေဟာ ရောဂါပိုးတွေကို ပိုမိုဆိုးရွားစေတယ်
ကာဗွန်ဒိုင်မြို့ပြဥခွံထဲကနေ ကျေးလက်က ........... သံလေးကို ငေးဆွတ်နေရတာ
နယူးဇီလန်က အမဲသားကိုစားပြီး နယူးဇီလန်က မြက်ခင်းလွင်ပြင်ကြီးရော ......... မိသေးလား
ရသလောက် ရသလေးနဲ့ ............. ကို တင်းတိမ်ရောင့်ရဲနေရတာ
............. ကိုဖွင့်ကြည့်လိုက်တော့ တစ်ပြည်လုံး မွှေးပျံ့သွားတယ်
ဖြတ်ချခံရတဲ့ .......... တွေ ၊ ဖြည်ချ ခဲ့တဲ့ ........... တွေ
ခေတ်ကာလကြီးအကြောင်း ............ က ကောင်းကောင်း သိတယ်
........... တွေ ထုထည်ကြီးမားပိတ်သည်းနေပုံ၊ နိုင်ငံတော်ဟာ ............ တွေ ပန်ထားပုံ
သမိုင်းဟာ တက္ကသိုလ်တွေထဲမှာ ............. နေပုံ
စက္ကူစွန်လေးလုပ်ပြီး .......... တွေကိုပါ ရောယောင် လွှတ်တင်လိုက်မိ
တိုက်လေယာဉ်တွေက .......... တိုက်ကြီးကို တိုက်ခိုက်နေတယ်
............. တွေသွေးစွန်းကုန်ပြီ ၊ ကြယ်တွေ ကျယ်လောင်စွာ ....... ကုန်ပြီ
.............. ဟာ ကုန်မဟုတ်ဘူး ၊ Not for ...........
ဆေးဝါးတွေဟာ .......... ကို မကယ်နိုင်ဘဲ စာတွေက ကယ်တင်သွားတာ
ရန်ကုန်နာမည်နဲ့ ပွင့်ဝေနေတဲ့ ပန်းတွေကို ........ ကနေ လှမ်းနမ်းနေတာ
အလုခံနေရတဲ့ လူ့အခွင့်အရေးဟာ ........... တွေရဲ့ လက်ထဲမှာ
ကမ္ဘာကြီးဟာ ........ တွေရဲ့ သားကောင် ၊ ကမ္ဘာကြီးဟာ ...... တွေရဲ့အသားစားသတ္တဝါ
ဒီအရေးအသားထဲက ........... တွေကို ဖြည့်ချင်ဖြည့်ပါ
ဒီအရေးအသားထဲက ........... တွေကို မဖြည့်ချင်မဖြည့်ပါနဲ့
လွတ်လွတ်လပ်လပ် .............. နိုင်ပါကြောင်း
လင်းလက်တာရာ
22.10.2014
ရွာရိုး
ကံဇာတ်ဆရာက ကတ်ဆက်ကို အကျယ်ကြီးဖွင့်နေသည်။
'ဟဲလို အမေ နေကောင်းလား၊ သား ဒီလ အိုတီမကောင်းလို့ အဲဒါ '
လေကြမ်းတိုက်နေသည်။ ညောင်ရွက်တွေ တဖွဲဖွဲကြွေနေသည်။
ညောင်ကိုင်းတွေ တစ်ကိုင်းနဲ့ တစ်ကိုင်း တဖြောင်းဖြောင်းရိုက်နေသည်။
ညောင်မြစ်တွေရော ပုတ်သင်ဥတွေရော ပေါ်ကုန်သည်။
'စာဥရယ် နင် မလေးရှားသွားတာတောင် ၃ နှစ်ရှိပြီ ငါ့ဆီ စာလေးတစ်စောင်တောင် မရေးဘူး'
လေကြမ်းက အလစ်ဝင်ဝင်တိုက်သည်။ မလေးရှားပိတောက်ပင်ပေါ်က
စာသိုက်တွေ ပြုတ်ကျသွားသည်။ စာဥတွေ ကွဲကုန်သည်။
'ငါ နွားမဟုတ်ဘူး ဝိုင်းစိန်၊ ဒါပေမယ့် ငါ ငါ နွားလုပ်ပါရစေ
နင့်အရှက်နဲ့ အသက်အတွက် ငါ နွားလုပ်ပါရစေ'
တစ်ခါတရံ၌ ချစ်ခြင်းမေတ္တာသည် နွားအုပ်ပျောက်နေသော နွားကျောင်းသားကဲ့သို့။
နွားတွေရော လူတွေရော ယိုးဒယားသို့ ဒလဟော စီးဝင်နေသည်။
'ကိုရင်ရယ် လှည်းကို ဖြည်းဖြည်းမောင်းပါ တကတည်း
ရှင့်လှည်းကြီးစီးရတာ ဖင်တွေရင်တွေကို အောင့်နေတာပဲ'
'တတိယလှိုင်းဆိုတာ ဟော့ဒီ ဖုန်လုံးကြီးတွေပေါ့ မမိုး
ဟော ဟိုက ရိုးပြတ်တောကြီးက အသိမ်းခံထားရတဲ့ လယ်မြေတွေပေါ့
တွေ့ လား ဟိုမှာ မုန့်စိမ်းပေါင်းတုံးလို အလှီးခံထားရတဲ့ တောင်ကြီးလေ'
ဆွမ်းတော်ချက်ရန် ထတော်မူပါ့ ဘွန္တော သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ 
အော်အီးအီးအွတ် ။ မနှစ်က ပန်းတောင်ကိုင်မလေးသည် ယခု
ခြင်္သေ့တစ်ပိုင်းငါးတစ်ပိုင်းကျွန်းကြီးပေါ်တွင် ကြမ်းတိုက်နေပါသည်။
'ငါ အခု ရွာပြင်က ရေနံပိုက်လိုင်းကြီးပေါ်မှာထိုင်ပြီး နင့်ကိုလွမ်းနေတယ်
ဒီပိုက်လိုင်းကြီးအတိုင်း လိုက်လာခဲ့ရင် နင်နဲ့ တွေ့ရမှာလား ကြာညို'
နေလည်းညိုပြီ။ ရေလည်းခြောက် ကြာလည်း ပျောက်ပြီ။
'နင့်အဖေ မဟုတ်မခံလူရိုးတုံးတိုက်ကြီးကိုလေ သူတို့ ဖမ်းခေါ်သွားကြပြီ'
ညနေခင်းကြီးတစ်ခုလုံး မျက်ရည်တွေနဲ့ ပြည့်သွားသည်။
ကျေးလက်သည် မောင်းကျောက်မှန်ထားသည့် ကြက်ကဲ့သို့။
ရွာရိုးကို ဘယ်သူတွေ ရိုင်းလိုက်ကြသလဲ။
ရွာအရိုးကို ဘယ်သူတွေ ကိုက်နေကြသလဲ။
လင်းလက်တာရာ
15.10.2014
( ဗြူးတီးမဂ္ဂဇင်း ၊ ဒီဇင်ဘာ ၊ ၂၀၁၄)

ဧရာမမီးခိုးမှိုပွင့်ကြီးတွေ
သူတို့တွေ ကမ္ဘာဆီ ရောက်လာပြီးကတည်းက မပြန်တော့
ဟီရိုရှိးမားမှာ ပွင့်တယ် ၊ အရှေ့ တောင်အာရှမှာ ပွင့်တယ်
ဥရောပမှာ ပွင့်တယ် ၊ လစ်ဗျားမှာ ပွင့်တယ်
အာဖဂန်နစ္စတန်မှာ ပွင့်တယ် ၊ ဆီရီးယားမှာ ပွင့်တယ်
အမေရိကမှာ ပွင့်တယ် ၊ အာဖရိကမှာ ပွင့်တယ်
တိုက်ကြီး ၆ တိုက်စလုံးမှာ သူတို့ပွင့်တယ်
မြို့တော်ကြီးတစ်ခုလုံး တစ်စပြင်ကြီးဖြစ်သွားအောင် သူတို့ပွင့်တယ်
ဥယျာဉ်ကြီးတစ်ခုလုံး ပြာပုံကြီးဖြစ်သွားအောင် သူတို့ပွင့်တယ်
သွေးသံရဲရဲ သေပန်းတွေ အစုလိုက်အပြုံလိုက် အဆုတ်လိုက်အခဲလိုက်ဖြစ်အောင် သူတို့ပွင့်တယ်
မိသားစုတွေ၊ အသိုက်အမြုံတွေ တစ်စစီတစ်ပိုင်းစီတစ်မှုန့်စီ ဖြစ်အောင် သူတို့ပွင့်တယ်
မျက်ရည်တွေ ချောင်းစီး၊ နှလုံးသားမှာ အာဃာတမီးတွေ တောက်အောင် သူတို့ပွင့်တယ်
သမိုင်းတစ်ခုလုံး ညစ်ထေးစုတ်ပြတ် ကြည့်ရက်စရာမရှိအောင် သူတို့ပွင့်တယ်
နိုင်ငံကြီးတစ်ခုလုံး ကုန်းကောက်စရာမရှိအောင် သူတို့ပွင့်တယ်
ကမ္ဘာကြီးတစ်ခုလုံး ရစရာမရှိအောင် သူတို့ပွင့်တယ်
မေတ္တာတရားတွေ ပွင့်တာကောင်းတယ် ၊ သူတို့ပွင့်တာ မကောင်းဘူး
အနုပညာတွေ ပွင့်တာကောင်းတယ် ၊ သူတို့ပွင့်တာ မကောင်းဘူး
ပြတင်းပေါက်တွေ ပွင့်တာကောင်းတယ်၊ သူတို့ပွင့်တာ မကောင်းဘူး
ပန်းတွေပွင့်တာကောင်းတယ်၊ သူတို့ပွင့်တာ မကောင်းဘူး
မကောင်းပေမယ့်လည်း ပွင့်အားကောင်းနေဆဲ သူတို့
တကယ်တော့ သူတို့ဟာ အလေ့ကျပေါက်လာတာ မဟုတ်
လူတွေကပဲ သူတို့ကို တကူးတက ပျိုးထောင်ခဲ့ကြတာ
သူတို့မျိုးအောင်လာတာနဲ့အမျှ လူသားတွေက မျိုးတုံးပေးနေရပုံ
ဘယ်ခေတ် ဘယ်စနစ် ဘယ်သက္ကရာဇ် ရောက်မှ သူတို့ပွင့်တာ ရပ်မှာလဲ
သူတို့မပွင့်အောင် ငါတို့ ဘယ်လိုပွင့်ရမလဲ
လင်းလက်တာရာ
26.10.2014
( ငြိမ်းချမ်းရေးကဗျာ ၁၀၀ ၊ ၂၀၁၅)
စိတ်တစိမ့်စိမ့်
လိုင်းပေါ်ရောက်တာနဲ့ အာရုံက နောက်တော့တာပဲ
ကျွဲခြေရာခွက်လောက် အကြည်ဓာတ်လေးကို နွားအုပ်ကြီး ဖြတ်နင်းသွား
နေ့စဉ်လူ့ဖြစ်တည်မှုဆိပ်ကမ်းမြို့လေးပေါ် ဒီရေတွေတက်ပြီးတန့်နေ
နေထွက်ချိန်ကို မမီလိုက်တဲ့နေ့တွေ များလာတယ်
နေဝင်ချိန်ကို မမြင်လိုက်ရတဲ့ရက်တွေ ထပ်လာတယ်
တင်းထားတဲ့စိတ်တွေ အစည်းလိုက်ပြေကျသွားတယ်
အမှိုက်ကားထဲ သွန်ချလို့မရတဲ့ အကုသိုလ်တွေကို ပြန်ထမ်းလာရတယ်
တစက်မြိတ်ကနေ လှိမ့်ကျလာတဲ့ ရေစက်တွေလိုပဲ
တချို့ဘဝတွေ ဘဝအဖြစ်ကနေ လျှောကျနေ
ကဗျာဟာ ပင်လယ်ရေမျက်နှာပြင်ထက် ဘယ်လောက်မြင့်မြင့်မှာ လွင့်နေတဲ့တောင်လဲ
ကဗျာဟာ ပင်လယ်ရေအောက် ဘယ်လောက်နက်နက်မှာ မြုပ်နေတဲ့ ကျွန်းလဲ
မမြင်ရတဲ့တောင်ကို ကိုယ့်ဘာသာ နာမည်ပေးပြီး တက်နေ
မမြင်ရတဲ့ကျွန်းကို ကိုယ့်ဘာသာ နာမည်ပေးပြီး ရွက်လွှင့်နေ
ညနက်ကြီးထဲ ဘတ္ထရီအိုးလို အခန်းပျက်နေတဲ့ သိမှုနန်းကြိုးမျှင်လေးရဲ့ လင်းပွင့်မှု
ငါ့အခန်းကို ငါ လော့ချလိုက်တယ်
တကယ်တော့ ငါ့အခန်းက ငါ့ကို လော့ချလိုက်တာ
ငါ့သီးခြားကမ္ဘာထဲမှာ ငါဟာ သီးနေတယ် ငါဟာ နင်နေတယ်
ငါ့နိုင်ငံတော်လည်း နိုင်ငံရေး အမြတ်ထုတ်ခံနေရတယ်
ငါလည်း ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ အမြတ်ထုတ်ခံနေရတယ်
မြက်ပင်လေး တစ်ပင်သာ ဖြစ်လိုက်ချင်တော့တယ်
ကောင်းကင်ပြာကြီးကို မော့ကြည့်ပြီး တွေးခေါ်မယ်
တိမ်တွေက ငါ့ဆီ ဆက်သွယ်လာမယ် ငါစိမ်းလန်းမယ်
ရေတံခွန်လို ပျော်ရွှင်မှုလေးကို မီးတောက်ကြီးထဲက ပြန်ရွေးရဦးမယ်
မိသားစုထမင်းဝိုင်းလေးကို ဂလိုဘယ်လှိုင်းလုံးကြီးထဲက ပြန်ဆယ်ယူရဦးမယ်
အစာအိမ်တွေအတွက် အသိုက်မြုံအိမ်ထဲကနေ
စက်ချို့ယွင်းနေတဲ့ လေယာဉ်တစ်စင်းလို ပျံတက်ခဲ့ရတယ် ခဏခဏ ပျက်ကျတယ်
အခု ခဏခဏပြိုကျတတ်တဲ့ စိတ်ကူးသဲအိမ်လေးထဲမှာ
'သဲထဲရေသွန်'တွေ မျက်လုံးထဲဝင်သွားတယ်
နှလုံးသားထဲ ဝင်သွားတယ် ဦးနှောက်ထဲ ဝင်သွားတယ်
လူဆိပ်မိတဲ့ လူတွေ ကမ်းခြေ ဘယ်နှခုစာ
ဘာသာရေးအဆိပ်တွေ နိုင်ငံရေးအဆိပ်တွေ လူမျိုးရေးအဆိပ်တွေ
စိတ်တွေထဲ အဆိပ်တွေ ကူးစက်ပျံ့နှံ့
အဆိပ်တွေ လေထုနဲ့အပြည့် အဆိပ်တွေ လူထုနဲ့အပြည့်
ဒီနေ့ရတဲ့တရားဟာ မနက်ဖြန်ထိ ခံပါ့မလား
လိုင်းတွေကို ချွတ်လိုက်တပ်လိုက်လုပ်ကြည့်တယ်
စကားလုံးတွေကို ချွတ်လိုက်တပ်လိုက်လုပ်ကြည့်တယ်
လောကဓံကိုလည်း ချွတ်လိုက်တပ်လိုက်လုပ်ကြည့်ချင်တယ်
တချို့အဓိပ္ပါယ်တွေက လုပ်ကြည့်မှရလာတာတွေ တူးကြည့်မှရလာတာတွေ
တူးကြည့်လို့ရလာတဲ့ ရေတွေ ရေနံတွေ ကျောက်သံပတ္တမြားတွေ
တူးကြည့်လို့ရလာတဲ့ ညှော်နံ့တွေမှာလည်း သူ့အဓိပ္ပါယ်နဲ့သူ
ကိုယ်လည်း ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်
လောလောဆယ် သူငိုလို့ ကိုယ့်ပါးမှာ စိုနေတဲ့ မျက်ရည်တွေ
လင်းလက်တာရာ
29.10.2014

မီးပုံးပျံ
အဲဒီမီးပုံးပျံကြီးက သူ့အပေါ်တည့်တည့်
ပျက်ကျလာလိမ့်မယ်လို့ မတွေးမိခဲ့ဘူး
အခု သူတွေးပြီ
နောက်ကျ ဥာဏ်အလင်းပွင့်လေးနဲ့ သူတွေးပြီ
လက်ခုပ်သံတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
ရယ်သံလွင်လွင်တွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
လွတ်လပ်ခြင်းတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
ပျော်ရွှင်ခြင်းတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
ငြိမ်းချမ်းရေးဟာ အချိန်မရွေးမရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
ယုံကြည်ချက်တွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
အမှန်တရားလို့ ထင်ရတဲ့အရာတွေအားလုံး အချိန်မရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
သူဆက်တွေးတယ်
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ အယူဝါဒ တစ်ခုလား
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ အဖွဲ့အစည်း တစ်ခုလား
မအောင်မြင်တဲ့ မီးပုံပျံကြီးဟာ ပါတီတစ်ခုလား
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ အစိုးရတစ်ခုလား
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ နိုင်ငံတစ်ခုလား
မတွေးရဲဘူး
မီးစားသွားတဲ့ အရေပြားတွေ
မီးစားသွားတဲ့ ဘဝတွေ
လင်းလက်တာရာ
3.11.2014

နတ်စင်ပေါ်က သစ်သီး
လမ်းဘေးနတ်စင်ပေါ်က သစ်သီးလေးက
ဆာလောင်မွတ်သိပ်နေသူကို မျှော်နေရှာတယ်
သူ့အနှစ်သာရကို ဒီအတိုင်းကြီး အလဟာသ မပုပ်ပွခဲ့ချင်ဘူးလေ
ငါကိုယ်ချင်းစာစွာ စွန့့်စားလိုက်ပါရဲ့
လင်းလက်တာရာ
27.10.2014
စိတ်ခလုတ်ဖွင့်သံ
မျက်နှာကြက်ဆီမှ ရပ်နေတဲ့ ပန်ကာဟာ စတင်လည်ပတ်
လည်နေတဲ့ ပန်ကာအောက်မှာ လူ့လောကကြီးထဲ အလည်လာသူ
လည်နေတဲ့ ပန်ကာအောက်မှာ အစာစားတယ်
ွလည်နေတဲ့ ပန်ကာအောက်မှာ စာဖတ်တယ်
ကော်ဖီသောက်တယ် အိပ်စက်တယ် အိပ်မက်တယ်
လေချွန်တယ် သီချင်းနားထောင်တယ် စိတ်ကူးတယ်
တွေးခေါ်တယ် ကော်ဖီသောက်တယ် ကဗျာရေးတယ်
အွန်လိုင်းသုံးတယ် လွမ်းဆွတ်တယ် ဒေါသထွက်တယ်
ကြေကွဲတယ် ပျော်ရွှင်တယ် မျက်ရည်ကျတယ် လူသားဆန်တယ်
လည်နေတဲ့ ပန်ကာဆီ စိတ်ကို ပစ်တင်မိ
သိပ်အိုက်တဲ့ဘဝကြီး သိပ်ပူတဲ့ ရှင်သန်မှုကြီး
လည်နေတဲ့ ပန်ကာဆီ အတွေးကို ပစ်တင်မိ
သိပ်အိုက်တဲ့ဘဝကြီး သိပ်ပူတဲ့ ရှင်သန်မှုကြီး
လည်နေတဲ့ ပန်ကာဆီ စာသားတွေကို ပစ်တင်မိ
သိပ်အိုက်တဲ့ဘဝကြီး သိပ်ပူတဲ့ ရှင်သန်မှုကြီး
လည်နေတဲ့ ပန်ကာဆီ မျက်နှာသုတ်ပုဝါကိုပါ ယောင်ပြီး ပစ်တင်မိ
ဖွားခနဲ ၊ အမှုန်တွေ ကျလာ အခန်းတစ်ခုလုံး ပြန့်ကျဲ သွား
အိပ်ရာပေါ်မှာ စာအုပ်တွေပေါ်မှာ ထမင်းပန်းကန်ထဲမှာ
ကော်ဖီခွက်ထဲမှာ ရေးလက်စကဗျာစာရွက်ပေါ်မှာ
အမှုန်တွေ အမှုန်တွေ အမှုန်တွေ အမှုန်တွေ
ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်နေမိလို့ ကိုယ့်ကို အေးမြစေသူကိုတောင်
ဂရုမစိုက် သတိမထားမိတဲ့ အမှုန်လိုလူတစ်ယောက်
လည်နေတဲ့ ပန်ကာကို ခဏ ရပ်လိုက်တယ်
သူ့ကိုယ်ပေါ်က အညစ်အကြေးတွေကို သုတ်သင် ရှင်းလင်းပေးလိုက်တယ်
လူနဲ့ ပန်ကာပါ နေရာချင်း လဲလှယ် လိုက်တယ်
ပြီးတော့ ဆက်လည်တယ်
လင်းလက်တာရာ
11.11.2014
ဂွတ်နိုက်
မဒမ်တူးဆော့ပြတိုက်ထဲက ဖယောင်းရုပ်တစ်ရုပ်ဟာ ငါဖြစ်နေတာ ထူးဆန်းအံ့ဩဖွယ်
ထူးဆန်းအံ့ဩဖွယ်ဟာ ရုတ်တရက် မြွေ တစ်ကောင်ဖြစ်သွားပြီး ငါ့ပေါင်ကြားမှာ လာခွေ
ငါ့ငယ်ပါကိုခဲထား ငါလန့်အော်မိ ငါ့အော်သံဟာ အက်ဒဝပ်မန့်စ်ရဲ့အော်သံနဲ့ဆိုင်မဆိုင်ငါမသိ
ငါ့ငယ်ပါကိုပဲ ငါအငမ်းမရ စမ်းကြည့်မိ တော်သေး ပုံမပျက်လို့ ငါ ရှူးပေါက်ချင်လာတယ်
ရှူးပေါက်ချင်စိတ်ဟာ အိုဘားမားစီးလာတဲ့ လေယာဉ်ကြီးဖြစ်သွား အများသုံးအိမ်သာဆီ
အရေးပေါ် ပျံသန်း လေယာဉ်မယ်လေးဟာ ငါ့ကောင်မလေးဖြစ်နေတာအံ့ဖွယ် ရုတ်တရက်
ငါ့ကောင်မလေးဟာ သစ်ရွက်တစ်ရွက်ဖြစ်သွား ငါ့ကို စိမ်းပြတယ် ဝါပြတယ် ရော်ပြတယ်
ခြောက်ပြတယ် ကြွေပြတယ် ငါတရားရလား မရလား ငါမသိ ငါ့ရှေ့ မှာတင် သူမဟာ
ပန်းသီးတစ်လုံး အဖြစ်ပြောင်းသွား ငါ ဗိုက်ဆာဆာနဲ့ လှမ်းအယူ ပန်းသီးဟာ ငါ့လက်ကို
ကိုက်လိုက်တယ် ငါ့တစ်ကိုယ်လုံးကို လိုက်ကိုက်တယ် ငါလန့်ပြီး ခုန်ချလိုက်တာ အများသုံး
အိမ်သာထဲ တည့်တည့် ဒူးရွှန့်ရဲ့ အိမ်သာခွက်ကြီးလားလို့ ငါ ပွတ်သပ်ကြည့်မိတယ်
ငါ ပွတ်သပ်မိတဲ့ အိမ်သာခွက်ကြီးဟာ ငါ့မျက်ခွက်ကြီး ဖြစ်နေ ငါ့လန့်သွား ငါကြောက်သွား
ကြောက်လန့်လန့်ပြီး ငါ့သေးတွေဟာ ငါ့မျက်ခွက်ကြီးပေါ် ပန်းထွက်သွား မရပ်တော့ အံ့ဩစရာ
ငါ့သေးတွေဟာ ရေတံခွန်ကြီးတစ်ခုလို အဆက်မပြတ်စီးဆင်း သေးအားလျှပ်စစ်ကြီးတစ်ခုကို
ငါတည်ဆောက်ပစ်လိုက်တယ် တစ်မြို့လုံးလင်းထိန်သွား တစ်တိုင်းပြည်လုံးလင်းထိန်သွား
ကြည့်စမ်း အိပ်မက်ကလန့်နိုးလာတာတောင် မီးကမလာသေး မှောင်လိုက်တာ
လင်းလက်တာရာ
13.11.2014

ငါ့မေရီ
ပုလဲရည်မိုးပေါက်တို့ လောကမြေပြင်ကိုချီးမြှောက်သည့်
ပျိုးပေါက်သစ်ပင် မြသစ်လွင်ရာ နယုန်ကြေမူး ဝါဆိုဦးတွင်
မုတ်သုံလေရူးနှင့်အတူ မေရီတစ်ယောက် တက္ကသိုလ် သို့ရောက်ခဲ့လေသည်*
ဒါ ဘယ်သူ့မေရီလဲ ငါ့မေရီလား ငါ့မေရီ ဖြစ်နိုင် / မဖြစ်နိုင်
ငါ့မေရီ ရဲ့ကလုန်းများလား ငါ့မေရီရဲ့ ဆွေစဉ်မျိုးဆက် လား
ငါ့မေရီ ကို ဘယ်သူတွေ မျိုးစပ်လိုက်ကြလဲ
အခု ငါ့မေရီ ဘယ်မှာလဲ ငါ့မေရီ ဘယ်မှာလဲနေလဲ
ပုလဲရည်မိုးပေါက်တွေဟာ ငါ့မေရီရဲ့ မျက်ရည်တွေများလား
ငါ့မေရီ ရဲ့စိတ်အတွင်းသားထဲ ဘယ်လိုအဆိပ်တွေဝင်ခွေနေလဲ
ငါ့မေရီရဲ့ ဂုဏ်သိက္ခာတွေကို ဘယ်သူဖောက်သောက်နေလဲ
ငါ့မေရီရဲ့ ယဉ်ကျေးမှုအကြေးခွံတွေ လန်ကုန်ပြီလား
ငါ့မေရီရဲ့ အဝါရောင်သစ်သီးတွေ ပုပ်ပွကုန်ပြီလား
လောကမြေပြင်မှာရော ငါ့မေရီစစ်စစ် ရှိသေးရဲ့လား
ငါ့မေရီ ဟာ စနစ်ဆိုးကြီးရဲ့ အန်ဖတ်တစ်ခုဖြစ်နေပြီလား
ငါ့မေရီ ဟာ လူ့အဖွဲ့စည်းကြီးရဲ့ လိင်ကျွန်တစ်ယောက်ဖြစ်နေပြီလား
ငါဘယ်သူ့ကို ချီးမြှောက်ရမလဲ ငါ့မေရီ
လေကောင်းလေသန့်ချစ်တဲ့ ငါ့မေရီ လေကောင်းလေသန့်မှ ဝတ်ဆင်ရပါ့မလား
စိတ်ကောင်းစိတ်သန့်မြတ်နိုးသူ ငါ့မေရီ စိတ်ကောင်းစိတ်သန့်မှ ရှူရှိုက်ရပါ့မလား
ငါ့မေရီ့ကို ငါငတ်တယ် ငါ့မေရီ့ကို ငါဆာတယ်
ငါ့မေရီကို လေကောင်းလေသန့်လို ဝတ်ဆင်ထားချင်တယ်
ငါ့မေရီကို စိတ်ကောင်းစိတ်သန့်လို ရှူ ရှိုက်ထားချင်တယ်
ပျိုးပေါက်သစ်ပင်လေးလို ငါ့မေရီ မြသစ်လွင်သေးရဲ့လား
ငါ့မေရီရဲ့ ရယ်သံချွင်ချွင်လေးတွေကို ငါခေါင်းလောင်းထိုးချင်တယ်
ငါ့မေရီရဲ့ အကိုင်းအခက်အလက်တွေမှာ ငါအသိုက်ဆောက်ချင်တယ်
ငါ့မေရီရဲ့ မြက်ခင်းစိမ်းစိမ်းလေးကို ငါဖက်နမ်းချင်တယ်
လက်ချောင်းကြားထဲက ရေတွေ လျှောကျသလို လူ့ဖြစ်တည်မှုတွေလည်း လျှောကျနေပြီ
ငါ့မေရီ ဟာ ငါ့လက်ချောင်းကြားထဲကနေ ရေတွေလို လျှောကျသွားတာလား
အခု ငါ့မေရီ ဘယ်သူ့လက်ခုပ်ထဲကရေ ဖြစ်နေပြီလဲ
မင်းဆံပင်အရောင်အမျိုးမျိုးဟာ ဘယ်လိုအဓိပ္ပါယ်တွေကို ဖွင့်ဆိုနေမလဲ
မင်းရင်သားဝါဝါတွေဟာ ပျော့ပြဲလျော့ရဲအခြေခံလူတန်းစားတွေကို ကိုယ်စားပြုနေလား
မင်းတော်လှန်လိုစိတ်တွေ ကို အိပ်ရာခင်းအကြေသားထဲ ရောထည့်ပေးလိုက်ရပြီလား
မင်းရောင်စုံပြတင်းပေါက်တွေကို ဘယ်သူတွေက သော့ဂလောက်ကြီးတွေနဲ့ ခတ်ထားထာလဲ ငါ့မေရီ
နယုန်ကြေမူး ဝါဆိုဦးတွေလည်း ဖက်ရှင်တွေ ခဏခဏပြောင်းနေပြီ
မုတ်သုံလေရူးတွေလည်း ရုပ်ဆိုးဆိုးရာသီဥတုတွေနဲ့ သွေးသားဖြေဖျောက်နေပြီ
ငါတို့အသက်ကို ဖက်နဲ့ထုပ်ထားတဲ့ နိုင်ငံတော်လည်း အလံချိန်းသွားပြီ
အခု ငါ့မေရီ ဘယ်မှာလဲ ငါ့မေရီ ဘယ်မှာလဲနေလဲ
ငါ့မေရီရဲ့ လူသားဆန်မှုတွေကို ဘယ်သူ အောင်သေအောင်သား စားနေလဲ
ငါ့မေရီရဲ့ မိခင်ကောင်းဖြစ်ခွင့်တွေကို ဘယ်သူလုံးချေစုတ်ဖြဲနေလဲ
ငါ့မေရီလို ငါ့မေရီတွေ ဘယ်လောက်တောင်များနေပြီလဲ
ငါ့မေရီကို ငါရှာတယ်
လိုင်းပေါ်မှာ ငါ့မေရီရဲ့ ညစ်ညမ်းဓါတ်ပုံတွေကို ငါရှာတယ်
လမ်းပေါ်မှာ ငါ့မေရီရဲ့ ဘဝအစိပ်အပိုင်းအကျိုးအပဲ့တွေကို ငါရှာတယ်
ငါ့မေရီရဲ့ နာရေးသတင်းထိပါ ငါရှာတယ်
ငါ့မေရီကို ငါမတွေ့  ငါ့ကိုယ်ငါလည်း ငါမတွေ့ 
ငါ့ဖြစ်တည်မှုကလည်း ငါ့မေရီရဲ့ ဖြစ်တည်မှုနဲ့ ဘာများကွာခြားလို့လဲ
ငါတို့ တက္ကသိုလ် ကို ရောက်ခဲ့ကြပြီးတဲ့နောက်
* ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့'ညီမလေးရယ် စိုးရိမ်မိတယ်' ဝတ္ထုအဖွင့်စာသား
လင်းလက်တာရာ
6.8.2014

ကျင်ယူထားတာတွေ သင်ယူ
နေရောင်အပြင်းအထန်လိုအပ်နေတဲ့ နှင်းဥတုကလေးပါ
သိမှုအသီးအပွင့်တွေထဲမှာ ငါဝတ်မှုံကူးနေတယ်
လောကဒဏ် သို့မဟုတ် လောကဓံ
ကျောက်တုံးကျောက်တောင်တွေလို တိတ်ဆိတ်ငြိမ်သက်ခုခံတတ်ခြင်းအနုပညာ
ဓားအိမ်ထဲမှာ ဓားနဲ့အတူ ယှဉ်တွဲနေထိုင်နေသော တရား
အရေးပြားပေါ် အယားပြေ လျှောက်သွားနေတဲ့ အထိအတွေ့တွေ
မျက်ကြည်လွှာထဲမှာ သူမဟာ ၂၄နာရီစလုံး လင်းနေတယ်
မီးပြတိုက်ဟာ ကမ်းခြေမှာ ငုတ်တုတ်ကြီးထိုင်နေသလိုမျိုး
ချစ်မေတ္တာရဲ့ဗဟိုချက်မှာ ငါငုတ်တုတ်ကြီးထိုင်မိ
မျှော်လင့်ချက်ပေါ် တက်ပေါက်နေတဲ့ မှို
ကဗျာရယ် ငါ့မုတ်ဆိတ်ကို လာဆွဲပါ
ပျားရည်တွေမြင်ပြီး ပျားအိမ်တွေဆီ မျက်ရည်ဝဲမိတယ်
လိပ်ပြာကလေး လေထဲမှာလမ်းပျောက်နေတာကို ပန်းပွင့်က ကယ်လိုက်ပုံ
ပလွေသံဆီက ယဉ်ကျေးမှု၊ ကျေးလက်ရနံ့နဲ့ တောရနံ့တောင်ရနံ့တွေပါရတယ်
အရှိကိုအရှိတိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ရောမွှေ
ကော်ဖီခွက်ထဲ အဓိပ္ပါယ်တွေ ပူနွေးနေဆဲ
သူမဟာ ယင်ကောင်ယောင်ဆောင်ပြီး ငါ့ကော်ဖီခွက်ထဲ လာပြုတ်ကျ
ငါ့ကို အလစ်နမ်းပြီး ထပျံ
လေယာဉ်ပျံတွေမှာ အိမ်လွမ်းနာတွေ ပေကျံနေတယ်
စက္ကူစွန်ကလေးမှာ ရယ်သံလွင်လွင်လေး ကပ်ငြိနေတယ်
ဘောင်ခတ်ထားတဲ့စိတ်ကူးအသေထဲမှာ မရှင်ချင်ဘူး
မြစ်ဘေးမှာထိုင်ပြီး မြစ်ထဲမှာကူးနေတဲ့ငါ့စိတ်ကို ပင်လယ်ကလာပြီးကူးတယ်
မြက်ပင်လေးတွေဟာ မြက်ရိတ်သမားကိုပါ ထမ်းထားရ
မြက်ရိတ်သမားရဲ့စိတ်ကူးစိမ်းတွေကိုပါ ထမ်းထားရ
ထမင်းဝိုင်းထဲ မျက်ရည်တစ်ပြင်တည်း
နိုင်ငံခြားဆိုတာကြီးထဲ နင်းလိုက်တဲ့ငါ့သူငယ်ချင်း ခြေတစ်ဖက်ပြတ်သွားတယ်
ဘဝပျက်ရင် ဘဝကို ပြင်ရမှာပဲ
ခင်ဗျားဟာ ခင်ဗျားဘဝရဲ့ ဘဝပြင်ဆရာ
ရေတံခွန်လေးကို သူမအိပ်မက်ထဲ အီးမေးလ် ပို့ပေးလိုက်ပါတယ်
နေပူမိုးရွာဆောင်းဖို့ ကောင်းကင်အပြာလေးကို သူမအတွက် ထီးလုပ်နေပါတယ်
ရောင်စုံသက်တံ့လေးကို စာသင်ကျောင်းလေးပေါ် ရွှေ့ကြည့်နေတာ ကြည်နူးစရာ
ဇွန်ပန်းရုံအနီး ကလေးတွေ ရယ်နေသည်
ကူပျော်ပေးပါလား
်လင်းလက်တာရာ
7.8.2014

သင်ယူထားတာတွေ ကျင်ယူ
လက်နဲ့ ဆွဲစုတ်လုံးချေလို့မရတဲ့ ကျောက်တုံးကြီးဟာ စက္ကူဖြစ်ချင်ပါသတဲ့
လက်နဲ့ ဆွဲစုတ်လုံးချေလို့မရတဲ့ ကျောက်တုံးကြီးကို ခွေးတစ်အုပ် သေးနဲ့ ပန်းလိုက်ကြတယ်
လက်နဲ့ ဆွဲစုတ်လုံးချေလို့မရတဲ့ ကျောက်တုံးကြီး ပျော်သွား၊ ' တော်သေး စက္ကူမဖြစ်လို့ '
စပ်ကူးမပ်ကူးကြီးထဲ ကူးနေကြတယ်
စပ်ကူးမပ်ကူးကြီးထဲ လူးနေကြတယ် ( ဒီနေရာမှာ )
'ဘဝ' လို့ ချရေးပြီးမှ ပြန်ဖျက်ချင်စိတ် ပေါက်လာပေမယ့်
ဒီအတိုင်းပဲ လိုင်းတစ်လိုင်းအဖြစ် အသုံးပြုလိုက်တယ်
ခုံးကျော်တံတားတစ်ခုဆီမှာ မမြင်ရတဲ့ ခုံးကျော်တံတားတစ်ခု ရှိသေး
ခုံးကျော်တံတားဟာ 'အတက်' နဲ့ 'အဆင်း' ကြားက စိတ်ပြတင်းပေါက်တစ်ချပ်
အောက်ကို ငုံ့ကြည့်တော့ ဘဝသံသရာတွေ ဥဩစွဲသွား
အပေါ်ကို မော့ကြည့်ပေမယ့် နိဗ္ဗာန်ဘုံကို မတွေ့
ငှက်တစ်ကောင်ရဲ့ မစင် မျက်လုံးထဲ ဝင်သွားတယ်
မျက်လုံးထဲကနေ ဦးနှောက်ထဲ ဝင်သွားတယ်
ဦးနှောက်ထဲကနေ ရှိရှိသမျှ အကြောတွေထဲ
ဝါယာကြိုးတွေနဲ့ ရက်လုပ်ထားတဲ့ မြို့ကြီး
ဝါယာကြိုးတွေထဲမှာ မကောင်းဆိုးဝါးတွေ လျှပ်စီးနေတယ်
သိမှုအဆောက်အဦကြီးပြိုကျပြီး ပိနေတဲ့ သက်ရှိတွေ
စွန့်ပစ်အမှိုက်ပုံကြီးကနေ လက်တွေ ထွက်လာတယ်
ခြေထောက်တွေ ထွက်လာတယ်၊ လမ်းထလျှောက်လာတယ်
ခေါင်းပန်းလှန်ကြ
နည်းပညာဟာ ခေါင်း ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးဟာ ပန်း ဖြစ်တယ်
ခေါင်းပန်းလှန်ကြပြီး ခေါင်းပန်းလှန်ကြ
ခေါင်းနဲ့ပန်းဟာ တွဲလျှက် ကျသွား
ပတ်ပတ်လည်မှာ စက်ယန္တရားတွေ လည်ပတ်
ပတ်ပတ်လည်မှာ sex ယန္တရားတွေ လည်ပတ်
ပတ်ပတ်လည်မှာ လည်ပတ်
သတင်းခေါင်းစဉ်
နိုင်ငံချင်း ပွတ်တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွား
နောက်ထပ် သတင်းခေါင်းစဉ်
လူမျိုးချင်း ဘာသာအယူဝါဒချင်း ပွတ်တိုက်မိရာမှ ပြာကျသွား
အရိုးမှုန့်တွေကို မြေဩဇာလုပ်ထားတဲ့ မြေအိုးလေးထဲ
ပန်းတွေ ဖွေးဖွေးလှုပ် ပွင့်နေပါပြီ
လင်းလက်တာရာ
21.8.2014

ဆိုးရွားဆဲ/ဆဲလ်
လက်ရှိအနေအထားက
လက်ပြတ်နေတဲ့ အနေအထား။
အထားအသိုတွေလည်း သိုးကုန်ပြီ
သိုးကျောင်းသားလေးဟာ စာသင်ကျောင်းကို ငေးနေပုံ မက်တဖာခါးခါးတွေ။
ယောင်နေတယ် ယင်းနေတယ် ယင်အုံနေတယ်
ထိုးသွင်းဒဏ်ရာ အချက်ပေါင်းများစွာနဲ့ မြစ်ကြီး။
ပေါ်ပင်တွေ ပေါလောကြီး မျောနေခြင်း၌။
နေခြင်းဟာ နေနဲ့ ပိုနီးလာသလို
အရှင်လတ်လတ်အသေများ။
သစ်သီးအတုထဲ အရည်ရွှန်းပြနေခြင်းတက္ကနစ်တွေ။
တစ်ချက် သမ်းဝေလိုက်တိုင်း
သယံဇာတ အနံ့တွေ ထွက်ထွက်လာတဲ့ ပါးစပ်ကြီး။
လူ့ အသက်ချိုချိုလေး
လူ့ အသွေးအသားမွှေးမွှေးလေး။
ပိတ်မိနေတဲ့ form ကို ဖောင်ဖျက်တိုက်ဖို့။
ဇာတ်ဟာ မျောနေတယ် / မျော့နေတယ်
ဇာတ်လမ်းဟာ ဇာတ်တူသား စားခန်းတွေချည်းပဲ။
အနှစ်မဲ့မဲ့နှစ်တွေ။
ကာလယန္တရားရဲ့ ပေါင်ကြားမှာ ယမ်းနံ့တွေ ထွက်နေတယ်
မြိုးမြိုးမြက်မြက် မျက်ရည်တွေပေါ် အိပ်လို့ ပျော်ပါစ။
လူထုထဲ ထုနဲ့ထည်နဲ့ အာဏာကူးစက်ပိုးမွှားတွေ
တမြေ့မြေ့တမြိုက်မြိုက် ကင်ဆာအသိုက်မြုံကြီး။
လင်းလက်တာရာ
22.11.2014
ယူကလစ် / You Click
ယူကလစ်ပင်တွေဟာ ရေတံခွန် စိမ့်စမ်းတွေကို ခန်းခြောက်စေနိုင်ပြီး
ဂေဟစနစ်ကို ပျက်စီးစေနိုင်ကြောင်း ဘကြီးမသိခဲ့ပါ
ယူကလစ်ပင်စည်မှ စက္ကူပျော့ဖတ် ထုတ်လုပ်နိုင်ကြောင်းကိုလည်း ဘကြီးမသိခဲ့ပါ
ယူကလစ်ရွက် မတော်တဆ စားမိပါက အစာရေမျိုလမ်းတစ်လျှောက် အဆိပ်သင့်စေပြီး
လိင်အင်္ဂါအဖွဲ့အစည်းကိုပါ ထိခိုက်စေနိုင်ကြောင်း ဘကြီးမသိခဲ့ပါ
ယူကလစ်ပင်ရဲ့ အမြစ်တွေဟာ တခြားသစ်ပင်အမြစ်တွေရဲ့အစာရေစာတွေကို
လုယူစားသုံးတတ်ကြောင်းကိုလည်း ဘကြီးမသိခဲ့ပါ
ယူကလစ်အရွက်မှ ထွက်တဲ့ ပျံ့လွင့်အဆီဓာတ်ဟာ မြေဩဇာဖြစ်ဖို့ ဖန်တီးပေးတဲ့
ဖန်းဂတ်မှိုတွေကို သေကြေပျက်စီးစေကြောင်း ဘကြီးမသိခဲ့ပါ
အိန္ဒိယ နဲ့ တောင်အာဖရိကမှာ ယူကလစ်ပင် ဟက်တာပေါင်းများစွာ စိုက်ပျိုးမှုကြောင့်
ရေအရင်းအမြစ်များစွာ ပျက်စီးကုန်ကြောင်း ဘကြီးမသိခဲ့ပါ
မသိခြင်းများစွာနဲ့ပဲ တောသူတောင်သား ဘကြီးဟာ ယူကလစ်ပင်တွေကို ရိုးရိုးသားသား စိုက်မိ
ဘကြီးဟာ ယူကလစ်ပင်လို ဖြောင့်မတ်သူ
ဘကြီးရဲ့ ရိုးဂုဏ်ဟာ ယူကလစ်ရနံ့လို ဝန်းကျင်မှာ ပျံ့နှံ့
ဘကြီးရဲ့ ဘဝအနာတရတွေဟာ ယူကလစ်ပင်ရဲ့ အခေါက်လိုပဲ
အဟောင်းကွာကျသွားတယ် အသစ်ဖြစ်တည်လာတယ်
ဘကြီးရဲ့ အနှစ်သာရဟာ ယူကလစ်အနှစ်အသားလိုပဲ မာရဲ့
အရွက်တဖားဖားနေ့ရက်တွေ ကိုင်းခြောက်လို မပျော်ရွှင်မှုတွေလည်း တူရဲ့
ဘကြီးဟာ ယူကလစ်ပင်တွေကို ဘာကြောင့်စိုက်ခဲ့လဲ
လေထုညစ်ညမ်းမှုကြောင့်လား သစ်တောတွေ ခုတ်လှဲခံရလို့လား
ဘကြီးစိုက်ခဲ့တဲ့ ယူကလစ်ပင်တွေဟာ ဘကြီးကို စိုက်ကြည့်နေပြီ
ဘကြီးဟာ ယူကလစ်ပင်တွေကို ဘာအဓိပ္ပါယ်တွေနဲ့ စိုက်ခဲ့လဲ
အိပ်မက်ရှုခင်းတွေ မီးရှို့ ခံရလို့ လား အနက်ရောင်သက္ကရာဇ်တွေကို စိမ်းရောင်ခြယ်ချင်လို့လား
ဘကြီးငုံ့ကြည့်ခဲ့ရတဲ့ ယူကလစ်ပင်တွေကို ဘကြီး ပြန်လည်မော့ကြည့်နေခဲ့ရ
ဘကြီးကိုမော့ကြည့်ခဲ့ရတဲ့ ယူကလစ်ပင်တွေဟာ ဘကြီးကို ပြန်လည် ငုံ့ကြည့်လို့
အဲဒီလို အချိန်ကာလ အပြောင်းအလဲကြမ်းကြီး တစ်ခုမှာ ဘကြီးဆုံးတယ်
ဘကြီးရဲ့ရုပ်အလောင်းကို ယူကလစ်သားတချို့နဲ့ မီးသင်္ဂြိုဟ်တယ်
ကျန်ရစ်သူ သားသမီးများဟာ ယူကလစ်ပင်တွေနဲ့ သစ်လုံးအိမ်လေးတွေဆောက်လို့
ယူကလစ်သားတွေနဲ့ စာရေးစားပွဲလှလှလေး စပ်လို့
ယူကလစ်ပင်တွေရဲ့ စိမ်းလန်းမှုကို ရှူရှိုက်လို့်
ယူကလစ်
You Click
ဘကြီး ချန်ရစ်ခဲ့တဲ့ လင့်ခ်ကို ငါ ကလစ်ကြည့်လိုက်တယ်
လင်းလက်တာရာ
29.11.2014
ခင်ဗျားမှာ အိပ်မက်ရှိလား
လယ်ကြွက်တစ်ကောင်မှာတောင် အိပ်မက်ရှိတယ်
လယ်ကြွက်တစ်ကောင်ရဲ့အိပ်မက်ဟာ လုံးကြီးပေါက်လှ စပါးခင်းကြီးဖြစ်တယ်
လယ်ကြွက်တစ်ကောင်ရဲ့ အိပ်မက်ဟာ လုံးကြီးပေါက်လှ စပါးခင်းကြီးလို အစွမ်းကုန် စိမ်းလန်း
လုံးကြီးပေါက်လှ စပါးခင်းကြီးဟာ လယ်ကြွက်တစ်ကောင်ရဲ့ နိဗ္ဗာန်ဘုံ
လယ်ကြွက်ဟာ နိဗ္ဗာန်ဘုံ ကို မျှော်မှန်းပြီး ရှင်သန်တယ်
နိဗ္ဗာန်ဘုံ ကို ရည်စူးပြီး သွားတွေကို သွေးတယ်
အိပ်မက်တို့ ရွှေရည်လူးလေပြီ
ရွှေဝါရောင် လုံးကြီးပေါက်လှ စပါးခင်းကြီးထဲမှာ လယ်ကြွက်ဟာ ပျော်ရွှင်စွာ
လယ်ကြွက်ဟာ နိဗ္ဗာန်ဘုံဆီ ရောက်သွား
ထက်မြက်တဲ့ သွားတွေနဲ့ နိဗ္ဗာန်ဘုံကို ကိုက်ဖြတ်စားသောက်
ရုတ်တရက် လယ်ကြွက်ရဲ့ ခြေထောက်တွေဟာ ထောင်ချောက်ထဲ
နွားကျောင်းသားလေးဟာ လယ်ကြွက်တွေကို ရောင်းပြီး ကျောင်းစရိတ် စုနေတယ်
နွားကျောင်းသားလေးဆီမှာလည်း အိပ်မက်အကြီးကြီး
လင်းလက်တာရာ
3.12.2014
ကင်မရာ အရွေ့ 
Click ။ ဝတ်လစ်စလစ်ကောင်းကင်
အတောင်ကျိုးနေသော တိမ်များ
အရူးရင့်ရင့်နေ
Click ။ စိတ်ကူးစိမ်းစိမ်းမြက်ခင်းလွင်ပြင်
တလျှပ်တလူလူဘဝတထောင်းထောင်းကန္တာရ
Click ။ စိတ်ကူးစိမ်းစိမ်းမြက်ခင်းလွင်ပြင် နှင့်
တလျှပ်တလူလူဘဝတထောင်းထောင်းကန္တာရ စပ်ကြား
Click ။ ခြေရာများ၊ အမည်မဲ့ခရီးများ
သံသရာနှင့် ရုပ်ချင်းခပ်ဆင်ဆင် မိုးကုတ်စက်ဝိုင်း
Click ။ လူတစ်ယောက်၊ ရိက္ခာထုပ်များ၊ စက်ဘီးတစ်စီး
ကုလားအုတ်တစ်ကောင်ပေါ်မှာ
လင်းလက်တာရာ
27.8.2014

မီး ဗျို့  မီး
မီးဖွားသည်
မီးသင်္ဂြိုဟ်သည်
လူနှင့် မီးမုန်တိုင်းများ
လူနှင့် မီးငလျင်များ
လူနှင့် မီးတောင်များ
လူနှင့် မီးနျူးကလီးယားများ
လူနှင့် မီးသက္ကရာဇ်များ
လူနှင့် မီးသမိုင်းများ
ကမ္ဘာဟာ မီးကို စတင်တွေ့ ရှိသူနဲ့
မီးကို ဆက်လက်သယ်ဆောင်သူနဲ့
ကမ္ဘာဟာ နေဝင်မီးငြိမ်းအမိန့်နဲ့
မိမိကိုယ်ကိုယ်မိမိ မီးရှို့ဆန္ဒပြခြင်းနဲ့
ကမ္ဘာဟာ မီးလောင်တိုက်သွင်းခံရတဲ့ ဘာသာရေးအဆောက်အဦတွေနဲ့
မီးကျွမ်းသွားတဲ့ မြို့တွေ ရွာတွေ သစ်တောတွေ ယာခင်းတွေနဲ့
မီးထုတ်လုပ်ဖြန့်ချိရေးမှ အောက်ပါမီးများကို မှာယူရရှိနိုင်ပါတယ်
ဝမ်းမီးများ စစ်မီးများ အမုန်းမီးများ အာဏာမီးများ
ဒေါသမီးများ မောဟမီးများ လောဘမီးများ ပေါ့ဆမီးများ
ကိလေသာမီးများ အာဃာတမီးများ လောကဓံမီးများ နည်းပညာမီးများ
ငွေမီးများ 'ငါ'မီးများ အချစ်မီးများ သံသယမီးများ အထူးပြုလုပ်ချက်မီးများ
နိုင်ငံရေးမီးများ စီးပွားရေးမီးများ လူမှုရေးမီးများ အယူဝါဒမီးများ
မီးသွေးများ ခဲယမ်းမီးကျောက်များ မီးမွှေးသူများ မီးရောင်းသူများ
မီးဝယ်သူများ မီးကူးသူများ မီးဆော့သူများ မီးဆာသူများ
မီးစားသူများ မီးကစားသူများ မီးလောင်ရာလေပင့်များ သားကောင်ချနင်းမီးများ
မျက်စိနှင့်မြင်ရသော မီးများကို ဖော်ပြပါ
မျက်စိနှင့်မမြင်ရသော မီးများကို ဖြေဆိုပါ
ပိုးဖလံလို လူများဟာ မီးကို ဖွဲ့နွှဲ့ လျှက်
စွန့်ပစ်အမှိုက်များဟာ ပြာသာဒ်ကို ကွန်ဆက်လျှက်
'မီးများမီးနိုင်'ဟာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျှက်
ကွက်လပ်ဖြည့်ပါ
(က) မီးအိမ်ရှင်
(ခ) မီးငြှိမ်းသူ
(ဂ) မီးပြတိုက်
မီးသည် တူး၍မကုန်သော ရေနံကြောကြီးဖြစ်ပြီး
သောက်၍မကုန်သော ပင်လယ်ကြီးဖြစ်သည်
မီးဘဝနဲ့မီးသာ ရှိပါစေတော့ဦးရယ် က အစ
အရူးမီးဝိုင်း အလယ်
မီးပေါ်ယမ်းကျ အဆုံး စာစီကုံးပါ
'သင့်ကြောင့် မီးမလောင်ပါစေနှင့်' ဟာ မီးစွဲလောင်နေတယ်
'မီးကြောင့် သင်မလောင်ပါစေနှင့်' ပါ ပြာကျသွားတယ်
လင်းလက်တာရာ
7.11.2014
ငါတို့ဟာ အချိန်မရွေးဖျက်ချခံရနိုင်တဲ့ သန္ဓေသားလောင်းတွေ
တိမ်မည်းတွေကို ဆွဲဖြဲပြီး ထွက်လာတဲ့ ကြယ်ဟာ တိမ်မည်းတွေထဲ ဝင်သွားတယ်
နေမဝင်အင်ပါယာ ဟာ ကြယ်လား တိမ်မည်းလား
စကြာတံဆိပ် ဟာ ကြယ်လား တိမ်မည်းလား
ခင်ဗျားမှာ ကြယ် ဘယ်နှစင်းရှိပြီး တိမ်မည်း ဘယ်နှခင်း ရှိလဲ
စောက်ကြီးစောက်ကျယ် လပြည့်ညကို မစောင့်တော့ဘူး
ချက်ချင်း ထဆောက်လိုက်တယ် ဖွဲ့စည်းလိုက်တယ် ရေးသားလိုက်တယ်
'ဒွိ' ဆန်တဲ့ အရေးအသားဟာ 'ဟ' နေတယ်
'ဟ' နေတဲ့ အပေါက်ကနေ လွတ်မြောက်မှု အာကာသကို တွေ့ နိုင်မယ်
ကဗျာ့တံခါးကို လာလာခေါက်နေတဲ့ ခေတ်ပြိုင်တစ္ဆေ
လက်သည်းအရှည်ကြီးနဲ့ ကုတ်ခြစ်တယ် ဆံနွယ်ရှည်ကြီးနဲ့ လည်ပင်းပတ်တယ်
ခြေထောက်အရှည်ကြီးနဲ့ စောင့်ကန်တယ် လျှာအရှည်ကြီးနဲ့ နမ်းတယ်
နှစ်များဟာ အစိမ်းသေလို ခြောက်လန့်တယ်
တစ်ယောက်သောသူ ကာလီမယ်တော်အတွက် ယဇ်ပူဇော်လို့
တစ်ယောက်သောသူ ငါးသက်စေ့လွှတ်လို့
သိမှုမှာ မီးစိမ်းနေပုံလေး ဆန်းကြယ်
ကမ္ဘာကြီးဆီ လှမ်း 'ချက်တ်'တယ် အာရှတိုက်ကြီးဆီ လှမ်း 'တက်ဂ်' တယ်
'အမျိုးသမီး မဝင်ရ' ဆိုင်းဘုတ်ကို မေးခွန်းတွေ ထုတ်နေမိတယ်
ရင်ပြင်တော်ပေါ်ရောက်မှ စိတ်အမှိုက်တွေ လှဲကျင်းဖို့ သတိရတယ်
'ငါ' ဟာ ငါ့မိသားစု ရဲ့ အမှိုက်ပဲ
'ငါ' ဟာ ငါ့ချစ်သူရဲ့ အမှိုက်ပဲ
'ငါ' ဟာ ငါ့ကိုယ်ငါရဲ့ အမှိုက်ပဲ
လေကောင်းလေသန့် ဟာ ငါဖြစ်ချင်လိုက်စမ်းပါဘိ
ပရိဘောဂစက်ရုံကြီးဟာ လေထုညစ်ညမ်းမှု ကို ထုတ်လုပ်တယ်
ပရိဘောဂစက်ရုံလုပ်သား'ငါ' ဟာ နေ့စဉ် သစ်တောတွေကို သစ္စာဖောက်တယ်
ငါဟာ ဗီလိန် လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ကြည့်တယ်
လိမ်လို့မရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရေစိုအဝတ်လို လိမ်ညှစ်ချလိုက်တယ်
ရေတွေ ကျမလာဘဲ သွေးတွေကျလာတယ်
'ငါ' ဟာ ငါ့လက်ထဲမှာ သံဆူးကြိုးဖြစ်နေတယ်
နေ့ချင်းအတူတူတောင် နေ့ကောင်းနေ့မြတ်တွေက ကိုလိုနီ ပိုဆန်တယ်
နေ့ခင်းခြောက်ကြီးရဲ့ သစ်ရွက်ခြောက်မှာ ငါဟာ ပိုးစာပေါက်ဖြစ်နေတယ်
ငါတို့ကို အကြိမ်ကြိမ် မုဒိမ်းကျင့်နေတာတောင်
နိုင်ငံတော်ရဲ့ အထွတ်အထိပ်အချိန်က ရောက်မလာသေး
နယ်ခြားစည်းတွေကို ဖြတ်ကျော်စီးဝင်နေတဲ့ လိင်ကျွန်စွပ်ကြောင်းကြီးဟာ
ထင်ရှားတဲ့ အမှတ်အသား ဖြစ်တယ်
ဆင်းရဲခြင်းကို လျှော့ချရမယ့်အစား ဖုံးကွယ်ဖို့ ကြိုးစားတဲ့ လိုင်းဟာ
မစင်ကြောကြီးလို ငေါထွက်သွားတယ်
အမှားသက်သက်ကြီး သက်ဆိုးရှည်နေပုံ မြင်ကွင်းစုံလင်
စောက်ရေးမပါတာတွေကို ဆောက်သွားနဲ့ ဖဲ့ထုတ်လိုက်မှ
တိုင်းပြည်ကြီးက ရုပ်လုံးကြွလာမှာ
ငါဟာ ယဉ်ကျေးတဲ့ အရိုင်းတုံး
ငါဟာ ဖိနှိပ်ခံပုံဆောင်ခဲထဲမှာ ခဲနေတဲ့ ကျစ်လစ်သိပ်သည်းမှု
ငါဟာ ငါ့ တော်လှန်ရေးကာလရဲ့ လက်နက်ခဲယမ်း
ငါ့ကိုယ်ငါ သေကြောင်းကြံစည်ပြီး ငါ့ကိုယ်ငါ ရှင်သန်ထမြောက်တယ်
ငါ့ဟီယိုရှီးမား နဲ့ ငါ့ပုလဲဆိပ်ကမ်းကို သွယ်တန်းကိုင်းညွှတ်ပေးလိုက်တဲ့
ဆေးရောင်စုံ သက်တံ့လေးဟာ ငါပေါ့
ငါ့တိုက်တန်းနစ်သဘောင်္ပေါ်က နာကျင်အချိန်ပိုအနုပညာဟာ ငါ့တယောထိုးသံတွေပေါ့
ငါ့မာနခံတပ်မြို့ကြီးကို ငါ တစ်ရက်တည်းနဲ့ တည်ဆောက် လိုက်တယ်ပေါ့
ပေါ့ပ် ယဉ်ကျေးမှုထဲ မပေါ့မပါး
ငါ့တို့မှာ သမိုင်းပေးလို့ လွယ်ထားရတဲ့ ကိုယ်ဝန် ကိုယ်စီနဲ့
လင်းလက်တာရာ
7.12.2014
ခက်ခက်ခဲခဲခူးနေရတာကိုက
ဘ
ဝ
ကိုယ်ထင်ခုတင်ရွှေနန်းကြီးဟာ ကျိုးကျသွားတယ်
ကျိုးကျဖို့ တည်ဆောက်ခဲ့ရတာ အရင်းကြီးကြီး
နောက်ဆုံးပေါ် မျှော်လင့်ချက်ကြီးဟာ ပြာပုံထဲက ကုန်းထလာတယ်
ပြာပုံထဲက ကုန်းထလာဖို့ လောင်ကျွမ်းလိုက်ရတာ အရိုးငေါငေါ
သံဆူးကြိုးတွေပေါ်က အညွှန့် တလူလူ နေ့စွဲတွေ
ဘာမှမရေးဖြစ်ခြင်းထဲ သီးပွင့်နေတဲ့ စာသားတွေ
အဓိပ္ပါယ်နက်နက်ရေတံခွန်ကို ဆန်တက်နေတဲ့ ငါးဟာ ငါ ဖြစ်တယ်
ငါ့ကို ထားခဲ့တဲ့အရာတွေရော ငါက ထားခဲ့တဲ့အရာတွေရော
ခရီးက ဆုံးကို မဆုံးဘူး အစတွေချည်းပဲ
အစတွေက ချည်သွားတာ မရုန်းနိုင် မရယ်နိုင်
ပျော်စရာ တစ်ဆယ်သားလောက် ရောင်းပါ
လူငယ်ဘဝရဲ့ အနှစ်အသားတွေကို ရတဲ့ဈေးနဲ့ ရောင်းနေရတယ်
လူငယ်ဘဝရဲ့ အနှစ်သာရတွေဟာ ခြောက်သယောင်းနေတယ်
လူငယ်ဘဝရဲ့ ရိုးရိုးသားသားတွေဟာ ယောင်ကိုင်းမို့အစ်နေတယ်
မနှစ်ကဆောင်းဟာ ငါ့ရင်ဘတ်ထဲမှာ ပူပူနွေးနွးပဲ ရှိသေးတယ်
ကိုယ့်ကိုယ်ကိုယ် ရှာတာတောင် မတွေ့တဲ့သူက အခြားတစ်ယောက်ကို ရှာလို့
နေ့စဉ် ရှင်သန်ကျင်းထဲကနေ မြွေမကြောက်ကင်းမကြောက် နိုက်ယူမိခြင်းတွေ
မတောင်းပေမယ့် မလိုချင်တာတွေလည်း ရနေတယ်
ကိုယ်စီဝတ်ဆင်ထားရတဲ့ ဝဋ်ဒုက္ခဖက်ရှင်ဒီဇိုင်းအလန်းများ
အန္တရာယ်အနံ့တွေ နံ့နံ့တက် ဆတ်ဆတ်လူး ပလူပျံ ရွစိထိုးနေတယ်
ကိုယ့်နိုင်ငံမှာတုန်းက ကြက်ဖ သူများနိုင်ငံရောက်မှ ကြက်ဥအဆံချောင်
ဘောင်တွေကို လွတ်အောင် ရှောင်ရင်းရှောင်ရင်း
လှောင်အိမ်ထဲကနေ အိမ်ကို ငေးပြီး သွားရည်ယိုနေရသူတွေ
မျက်ရည်ယိုပေါက်ကြီးကလည်း ကျယ်လိုက်တာ
သောက်နေတဲ့ ကော်ဖီခွက်ပေါ် အင်္ဂါမစုံတဲ့ အကြောင်းချင်းရာတွေ လာနားတယ်
နားနဲ့မဆံ့တဲ့ အသံတွေ နားထဲ သံတွေ ရိုက်သွင်းနေသလို
မြင်ကွင်းတွေကို မြူတွေက ကိုလိုနီထားတုန်း
'သဲသောင်ပေါ် ဆွဲခဲ့တဲ့ မိသားစု ပုံတူကို လှိုင်းလုံးတွေ လှန်ပြီးပြန်ရှာနေတာပါ ' တဲ့
တနင်္ဂနွေ ဟာ မြစ်ရေထဲ မျောသွားတဲ့ ရေသန့်ဗူးခွံဖြစ်ပြီး
ရေသန့်ဗူးခွံထဲမှာ ငါ့ SOS ပါတယ်
စိတ်မိုင်တိုင်တွေ ရှည်လျားပုံ
စိတ်မိုင်တိုင်တွေ ပြတ်ထွက်သွားပုံ
အမှိုက်ပုံထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ကောက်ခဲ့ရပုံ
ဝက်ရဲ့ အရေပြားပေါ်မှာ အသားတံဆိပ်နံပါတ်တွေ
လူတွေမှာလည်း မွေးကတည်းက ပါလာတဲ့ မမြင်ရတဲ့ တက်တူးတွေ
ဟောဒီမှာ တလူလူအူနေတာ
ကိုယ့်ကိုယ်ကိုယ် ကုန်ကြမ်းလုပ်ပြီး
ကိုယ့်ကိုယ်ကိုယ် ကုန်ချောထုတ်နေရတဲ့ စက်ရုံတစ်ရုံရဲ့ မီးခိုးတွေလေ
ယနေ့ လူ့ဖြစ်တည်မှု ရရှိနိုင်ပါပြီ
ယနေ့ လူ့ဖြစ်တည်မှု ကုန်ပြီ
လင်းလက်တာရာ
21.12.2014
အရွက်ပေါ် အရောင်ရဲ့အရွေ့ 
အချပ်ပိုတွေပေါ် အချိုတွေ ပက်ထားပုံ ၊ ခါးလိုက်တာ
နေကြာပန်းခင်းကြီးထဲ မှောက်ကျသွားသူ နေရောင်ခြည်မွှေးမွှေးလေး
နှင်းကွဲချိန်တိတိမှာ ဘာသာစကားဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်
'ကျွန်တော့်ကိုဖြည်ပါ' ၊ မမြင်ရတဲ့ ချည်မျှင်တန်းတွေ
လူကို လာပတ်ထားပုံ ဆန်းကြယ်။ သန်းခေါင်ထဲ ကြောင်ရဲ့မျက်လုံးဟာ ကြယ်လို
အာရုံခံနက်ဗ်ကြောတွေ ကျုံ့ သွားလိုက် ကျယ်သွားလိုက်
လူမှု့ ဘဝရဲ့ ရောင်စုံ vibration များ။ မြက်ဖျားပေါ် မျက်ရည်စက်လေး
တွဲလွဲခိုနေပုံ အနှေးပြကွက်။ မထူးဇာတ်တွေပေါ် အထူးပြုလုပ်ချက်တွေ
အကြောင်းအရာဟာ အိပ်မက်ထဲမှာအပင်ပေါက်ပြီး အိမ်ထဲမှာ အမြစ်စွဲနေတယ်
တူးနေတဲ့ ပေါင်မုန့်တစ်ချပ်ရဲ့မျက်နှာပြင်နှစ်ဖက်လို နေ့နဲ့ည။
တစ်နေ့ပြီးတစ်နေ့ တငွေ့ ငွေ့ တလူလူ။ ဧည့်ခန်းထဲမှာ ပလက်စတစ်သစ်ပင်လေး
အပြင်မှာ အသိုက်ပျက်နေတဲ့ ငှက်၊ အဲဒီလို ခုနှစ် သက္ကရာဇ်တွေ။
'ကျွန်တော့်နှလုံးသားထဲက မြေနီလမ်းကလေးကိုတော့ ကွန်ကရစ်လာမခင်းပါနဲ့' ဟာ
မာဆလာအိုးထဲမှာ ကျောက်တွေသဲတွေနဲ့ ချာချာလည်နေတယ်။ ငွေဟာ
စပါးကြီးမြွေလို မြို့ကြီးကို မြိုထားပုံ။ တစ်ခုခုဆို ထထတောက်တဲ့ စိတ်ဟာ
မီးခိုးကြွက်လျှောက်။ တိမ်တွေ ပင်လယ်ထဲ ငုံ့ဆင်းသွားပြီး ကောင်းကင်ထဲ
ပျံတက်သွားပုံကြားထဲက သက်တံ့လေးလို အရေးအသား။
'ကျွန်တော့်ကို ရေစိုအဝတ်လို ညှစ်ချပါ' ၊ ဘာသာစကားရဲ့ ကိုယ်ပေါ်မှာ
ဆူးတောင်တွေ အပြည့်။ သစ္စာဟာ မင်းရဲ့အိမ်လား သစ္စာမင်းအိမ်
လူတွေကိုက ခါးလွန်းပါတယ် ကိုလူခါး။ ကဗျာထဲ မိခင်စိတ်အပြည့်နဲ့ ကြက်မကြီးလို
ယက်ယက်ပြီး ရှာလို့။ တော်လှန်လေကြောင့် ကျကွဲသွားတဲ့ သရုပ်မှန်ဖန်မီးအိမ်လေးရဲ့
ရက်လည်။ ဇက်ကျိုးပြီး စမှုတ်တိုင်တွေ ပြုတ်ထွက်နေတဲ့ စက်ဘီးလေးရဲ့ နာမည်က
သဘာဝပတ်ဝန်းကျင်။ 'ကျွန်တော့်ကို နူးအောင်ပြုတ်ပါ' လို့ ဘာသာစကားဟာ
ကြက်ဖကြီးလို ထတွန်တယ်။ မိသားစု ဂလက်စီတန်းကြီးထဲကနေ ပဲ့ထွက်လွင့်စင်သွားတဲ့
ဥက္ကာခဲ အပိုင်းအစ တစ်ခုလို 'ငါ' ။ အဲဒီလို 'ငါ' တွေ စုဝေးဖွဲ့တည်ထားတဲ့
သီးခြားကဗျာဂလက်စီတန်း။ ' ကျွန်တော်ဟာ ကဗျာ့စကြာဝဠာကြီးထဲက
အမှုန်အမွှားတစ်ခုမျှသာ' ဟာ ကမ္ဘာဆီ ရွေ့ နေတယ်။ တရွေ့ ရွေ့ ။
လင်းလက်တာရာ
6.10.2014

ငါ့ကိုယ်ငါ ရိုက်နှက် ထုတ်ဝေလိုက်တဲ့ issue
ငါ့နားရက် အင်္ဂါဟာ အင်္ဂါတွေ တစ်စစီပြုတ်ထွက် နေတဲ့ အင်္ဂါဖြစ်တယ်
ငါနဲ့တူတဲ့ ခရမ်းချဉ်သီးဖတ်လေးဟာ ဟင်းအိုးထဲမှာ ဆူပွက်နေတယ်
ငါ့ ဗီစီဒီပန်းခြံထဲမှာ မင်းသားနဲ့မင်းသမီးဟာ စောက်မြင်ကပ်လောက်အောင် ပတ်ပြေးနေတယ်
ကဗျာထဲမှာ ဗိုက်ကြီးသွားတဲ့ စာသားမလေးကို ကဗျာရေးသူဟာ တာဝန်ယူလိုက်တယ်
ငါဆာနေတဲ့အရာကို နာဆာက မမြင်နိုင်ဘူးလို့ ငါထင်တယ်
စစ်မှန်တဲ့ပညာရေးစနစ်ကိုငတ်ရင်း စစ်လာမှန်ထားတဲ့ ပညာရေးစနစ်မှာ ငါနစ်ခဲ့တယ်
သစ်သားကောက်ကြောင်းလေးထဲမှာ သစ်တောကြီးရဲ့ အသံရှိမလားလို့ နားစိုက်ထောင်မိတယ်
အရေးပေါ် ဥဩဆွဲသွားတဲ့ ကားထဲမှာ ငါပါသွားသလားလို့ ဝရန်တာဆီ ပြေးထွက်ကြည့်မိတယ်
ဟိုးဝေးဝေးက တောင်တန်းဆီ မြူခိုးတွေလို ငါလှမ်းဆက်သွယ်နေတယ်
လေယာဉ်သံဟာ ငါ့အိမ်လွမ်းနာဆီ ဗုံးတွေ ပိုက်စိပ်တိုက် ကျဲချသွားတယ်
ငါ့သေတ္တာထဲမှာ သစ်တာတွေ တစ်ခုမျှမရှိဘူးလို့ ငါဟောင်းပစ်လိုက်တယ်
မြက်ရိတ်စက်ကြီးက တဂီးဂီးနဲ့ ငါ့စိတ်တွေကို လာရိတ်နေတယ်
္ဂိဂိုးပြတ်ရှုံးနေတဲ့ အဝေးကွင်းမှာ ငါဟာ လက်ခလယ် ထောင်ပြခံရသူ ဖြစ်တယ်
လူကုန်ကူးခံရတဲ့ မိရိုးဖလာဟာ မမှတ်မိလောက်အောင် ငယ်ရုပ်ပျောက်သွားတယ်
သိမှုရနံ့တွေ မွှေးလာမလားလို့ တချို့အတွေးအခေါ်တွေကို ငါတံစို့ထိုး မီးကင်ကြည့်မိတယ်
ငါဟာ စားသုံးသူဖြစ်ပြီး ငါဟာ စားသောက်ကုန်ပစ္စည်းဖြစ်တယ်
ယန္တရားစော်နံတဲ့ ငါ့ခန္ဓာကို ခါချလိုက်တိုင်း သံချေးတွေအလွှားလိုက်ကွာကျတယ်
တရားမဝင်အရှို့ ခံလိုက်ရတဲ့ မေတ္တာတရားကို ငါဖက်ထားမိတယ်
ဆာလောင်သူများကို မျက်ရည်ယိုဗုံးတွေ ကျွေးနေပုံကိုကြည့်ပြီး ငါနင်နေတယ်
'ငါ့ကိုယ်ငါ အချိန်မရွေးလုပ်ကြံဖို့ကြိုးစားနေတယ်'ဟာ ငါ့နာမည်ဝှက်ဖြစ်တယ်
စည်ပင်က အရိပ်ကြီးကြီးတွေကို ပင်စည်ကနေ တိုက်လှဲနေတယ်
စွန့်ပစ်ခံထားရတဲ့ စကားလုံးတွေကို အမှိုက်ပုံထဲကနေ ငါကယ်ထုတ်လိုက်တယ်
ငါထောင်ထားတဲ့ ကြွက်ထောင်ချောက် ထဲမှာ မိနေတဲ့ ကြွက်ဟာ ငါဖြစ်နေတယ်
'The Reader' ထဲက ကိတ်ဝင်းစလတ် ဟာ ငါ့လိင်ပိုင်းဆိုင်ရာခလုတ်ကို လာဖွင့်နေတယ်
အာဏာရှင်ဖို့အတွက် အာဏာရှင်ဟာ အာဏာတွေကို သွေးလောင်းပေါင်းသင်နေတယ်
အောင်ချိမ့် ရဲ့ 'အဝင်း ဆိုတဲ့ ဖာသည်မလေး ' နေရာမှာ စနစ်ဆိုးကြီးတစ်ခုဟာ တစ်ခင်းလုံးဝင်းမှည့်နေတယ်
နျူးကလီးယားမကြိုက်တဲ့ ငါဟာ ကိလေသာကိုတော့ မှီဝဲနေသေးတယ်
စီးပွားရေးမြောင်းပုပ်ကြီးထဲ ကျွံကျွံကျလာတဲ့ လူတွေကို ငါမော့ကြည့်နေမိတယ်
ဆယ်လ်မွန်ငါးတွေ ရေခဲရိုက်ထည့်ခံခဲ့ရတဲ့ ဘောက်ကို ဆေးကြောသန့်စင်ပြီး
ငါ့အိမ်ပြန်ချိန်တွေကို ထည့်ထားလိုက်တယ်
လင်းလက်တာရာ
18.11.2014