Tuesday, April 21, 2015
မြင်ချင်သောအရာ = မျက်စိတဆုံးထက် ပိုကျယ်သော ရှု့ခင်းများ
ဘာတွေကပ်ငြိပါလာမလဲ စိတ်တဆုံးနှိုက်ကြည့်မိ အဖွင့်လိုင်းထဲ
အစမှာတင် လေထဲကနေ လေထီးနဲ့ ခုန်ချလိုက်သလို ကျလာတယ်
တချို့စာသားတွေ လေထီးပွင့်တယ် တချို့စာသားတွေ လေထီးမပွင့်ဘူး
တချို့စာသားတွေက မိုးကျရွှေကိုယ် တချို့စာသားတွေက လေယာဉ်ပျက်အပိုင်းအစလို
စာသား အချင်းချင်း နမ်းရှိုက် ထိုးကြိတ် တွန်းကန် ဆွဲငင်
သိမှုနယ်မြေကို ရှာဖွေ ချဲ့ထွင် စာသားကိုလံဘတ်များ
ဘာသာစကားဟာ ကျောက်စိမ်းတွင်းကြီးဖြစ်တယ် တူးကြ
တချို့စာသားတွေကျ မီးများပြီး တူးသွားတယ်
တချို့စာသားတွေကျ အမှည့်လွန်ပြီး ပုပ်သွားတယ်
ပါးပြင်ပေါ်က ပါးကွက်ကြားလေးကမှတဆင့် မရောက်ဖူးတဲ့ သနပ်ခါးခြံကြီးကိုပါ မြင်လိုက်ရ
အနှစ်၂၀ လုံးလုံး အချစ်ဟာ နှလုံးသားထဲပုန်းခိုနေခဲ့ပါသတဲ့ မြင်လား
ကြားလား နာရီတွေရဲ့ နာကျင်စွာ ရီ(ရယ်)မောသံ
နေကြာပန်းလေးဟာ နေရောင်နဲ့ ဆက်သွယ်လာပါတယ် မွှေးမြ
အနှစ်သာရဆီရောက်ဖို့ အခွံနံရံအထပ်ထပ် ထွင်းဖောက်ခဲ့ရ အနှစ်နှစ်အလလ
မင်းဦးခေါင်းထဲ သာနေတဲ့ လကို မြင်ရသူအမှောင်ဟာ ငါ
'နေဝင်နေထွက်'ဟာ မဟာ စွပ်ကြောင်းကြီးတစ်ခု
နုငယ်တဲ့အသိဥာဏ်တွေထဲ ရိုက်ထည့်ထားတဲ့ အကြောက်တရားသံမှိုကို ဆွဲနှုတ်ပစ်ရမယ်
'မုန်တိုင်းတွေဘယ်လောက်ထန်ထန် လူငယ်ထုထဲ လွင့်နေတဲ့ အလံ
ပန်းတိုင်မှာ ပန်းတိုင်းဖူးပွင့်နေတယ် ' မှာ ငါနေထိုင်တယ်
မီးက ငါတို့ဆီ တိုးလာတဲ့လမ်းနဲ့
ငါတို့က မီးဆီ တိုးသွားတဲ့လမ်းကို ငါတို့ အသုံးပြုကြတယ်
အိမ်ရဲ့ အပြင်မှာ နှင်းတွေတဖွဲဖွဲ အိမ်ရဲ့အတွင်းမှာ မီးလျှံတွေ
ဘဝရဲ့အပြင်မှာ မိုးတွေတစိမ့်စိမ့် ဘဝရဲ့အတွင်းမှာ တံလျှပ်တွေ
အဆက်အစပ်မဲ့ စာသားတွေလို အဖြစ်အပျက်တွေ
အစက်အပျောက်တွေနဲ့ ဗြောက်ထနေတဲ့ မြင်ကွင်းတွေ
တောင်ရဲ့တစ်ဖက်ခြမ်းမှာ ချစ်မေတ္တာ မိသားစု နဲ့ ပျော်ရွှင်မှု
တောင်တက်လမ်းမှာ ဒုက္ခတရား အသားစားသတ္တဝါများ နဲ့ ထောင်ချောက်များ
ဒီတောင်ကို မောင်မကျော်နိုင်တော့ဘူး ဆိုသူတွေကို ငါနဲ့အတူ ငါတွေ့တယ်
ဂန္ဒီလွှင့်ပစ်ခဲ့တဲ့ဖိနပ်ကို စာအုပ်တစ်အုပ်ထဲမှာ ငါတွေ့တယ်
လမ်းတွေကို ထွင်ရတာလည်း အရိုးများလွန်းတယ်
ငါ့ကိုထမ်းခဲ့တဲ့ပခုံးတွေကို ငါပြန်ထမ်းချင်တယ်
လူ့သမိုင်းထဲ မြို့တွေ မြစ်တွေ ပျောက်သွားတာ
လူ့အဖွဲ့အစည်းထဲ ကန္တာရကြီးတွေပေါက်လာတာ
အံ့ဖွယ် / အန်ဖွယ်
တချို့နာမည်တွေက မစင်လိုပဲ မြင်တာနဲ့ ပျို့တက်
မိန့်ခွန်းတွေကို မုသားတွေနဲ့ သီကုံးဖာထေးလို့ မဆုံးနိုင်ကြသေး
ချောတိုင်တက်သလို လျှောလျှောကျလာတဲ့ နိုင်ငံရေးတွေ
ငံလိုက်တာ ထွီ!
တည်ဆောက်နေ့ ပြိုလဲည ဖွဲ့စည်းည ပြိုပျက်နေ့
တဖြည်းဖြည်းပြုန်းပြုန်းလာတဲ့ အပြုံးတွေ အပျော်တွေ
ပျော့ပြဲရိရွဲနေတဲ့ မျက်ရည်တွေ
ဘဏ်ကထုတ်လာတဲ့ အသစ်ကျပ်ချွတ်ငွေစက္ကူဟာ ပြဲသွားတယ်
အသက်ဇီဝတွေလည်း အဖြဲခံနေရ
လူ့အခွင့်အရေးတွေလည်း အဖြဲခံနေရ
အဖြူအမည်းဓာတ်ပုံထဲက ဝါးဓနိတဲလေးတွေဟာ အခုပန်းဆိုးတန်းတဲ့
ပန်းတွေကို အရောင်တွေဆိုးလာကြ အသားငါးသစ်သီးတွေထဲ ဓာတုဆေးတွေထိုးလာကြ
လူထုထဲ အဆိပ်ငွေ့တွေ ဖြန်းလာကြ
ငါတို့မှာ သမိုင်းတွေနဲ့ ငါတို့မှာ မိုင်းတွေနဲ့ ငါတို့မှာ မိုးလုံးမှိုင်းနေတဲ့ စစ်ရိပ်စစ်ငွေ့တွေနဲ့
စိုက်ထားတဲ့သစ်စေ့လေး အရွက်တဖားဖားဖြစ်လာတဲ့နေ့ဟာ ကဗျာရေးချင်စရာကောင်းမှာပါ
ကဗျာဆရာရဲ့ ခန္ဓာကတော့ ပုပ်ပွပျက်စီးသွားပြီး
သူ့ခန္ဓာထဲက ကဗျာသစ်ပင်ကတော့ မြေကမ္ဘာမှာ စိမ်းလန်းကျန်ရစ်ခဲ့ပါတယ်
'Move Move' လို့ လှိုင်းတွေက ငါတို့ကိုအော်တယ်
စပယ်ပင်လေးပေါ်မှာ ပွင့်နေတဲ့ပင်လယ်
ငါတို့ကျောပေါ်မှာ ကမ်းခြေဘယ်နှခုစာပွင့်နေတဲ့ ဆားတွေလဲ
လေထီးမပွင့်တဲ့စာသားတွေကို လက်ခံရရှိပါတယ်
လေယာဉ်အပိုင်းအစလိုစာသားတွေလည်း လက်ခံရရှိလိုက်ပါတယ်
ကြေကွဲဝမ်းနည်းဖွယ်ရာတွေဟာ ကိုလံဘတ်အဖြစ်
လူသားတွေကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်
တောင်ရဲ့တစ်ဖက်အခြမ်းကို အမြန် ရောက်ချင်ပါပြီ
နာရီတွေရဲ့ နာကျင်စွာ ရီ(ရယ်)မောသံကို နားနဲ့ဆက်ဆက် ကြားနေရပါပြီ
သံရည်ပူတွေဆူပွက်သံဟာ ခန္ဓာအိမ်ထဲမှာ မြည်နေတယ်
ကုန်ပြီလား မျှော်လင့်ချက်ပင်ကျရည်
မကုန်နိုင်မခမ်းနိုင် တစက်စက်ကျလာတဲ့ ဝဠ်နာကံနာတွေ
မြူတွေ ဆိုင်းလာတယ် မြင်ကွင်းတွေ ဝေဝါးလာတယ် အနီးမှုန်လား အဝေးမှုန်လား
အတွေးအခေါ်ကန်းရင် လမ်းတွေပါမှောက်သွားမှာ
ခရီးတွေပါ မှောက်သွားမှာ အသက်အိုးအိမ်တွေပါ မှောက်သွားမှာ
မျက်စိတဆုံးထက် ပိုကျယ်သော ရှု့ခင်းများကိုသာ မြင်ချင်ပါသည်
လင်းလက်တာရာ
21.4.2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment