Thursday, April 30, 2015
'သင့်ကိုယ်သင်ရှာပါ မြေပုံပေါ်မှာ မြေပုံတွေ'
'တွေ့လား တွေ့လား တွေ့လား ' 'တွေ့လားတွေ'ကိုရောတွေ့လား
ဘယ်လို'အရသာ'လဲ ဘယ်လို'အနှစ်သာရ'လဲ ဘယ်လို'ရသ'လဲ
ဒီချောက်ကမ်းပါးက တက်လာတာ ဒီ Mainstream ထဲက
ဖြာကျလာတာ အဲဒါက ကပ်ပါးတွေ မျိုးပွားတွေ ကလုန်းတွေ
လေထဲမှာ ၀ဲပျံလာပြီဆိုလည်း ဟီးရိုးပဲ ငါဟာ ကျကွဲ ငါဟာ
မူလီစုပ်ခံရ ငါဟာ ငါမဟုတ်တာ အသံမှာမြင်ရဲ့လား အနက်မှာ
ကြားရဲ့လား ဒီမှာက အားလုံးတူတူပဲ ရှာဖွေလေ တွေ့ရှိလေ
တစ်ယောက်ယောက်ရဲ့မိတ္တူကို ပွားလိုက်မိသေးလား ခင်ဗျားဆီမှာ
ပိုမိုရှင်သန်ဖူးညွှတ်နေတဲ့ အစိမ်းရောင်စကားလုံးတွေ တချို့
စကားလုံးတွေက တွတ်ထည့်ကန်လိုက်တဲ့ ဘောလုံးတွေလို
အမြင်အာရုံကို မှောက်မှားစေတယ် မျှော်လင့်ထားတဲ့နေရာမှာ
ကျမလာတဲ့ ဖြစ်တည်မှုဟာ မမျှော်လင့်တဲ့ နေရာမှာ မမျှော်လင့်
ထားတဲ့ပုံစံနဲ့ ဝေ့၀ိုက်ဝဲကျသွား အရွေ့အသစ်တွေ မြေမြှပ်ဗုံးတွေနဲ့
လွတ်ရဲ့လား လိုင်းအချင်းချင်း ရိုက်ကြည့်နေတာ စိတ်မရှိနဲ့ ခဏ
ဘေးဖယ် ဒီမှာက ဆောင့်နင်းချနေတာ မီး မီး ချင်း ဂဟေစပ်နေတာ
အ၀ါကဒ်ပြနေတာ time and space ကိုခုန်ကျော်ကြည့်နေတာ
သေတဲ့အပင်က ရှင်လာမလားလို့ တွေးခေါ်ကြည့်နေတာ ဆောရီး
foul နေပြီ ဆိုတာမရှိ နေရာလွတ်တွေချည်းပဲဆိုလည်း ၀ိုင်း
ဂရုစိုက်မယ့်သူတွေအပြည့် လပြည့်ညကြီးကိုချည်း ရွေးပြီး တွေး
ခေါ်နေရတာ ပျင်းရိငြီးငွေ့ဖွယ် ချွတ်ထားတဲ့စိတ်ကိုကောက်တပ်ပြီး
လူတောထဲ ဝင်သွားပုံ စမတ်ကျကျ တချို့တွေ ဘဝတွေကို ချွတ်ပြီး
ပြန်မတပ်နိုင်သေး ကိလေသာမိုးများ အဆက်မပြတ်ရွာသွန်းခြင်း
ရွာမှာပဲရွာမှာလို့ တောသူမလေးမိုးက ပြောသွားသေးလား ဝမ်းရေး
တွေဟာ မရပ်မနား ဝမ်းသွားနေသလို လမ်းတွေထဲစိုက်ဝင်နစ်
မြုပ်ပြီး ပြန်ထုတ်လို့မရတော့တဲ့ ခရီးမိုင်တိုင်တွေ ခေါင်းထဲမှာ
ခေါင်းတလား ခေါင်းတလားထဲမှာ မိမိကိုယ်ကိုယ် ရှု့ မြင်ပုံ
ရှု့မြင်နည်း မီးနေသည်ဟာကဗျာ သယံဇာတပုံ တက်တူးကို
အရှင်လတ်လတ် အရေခွံခွာလိုက်ကြပြီ တစ်တောလုံး မုဆိုး
တစ်တောင်လုံးဘူဒိုဇာ တက္ကနစ်တွေနဲ့ တည်ဆောက်ထားတဲ့
ရွာ ဘယ်နေရာကိုသွားမှာလဲ လေထီးပါလား အစာရေစာပြည့်
စုံပြီလား သူ့ချုပ်ရိုးစကို သွားသွားခိုးဖြည်နေတာ စိုက်ထားတဲ့
အသီး အရည်ရွှမ်း/မရွှမ်း ပေးနမ်းလိုက်ပါ ဒီမှာလည်း ယက်ကြည့်ပါ
တပ်ကြည့်ပါ ဆင်ကြည့်ပါ ဖက်ကြည့်ပါ သံလိုက်အိမ်မြှောင်လိုရှာ
ပြီးမှအပျော်တမ်းခရီးထွက်သလို ရှိသမျှအကုန်အတင်းထိုးထည့်
လာတာ ပျော်/မပျော်တော့ မသေချာ ဒီဘဝမှာတော့ သေဖို့
သေချာပါတယ် ငါးမရလည်း မြစ်ရဲ့ကျန်းမာရေးကိုနားစွင့်ခဲ့ပါ
နည်းပညာယန္တရားများကြားမှာ လေထဲက ငါးတစ်ကောင်လို မြစ်
ဟာ မျော့နေပါပြီ မျှော့တွေလို ဘယ်သွေးမှမရွေးတဲ့ ခေတ်
ကာလကြီးက ရသမျှစုပ်ယူတယ် စုပ်ဝဲမှုတ်ဝဲတွေနဲ့ကမ္ဘာ ပဋိပက္ခ
တွင်းနက်ကြီး ခြောက်အိပ်မက်ချောက်ကြီးများ မိန့်ခွန်းတွေဟာ
ဗိုင်ပါးယားတွေလို အမှောင်ထုကြီးထဲမှာ အစွယ်တမျှားမျှား
ဆူရှီမာကီလိပ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက တိုင်းသူ
ပြည်သားတွေကိုလိပ်တယ် ကိုယ့်ဘက်ကိုယ်ယက်နေလို့ ပန်း
ဝင်ဖို့မေ့နေတဲ့ လိပ်တွေ လွှတ်တော်ထဲမှာ အိပ်ပျော်နေတဲ့
လိပ်တွေ အလိပ်လိုက်အလိပ်လိုက်တက်လာတဲ့ ဧရာမ ကြွေးမှီ
မီးခိုးလုံးကြီးတွေ အသက်ကိုလုရှူ အောက်ဆီဂျင်ကို လုရှူ
လုထုညစ်ညမ်းမှုကို လုရှူ နာဂစ်ကို ဦးရှင်ကြီးလည်းမကယ်နိုင်
ခဲ့သလို နီပေါငလျင်ကို ကာလီမယ်တော်လည်း မကယ်နိုင်ခဲ့
သမိုင်းရဲ့အမည်းစက်ကို လေဆာနဲ့ဖျက်လို့မရ ကတိတွေဟာ
တိတိရိရိပျက်ကျလို့ အဲဒီမှာလိုင်းကောင်းလား ဒီမှာတော့ ဒီမို
ကရေစီဟာ လိုင်းမကောင်းဘူး ဟဲလို ကြားလား လွတ်လပ်ရေး
ကျောက်တိုင်ကြီးကအစ လွတ်လပ်ရေးမရသေး လူသားချင်း
စာနာမှုဟာ အဟတ်ခံလိုက်ရပြီ နိုင်ငံရေးစမ်းသပ်ခန်းထဲကရင်ခွဲခံ
ထားရတဲ့ဖားတစ်ကောင်ဟာ ဒီမိုးကရေစီးတယ်လို့ အော်ပြီးငြိမ်
ကျသွား အရိတ်ခံလိုက်ရတဲ့မြက်တွေဟာ ရှည်ထွက်မြဲ မတရားမှုကို
ကုတ်ခြစ်ဖို့ လက်သည်းတွေဟာ ရှည်ထွက်မြဲ ပိုးစာပေါက်တွေနဲ့ 
သစ်ရွက်ကြွေလေးမှာ အနက်အဓိပ္ပါယ်တွေနဲ့ ရနံ့တွေပန်းထွက်
လာတဲ့အထိ လူ့အဖြစ်ကို ပွင့်ကြည့်ကြတာပေါ့ ဘယ်လိုလဲ
ရွှေဆက် လင်းလက်တာရာ
30.4.2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment