ဗိုက်မဆာဘူး၊ စိတ်အဟာရ ဆာတယ်။
လူနာဟာ ခုတင်ပေါ်ကနေ နံရံကို
ပြူတင်းပေါက်တစ်ပေါက် လှမ်းဖောက်နေတယ်၊ စိတ်နဲ့ ။
ဆေးလုံးတွေကို ကမ္ဘာကြီးပုံ စီထားတယ်။
သွင်းလက်စပိုက်တန်းလန်းမှာ သွေးမြစ်တစ်မြစ်စီးနေတယ်။
အာခေါင်တွေ ကန္တာရ လို သွေ့ ခြောက် အက်ကွဲ။
အော်သံတွေ ဆာဟာရ လို အက်ကွဲ သွေ့ ခြောက်။
ညည ၊ ချောက်ကမ်းပါးကြီးထဲ ပြုတ်ပြုတ်ကျ။
မျက်လုံးတစ်ဖက်ဟာ ဘာသာရေးစစ်ပွဲထဲမှာ ကျန်ခဲ့။
နှလုံးသားတစ်ဖက်ဟာ လူမှု့ စစ်ပွဲထဲမှာ ကျန်ခဲ့။
ခြေတောက်တစ်ဖက်ဟာ နိုင်ငံရေးစစ်ပွဲထဲမှာ ကျန်ခဲ့။
ဦးနှောက်တစ်ဖက်ဟာ နည်းပညာစစ်ပွဲထဲမှာ ကျန်ခဲ့။
ဆေးရုံဟာ အနံ့ဆိုးတွေ ထုတ်လွှတ်နေတယ်။
ဆေးရုံဟာ အသံဆိုးတွေ ထုတ်လွှင့်နေတယ်။
ဆေးရုံဟာ အမြင်ဆိုးတွေ ထုတ်လုပ်နေတယ်။
ဘဝကြီးဟာ ဆေးရုံတစ်ရုံပဲ။
ဆိုက်ရောက်၊ ထွက်ခွာ လမ်းမွှာတွေ တဖွဲဖွဲ။
လွယ်ထမ်းရွက်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ တဖွဲဖွဲ။
တံဆိပ်လှလှနဲ့ ဝဋ်ဒုက္ခတွေ တဖွဲဖွဲ။
ထုတ်ပိုးမှုမျိုးစုံနဲ့ အကုသိုလ်တွေ တဖွဲဖွဲ။
မျက်ရည်ပန်းတွေ မနမ်းချင်ဘူး။ ဆည်းလည်းသံလေး ပွင့်ပေးပါ။
လူနာဟာ စိတ်နဲ့ ပြူတင်းပေါက် ဖောက်ထားတဲ့နံရံမှာ
ငှက်တစ်ကောင်ပုံ ထပ်ဆွဲနေတယ်၊ စိတ်နဲ့ ။
ကမ္ဘာကြီးပုံ ဆေးလုံးတွေ ပြန့် ကျဲသွား။
စီးလက်စ သွေးမြစ်တစ်မြစ် ရပ်တန့် သွား။
စိတ်နဲ့ ဖောက်ထားတဲ့ ပြူတင်းပေါက်မှာ
စိတ်နဲ့ ဆွဲထားတဲ့ ငှက်တစ်ကောင် ပျံသန်းသွား။
လင်းလက်တာရာ
11.9.2014
No comments:
Post a Comment