ခင်ဗျားစိတ်ကို သူကောက်တပ်နေတာ။ သူနဲ့မတော်ပါဘူး။ မိရိုးဖလာကို
မကြိုက်ပေမယ့် ဝတ်ထားရှာတယ်။ အတွေးအခေါ်တည့်တည့်မှာ မိုးယိုပေါက်ကြီး
တစ်ပေါက်။ ယဉ်ကျေးမှုဗဟိုချက်မှာ အမှိုက်ပုံကြီးတစ်ပုံ ၊ ပိတ်ဆို့နေတဲ့ ရေဆိုး
မြောင်းကြီးတစ်မြောင်း။ ဟုတ်ကဲ့။ မေးခွန်းကောက်ရိုးပုံကြီး မီးစလောင်နေပါပြီ။
ကျင်ယူနိုင်လိမ့်မယ်လို့တော့ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။ မမျှော်လင့်ထား
တာတွေကိုလည်း မျှော်လင့်ထားသင့်တယ်။ သူ့ကစားနည်းမှာ မီးခိုးရောင်တွေ
ကဲနေတာမြင်လား။ သက်တံ့ဟာ ရုတ်တရက် အပိုင်းပိုင်းပြတ်ထွက်သွားပုံ။
ခင်ဗျားရဲ့ အားလပ်ချိန်တွေကို သူလေနဲ့မှုတ်ထုတ်နေတယ်။ ရယ်စရာတွေပေါ်
လောက်တွေ တဖွားဖွား။ ဝမ်းနည်းမှုပြတ်ရွေ့ကြောပေါ်က အိမ်။ အင်း။ သူပဲ။
မနီးဘူး။ တော်တော်ဝေးတယ်။ တစ်ခါတလေ ကျောက်ဆောင်။ တစ်ခါတလေ
ရေလှိုင်း။ တစ်ခါတလေ နေလုံးနီနီ။ တစ်ခါတလေ ရေသူမယောင်လည်း
ဆောင်လိုက်သေး။ အေးလိုက်ပူလိုက်ပါပဲ။ တစ်ဝက်က မြေကြီးထဲမှာ တစ်ဝက်က
မြေပေါ်မှာ။ အရမ်းကြီးတော့ မနှစ်သက်။ နည်းနည်းတော့ ကြိုက်တယ်။
အဲဒီအကြောင်းက အဲဒီအကြောင်းအရာထဲမှာ ကန့်လန့်ကြီး။ သူ့ကိုယ်သူ တွေဝေသူ
အဖြစ် ပန်းပုထုနေတယ်။ ခင်ဗျားပြောသလိုမျိုးတော့မဟုတ်ဘူး။ ချဲ့ယူ စပ်ဆက်
ကြည့်မယ်ဆိုရင်တော့ နည်းနည်းနီးစပ်မယ်။ ပင်လယ်လေကို ဆားတွေနဲ့ တို့စား
နေတာလေ။ သဲတရှပ်ရှပ် အဆီတဝင်းဝင်း ကမ်းခြေပဲ။ ချစ်ခြင်းတရား ဆီက
'ခေါင်းသုံး' ဆိုတဲ့ အီးမေးလ်ဝင်လာတယ်။ အလေးချိန်တော့ အတိအကျမသိဘူး။
လေးတယ်။ တော်တော်လေးတယ်။ အဝေးကြီးသယ်သွားရမှာ။ တောင်တန်း
တွေရော ချိုင့်ဝှမ်းတွေရော။ မီးတောင်လည်း ပါသေး။ ဆင်းရမယ့် နေရာက
ချောက်ထဲတည့်တည့်။ သူက တော်လှန်သူ ဖြစ်ပြီး တော်လှန်ခံလည်း ဖြစ်နေ
ပြန်တယ်။ မျိုးဆက်ပြဿနာကို သူ့သားကြောဖြတ်ပြီး ဖြေရှင်းမယ်ပြောနေတယ်။
နောက်ထပ် နေကြာပန်းတွေ ထပ်စိုက်ချင်သေး။ ခင်ဗျားရဲ့ ချက်မြှုပ်မှာ သူ
စစ်ဆင်ရေးတွေလုပ်နေတယ်။ ကျွန်တော်လား။ ဆိုက်ကို ဝင်နေတဲ့တစ်ယောက်
ရဲ့ဘေးက။ ဓါတ်ပုံထဲမှာ သမိုင်းဟာ သွေးစွန်းနေတဲ့ညာအစွန်လူ။ ဆွယ်တာတွေ
အစား အသက်ကယ်အင်္ကျီတွေ ယူသွားတာ ပိုကောင်းမယ်။ တိမ်တွေ ငါတို့
မျက်စိအောက်မှာ အဆုပ်လိုက်အဆုပ်လိုက် ပွင့်နေရဲ့။ သံလိုက်အိမ်မြှောင်က
အလုပ်မလုပ်တော့ဘူး။ ခဲတံတွေကို ပိုကြိုက်ပါတယ်။ ငယ်ဘဝဟာ ငါတို့ ဆီမှာ
ဆီခမ်းနေပြီ။ ဘယ်ဗိုင်းရပ်စ်နဲ့ အတူဆုံးလဲဆိုတော့ အီဘိုလာ။ အနီထက် ပိုမို
နီရဲတဲ့ အနီ။ ဒါ ခင်ဗျား ဦးနှောက်လေ။ ဒါ သူ့ နှလုံးသားလေ။ အပြင်ထွက်ချင်
လိုက်တာမှ အသက်ထွက်မတတ်ပဲ။ ညစာအတွက် တစ်ညလုံး ညစောင့်ခဲ့ရ
တာတွေ ပြန်ပြောင်း ပြောနေတယ်။ သူ့အဆင့်သူ ကောင်းကင်မှာ တက်ချိတ်
ထားတာ။ လည်ချောင်းနာတယ်။ ချောင်းလည်းနာတယ်။ မြစ်လည်းနာတယ်။
တစ်ခုခု ညှော်နေတဲ့အနံ့ အမြဲရတယ်။ ခါးပတ်တွေကို မြဲမြံစွာ ပတ်ထားကြပါ။
ငါတို့ဘယ်ကိုသွားနေတာလဲ။ မသိဘူး။ လမ်းခုလတ်မှာလို့် တော့ ထင်ရတာပဲ။
လင်းလက်တာရာ
18.8.2014
No comments:
Post a Comment