Monday, April 6, 2015
ဆိုက်ကိုအရေးအသား
ပုပ်ပွနေတဲ့ သစ်သီးတွေ ဆိုက်ကိုဝင်ပြီး နုပျိုလတ်ဆတ်ကုန်တယ်
လူ့ဘဝရဲ့သိပ်သည်းဆထဲ ဆိုက်ကိုတွေ ထိုးခွဲဝင်ရောက်
ဝင်လာမစဲ တသဲသဲဆိုက်ကိုတွေ အရွယ်က 'ပလုံ' ဆိုက်ကိုက 'ဝုန်း'
တစ်နိုင်တစ်ပိုင် ဆိုက်ကိုစိုက်ပျိုးရေး သတိ/ ဆိုက်ကိုလောင်ကျွမ်းလွယ်သည်
နေအထွက်မှာ ရွှေခွက်နဲ့ ဆိုက်ကိုအပြည့် ခပ်ကြသူများ
စိတ်အတွင်းသားထဲ ဆိုက်ကိုတွေနယ်ချဲ့ ဆိုက်ကိုနယ်မြေသစ်များ
ဆိုက်ကိုနေမဝင်အင်ပါယာ ဆိုက်ကိုဖွံ့ဖြိုးတိုးတက်ရေး Free ဆိုက်ကို
အသားတိုးမွေးမြူထားတဲ့ ဆိုက်ကိုတွေ ဖဲ့ထုတ်လှီးပစ်ရမယ့် ဆိုက်ကိုတွေ
ဆိုက်ကိုဂရပ်ဖစ်မျဉ်းများထောင်တက် ဆိုက်ကို,ကို ထောင်သွင်းအကျဉ်းချလို့ ရမရ
မြေအောက်တော်လှန်ရေးခေါင်းဆောင်ဆိုက်ကို ဆိုက်ကိုအလိုမရှိ
စိတ်နှလုံးသားမှာ ချိန်ကိုက်ဗုံးထောင်သူဆိုက်ကို ဆိုက်ကိုချော်ရည်ပူများ
ဆိုက်ကိုဆူနာမီများ ဆိုက်ကိုမုန်တိုင်းများ ဆိုက်ကိုဖိုးဘီးယား
ဆိုက်ကိုပြည်ထောင်စု ဆိုက်ကိုသမ္မတ ဆိုက်ကိုနိုင်ငံတော်
လူမှုကွန်ယက်ထဲကနေ ဆိုက်ကိုတွေ ကူးစက် ဆိုက်ကိုဗိုင်းရပ်စ်များ
ဆိုက်ကိုတွေ ဈေးကြီးပေးဝယ်တယ် ဆိုက်ကိုတွေ ဈေးပေါပေါနဲ့ရမယ်
ဆိုက်ကိုတွေ ပဲလှော်နဲ့လဲတယ် အသက်နဲ့ လဲလိုက်ရတဲ့ ဆိုက်ကို
ဘဝနဲ့ လဲလိုက်ရတဲ့ဆိုက်ကို အချစ်နဲ့လဲလိုက်ရတဲ့ ဆိုက်ကို
ဆိုက်ကိုဟူသမျှ ဂုဏ်ရှိစွ ရောင်စုံဆိုက်ကိုလူပူဖောင်းများ
ကုန်သည်ကြီးများဟိုတယ်ပေါ်စမတ်ကျကျတက်သွားတဲ့ ဆိုက်ကို
လူ့အောက်ပိခြင်းထဲ ခေါင်းငိုက်စိုက်ဆင်းလာတဲ့ ဆိုက်ကို
ဆိုက်ကိုဝေးဝေးဆက်ဆံရေး လိင်ဆက်ဆံနေချိန် အလစ်ဝင်တိုက်တဲ့ဆိုက်ကို
ဆိုက်ကိုမြို့မှ လှိုက်လှဲပျူငှါစွာ ကြိုဆိုပါ၏ သင့်အားဆိုက်ကိုမှအလိုရှိသည်
အမှန်တရားရဲ့ဘက်တော်သား မဟာ ဆိုက်ကို ပြန်လာပြီ
Relationship ထဲ ဆိုက်ကိုတွေ တစိမ့်စိမ့် ဝင်လာ
ဆိုက်ကိုမဟာမိတ်များ အဆိုးမြင်ဆိုက်ကိုများအား ဆန့်ကျင်ကြ
ဆိုက်ကိုပေါ်မှာ လိုက်ပါလာကြတဲ့ ဆိုက်ကိုခရီးသွားပြည်သူများခင်ဗျာ
ဆိုက်ကိုသံသရာ ဆိုက်ကိုကမ္ဘာ ဆိုက်ကိုကဗျာ
ဆိုက်ကိုအချင်းချင်းသတ်ဖျက်ခြင်း ကင်းရှင်းကြပါစေ
ပျံသန်းနေတဲ့လေယာဉ် ဆိုက်ကိုကြောင့် ပျက်ကျ
မပြီးဆုံးသေးသော ဆိုက်ကိုစစ်ပွဲများ တမြေ့မြေ့ ဆိုက်ကိုကင်ဆာများ
ဆိုက်ကိုအား လူမျိုးမရွေးဘာသာမရွေး သုံးဆောင်နိုင်ပါသည်
သူ့ကိုယ်သူ ဘုရားသခင် လို့ ထင်နေတဲ့ ဆိုက်ကို
ဆိုက်ကိုနားထင်သွေးရောက် ဆိုက်ကိုအစွန်းရောက်များ
ဆိုက်ကိုနားနီးဆိုက်ကို ရှေးရိုးစွဲအစဉ်အလာများအား အရေခွံခွာသူ ဆိုက်ကို
ဘာသာရေးအယူဝါဒများအား သွားထက်ထက်နဲ့ကိုက်ဖြတ်သူ ဆိုက်ကို
ဖွတ်ထွက်မှ ဆိုက်ကိုမှန်းသိတယ် ဆိုက်ကိုအရောင်ကြောင့်ပါးပြောင်
ခန္ဓာအိမ်မှ ဆိုက်ကိုများ မွန်းလွဲတစ်နာရီတွင် စတင်ထွက်ခွာမည်
ဆိုက်ကို တွေးတယ် ဒါကြောင့် ဆိုက်ကို ရှိတယ်
နိုင်ငံအဝှမ်း ဆိုက်ကိုအစွမ်းဖြင့် စိမ်းလန်းစေရမည်
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆိုက်ကိုဝင်နေပါသဖြင့်
ဆိုက်ကို status ဆိုက်ကို like ဆိုက်ကို comments
ဆိုက်ကို Share ဆိုက်ကို Last online one minute ago
သေ - မြေကြီး ရှင် - ဆိုက်ကို ဆိုက်ကိုသီးမှ အရီးလာမတော်နဲ့
နုပျိုလတ်ဆတ်တဲ့သစ်သီးတွေ ဆိုက်ကိုဝင်ပြီး ပုပ်ကုန်တယ်
- လင်းလက်တာရာ
6.4.2015
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment