စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ်
(a)
'စက္ကူလှေကလေးက ပင်လယ်ကို ချစ်တယ်'
ငါ့ရင်ပင်စည်မှာ ဓားနဲ့ထွင်းထားတဲ့ စာသား။
ငှက်ကလေးက ကောင်းကင်ပြာပြာကို ချစ်ခွင့်ရှိသလို
စက္ကူလှေကလေးကလည်း ပင်လယ်ကို ချစ်ခွင့်ရှိတယ်မဟုတ်လား။
အဲသလို ငါက ဘုရင့်နောင်လို ဖောင်ဖျက်ခဲ့တဲ့ကောင်။
ပျံရင်းသန်းရင်း မုန်တိုင်းတစ်ခုထဲ ပျက်ကျခဲ့တဲ့ကောင်။
ကိုယ့် နံရိုးတစ်ချောင်းကို အမှတ်မထင် ပြန်လည်တွေ့ ရှိခဲ့တဲ့ကောင်။
ခွေးအတွေ အူနေတဲ့ လပြည့်ဝိုင်းစက်စက်ကြီးကို
အိပ်မက်အသေထဲက အရှင်လတ်လတ်တူးဖော်တွေ့ရှိခဲ့တဲ့ကောင်။
အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို နင်ဘယ်လို ခက်ဆစ်ဖွင့်မလဲ ။
ခေတ်ပေါ်ယဉ်ကျေးမှုတွေလို လူ့ အဖွဲ့ အစည်းရဲ့ ကိုယ်စိတ်နှလုံးသုံးပါးထဲ
ပျံ့ နှံ့ ကူးစက်ကိုက်ဖြတ်နေတဲ့ ဗိုင်းရပ်စ်ဟာ အချစ်လား။
မခွဲစိပ်မပြုပြင်ရသေးတဲ့ ရုပ်ဆိုးဆိုးပလက်ဖောင်းတွေဟာ အချစ်လား။
ပွင့်လင်းမြင်သာမှုများစွာနဲ့ အပြည့်အဝ ရုပ်လုံးကြွမလာသေးတဲ့
လူ့ အခွင့်အရေးဟာ အချစ်လား။ တိမ်တွေမှာ လျှို့ ဝှက်တဲ့ တောင်ပံတွေရှိသလို ၊
နိုင်ငံရေးမှာ လျှို့ ဝှက်တဲ့ စစ်တုရင်ကစားနည်းတွေရှိသလို ၊
လူတွေမှာလည်း လျှို့ ဝှက်တဲ့ နှလုံးအိမ်ဆိုတာ ရှိတယ်။
မထင်မှတ်တဲ့ စက္ကန့် လေးက နင့်ကို ထင်ထင်မှတ်မှတ် ဖြစ်သွားစေခဲ့တာ။
မထူးခြားတဲ့ တွေ့ ဆုံမှုလေးက နင့်ကို ထူးထူးခြားခြား ဖြစ်သွားစေခဲ့တာ။
မနက်နဲတဲ့ နေ့ ရက်လေးက နင့်ကို နက်နက်နဲနဲ ဖြစ်သွားစေခဲ့တာ။
ငါ့ ရုပ်နဲ့ နာမ်ကို အပိုင်စားရတဲ့ နတ်ဖုရားမလေးရေ
နင်ဟာ ငါ့အိပ်မက်တွေကို ကျောက်ချနိုင်သူ။ နင်ဟာ ငါ့စိတ်ကူးတွေကို ရွှေချနိုင်သူ ။
နင်ဟာ ငါ့မနက်ဖြန်တွေကို ပန်းပွင့်နိုင်သူ။
(b)
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ငါ့နှလုံးသားဂူနံရံမှာ ပဲ့တင်ထပ်နေတဲ့ အော်သံ။
ငါ့ချစ်ခြင်းမေတ္တာတွေ စာစီကြည့်လိုက်ရင် မိုင်တွေ ဘယ်အထိတောင်လဲ။
ညကောင်းကင်မှာ တဖျတ်ဖျတ်လက်နေတဲ့ ကြယ်တာရာတွေလို
နင့်ပုံရိပ်နဂ္ဂတစ်တွေက ငါ့ရင်အုံမှာ ပွင့်နေတဲ့ ကဗျာပွင့်လေးတွေပေါ့။
နှုတ်ခမ်းနီ မဆိုးတတ်တဲ့ နင့်နှုတ်ခမ်းပါးလေးကိုပဲ
ငါ့ရင်နံရံမှာ မြတ်မြတ်နိုးနိုး ချိတ်ဆွဲထားမိတာ။
လမင်းနှစ်စင်းလို အပြိုင်သာနေတဲ့ နင့်ပါးပြင်မို့ မို့ လေးနှစ်ဖက်ကတော့
ငါ့နှလုံးသားပေါ် ခုတ်မောင်းနေကျ ရထား။
နင်မချည်နှောင်ဘဲ ငါ့အနာဂတ်ကို ရစ်ပတ်ထားတဲ့ နင့်ဆံနွယ်တွေ။
ကင်းဗက်စ်ပေါ် မတော်တဆ မှောက်ကျသွားတဲ့ ဆေးစက်တွေဟာ နင်ဆိုရင်
အဲဒီပန်းချီကားကို ငါ့ဘဝနဲ့ လဲပြီး ဝယ်မယ်။
မရေရာမသေချာဘဲ နင့်အတွက် စတေးမိတဲ့ အချိန်တွေ။
ငါက လေရိုင်းဇုန်ကိုမှ ပိုမက်မောတဲ့ စွန်ပြာကလေးပါ။
ငါက ရေနက်ပိုင်းကိုမှ ပိုမက်မောတဲ့ ဝါးဖောင်ပျက်ကလေးပါ။
ချစ်ခြင်းတရားရဲ့ အသံတိတ်ခေါ်သံတွေကို နင့်နှလုံးသားနဲ့ ကြားနာနိုင်ပါ့မလား။
ခြောက်သွေ့ အက်ကွဲနေတဲ့ ငါ့ကမ္ဘာပေါ် ဆွတ်ပျံ့ ပျံသန်းလာမယ့်
နင့်ရဲ့ မုတ်သုန်ဆန် မိုးပွင့်တွေကိုပဲ ငါအပြင်းဖျား ငေးမော ငတ်မွတ်နေမိတာ။
နာတာရှည် အလွမ်းတွေနဲ့ တသောသောရယ်မောခံနေရတဲ့ သစ်ပင်ဟာ ငါပါ။
ခုတော့ အူသံရှည်တောအုပ်ထဲမှာ ညစဉ်ညတိုင်း တစ္ဆေအခြောက်ခံနေတယ်။
(c)
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ငါ့နေ့စဉ်ရှင်သန်မှုရဲ့ဝင်သက်ထွက်သက်။
လက်ပေါ်နဖူးတင် နဖူးပေါ်လက်တင်ပြီး ငါ စိတ်ကူးယဉ်ခဲ့ဖူးတယ်။
နင်ဟာ ငါ့ လမိုက်ညရဲ့ အတောက်ပဆုံး ကြယ်တံခွန်။
ငါ့ကန္တာရရဲ့တစ်ခုတည်းသော အိုအေစစ်။
နင်မပစ်ဘဲ လာစိုက်နေတဲ့ မြားဟာ ငါ့ရဲ့ ရှင်သန်ခြင်း ဝိဥာဉ်။
နင်မပျိုးဘဲ ရှင်သန်ခဲ့ရတဲ့ ငါ့ရဲ့ စံပယ်ရုံလေးတွေ။
နင်မသိဘဲ ငါခိုးလာမိခဲ့တဲ့ အိပ်မက်လေးတွေက တိတ်တခိုးသီချင်းကို ဆိုတယ်။
အလွမ်းဆိုတာ ငါ့အပေါ် ရွေးပြိုနေတဲ့ မိုးသား။
တမ်းတခြင်း ဝတ်ရုံ ဆိုတာကလည်း နင်မလျှော်ဖွတ်ဘဲ ဖြူစင်နေတဲ့
ငါခြုံနေကျ အနွေးထည်လေးပေါ့။ မီးရထားသံလမ်းတွေလို
ငါ့ရဲ့ မျှော်လင့်ခြင်း စိတ်မိုင်တိုင်တွေက ရှည်လား။
နင် နားခိုရာ အရပ်က ငါ့ရဲ့ မြတ်နိုးခြင်းဘူတာ။
အဲဒီလို နင်မသိတဲ့ ငါ့ရင်ခုန်သံတွေက နင်ရှိတဲ့အရပ်မှာ အသံတိတ် မိုးခြိမ်းတယ်။
မြတ်နိုးဖွဲ့ လှိုင်းကလေးရေ ။ ငါက ငွေဆောင်ပါ။ ငါက မီယာမီပါ။
ငါက ချောင်းသာပါ။ ငါက ပတ္တယား ကမ်းခြေပါ။ ငါက ငပလီပါ။
ငါ့ ရင်ဘတ်ချစ်ခြင်းအလျားကို ဖြူလွှလွှ သဲသောင်ပြင်ကြီး လို ဖြန့် ခင်းထားပါရဲ့။
ငါ့အရိပ်မှာ အိပ်စက်ပါ။ ငါ့လေညှင်းကို ရှူရှိုက်ပါ။
ငါ့ အုန်းစိမ်းရည်ချိုချိုကို သောက်ပါ။
ငါ့စိတ်ကူးလွင်ပြင်ကျယ်ကြီးထဲ ခုန်ပေါက် ပြေးလွှားပါ။
ငါဟာ တကယ့်လူသားပဲ။ တကယ့် ပုထုဇဉ်ပဲ။
ငါ့ရုပ်နဲ့ နာမ်ကို အပိုင်စားရတဲ့ နတ်ဖုရားမလေးရေ ၊
နင်ဟာ ငါ့ကဗျာတွေကို တံခါးဂျက် ဖွင့်နိုင်သူ။
နင်ဟာ ငါ့ကဗျာတွေကို ကျောက်ဆစ်နိုင်သူ။
နင်ဟာ ငါ့ကဗျာတွေကို ထွန်ယက်စိုက်ပျိုးနိုင်သူ။
နင်ဟာ ငါ့ရဲ့ ဂြိုဟ်ပြာလေးပေါ့။ နင်ဟာ ငါ့ရဲ့ ကောင်းကင်အပြာလေးပေါ့။
အဲသလို ငါက ခိုက်ခိုက်တုန်နေတဲ့ ဆောင်းဥတုလေးပါ။
ကျေးဇူးပြုပြီး မီးနည်းနည်းလောက် လှုံပါရစေ။
(d)
'စက္ကူလှေကလေးက ပင်လယ်ကို ချစ်တယ် "
ငါ့သမိုင်းပြတိုက်ရဲ့ ဂုဏ်သရေရှိ ကျောက်စာ။
ဘယ်သူ့ ပယောဂမှ မပါဘဲ သီဝိမင်းလို အပြောင်မြောက်ဆုံး ရူးသွပ်မိခဲ့တာပါ။
ဘယ်သူ့ ပယောဂမှ မပါဘဲ ဘာလင်တံတိုင်းကြီးလို ရသမြောက် ဖြိုချမိခဲ့တာပါ။
ဘယ်သူ့ ပယောဂမှ မပါဘဲ အရက်မူးနေတဲ့ မီးတောင်ကြီးလို
ချော်ရည်ချော်ခဲတွေ အန်ချမိခဲ့တာပါ။
ဘယ်သူ့ ပယောဂမှ မပါဘဲ ဦးပိန်တံတားလို ကိုယ့်ကျောပေါ်က
ခြေသံတွေကို အနုပညာဆန်ဆန် နားစွင့်မိခဲ့တာပါ။
ကောင်းချီးသြဘာတွေနဲ့ လင်းဖွဲ့ နေတဲ့ နင့်ရဲ့ဇာတာမှာ ငါသေဆုံးပါရစေ။ ပန်းမျိုးတစ်ထောင်ဖူးပွင့်နေတဲ့ နင့်ရဲ့ စံပယ်တင်မှဲ့ ကလေးမှာ ငါ အဆိပ်သင့်ပါရစေ။ ဘယ်လောက်ပဲ ပမ်းပမ်း နင့်ရဲ့ လမ်းကို ငါထမ်းပါရစေ။
နင့်ရဲ့ အောင်ပွဲခံသံကို ငါကြားနာပါရစေ။ နယူတန်ရဲ့ နိယာမလို
စကြာဝဠာထဲ တုန်ခါပစ်လိုက်တဲ့ ငါ့အော်သံတွေကို ငါပြန်ကြားပါရစေသား။
နင် ' အိုမာခယမ်' ကို မသိလည်း ငါချစ်တယ်။
နင် ' ရာဘင်ဒြာနသ်တဂိုး' ကို မသိလည်း ငါချစ်တယ်။
နင် ' အဲလိယော့ထ်' ကို မသိလည်း ငါချစ်တယ်။
နင် ' ချားလ်စ်ဘန်းစတိုင်း' ကို မသိလည်း ငါချစ်တယ်။
ကဗျာကို တူးတူးခါးခါးမုန်းတဲ့ ' ဖရန်ကို ' ကို မသိလည်း ငါချစ်တယ်။
ငါ ချစ်တယ်။ ငါချစ်တယ် ငါ့ရဲ့ နတ်ဖုရားမလေးရေ။
ချစ်နေခွင့်တစ်ခုတော့ ငါပိုင်တယ်မဟုတ်လား။
ခေါင်းစဉ်တွေ ဘယ်လိုပဲ ပေးထားပေးထား ငါ အဖွဲ့ ချင်ဆုံးကဗျာဟာ နင်ပါ။
(e)
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ငါ့မေတ္တာတရားရဲ့မြို့အဝင်မုဒ်ဦး။
နင်က ကောင်းကင်နဲ့ မြေလွှာကို ချုပ်သီပေးတဲ့ သက်တံ့ ချည် အပ်တစ်ချောင်းလား။
ငါက အဖာအထေးများတဲ့ အင်္ကျီတစ်ထည်။
နင်က ရော်ရွက်ခြောက်လေးတွေ ငေးမောသူလား။
ငါက အကြွေများတဲ့ သစ်ပင်။
နင်က အီကွေတာကို ကြက်ခြေခတ် ပြီး လတ္တီကျု့ ခယောင်းတောကို ခြေသံလုံစေသူလား။
ငါက ဝင်ရိုးစွန်းမှာ တဲထိုးနေရသူ။
အတူထိုင်ဖူးတဲ့ ဒေါ်ကြီးလုံး အကြော်ဆိုင်လေးမှာ။
အတူလျှောက်ဖူးတဲ့ ကမ်းနားလမ်းက မြေနီနုနုမှာ။
အတူကြည့်ဖူးတဲ့ ရပ်ကွက်ပေါင်းစုံ ဘောလုံးကွင်းလေးမှာ။
အတူသွားဖူးတဲ့ ' ဖူးသစ်စ' စာအုပ်ဆိုင်လေးမှာ။
တကယ့်ကို ရိုးသားခဲ့တာပါ။
ခုချိန်ထိ ငါတို့ တွေ ရုပ်ရှင် အတူမကြည့်ဖူးဘူး။
ခုချိန်ထိ ငါတို့ တွေ ပန်းခြံအတူ မထိုင်ဖူးဘူး။
ခုချိန်ထိ နင့်ပါးလေး ပန်းမဖြစ်ခဲ့ဖူးဘူး။
ခုချိန်ထိ နင့်လက်ဖဝါးလေး ငါမဆုတ်ကိုင်ဖူးဘူး။
အဲဒီလောက်ထိ ငါတို့ နှစ်ယောက်ကြားက အရောင်ဟာ ဆွတ်ဆွတ်ဖြူခဲ့တာပါ။
(f)
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
တမြေ့မြေ့လှိုက်စားနေတဲ့ ကင်ဆာ။
နင်တို့ ရပ်ကွက်ထဲ ကားအကောင်းစားကြီး ဝင်လာတဲ့နေ့ က။
နင်စီးနေကျ ကတ္တီပါ ဖိနပ်လေးနေရာမှာ
သိန်းကျော်တန် ဒေါက်မြင့်ဖိနပ် ရောက်လာတဲ့ နေ့ က။
နင့်ရဲ့ ရွှေလည်တိုင် ဝင်းဝင်းလေးမှာ စိန်ရောင်တွေ ဝင်းလက်သွားတဲ့ နေ့ က။
ငါ့နှလုံးသားတည့်တည့်မှာ ငလျင်လှုပ်တယ်။
ငါ့ဘဝဗဟိုချက်မှာ မြေပြိုတယ်။
နင်မလိမ်းခြယ်ဖြစ်ခဲ့တဲ့ ပါးကွက်ကြားလေးထဲ
ငါက ဝက်ဝက်ကွဲသွားတဲ့ သနပ်ခါးပင်လေး။ ငါ့ကို ပြာကျအောင်ရယ်ပါ။
ကံကြမ္မာရဲ့ နာကျင်အချိန်ပိုမှာ ဂိုးသွင်းခံလိုက်ရတဲ့ အသက်ဆက်ဖလား။
ကြေကွဲမှုက ဖုတ်ပူမီးတိုက် တန်းဆင်းဇုန်။
အိမ်ကွင်းရော အဝေးကွင်းပါ ငါ ဟာ ခွက်ခွက် လန်လို့ ။
ငါ့ရဲ့ နတ်ဖုရားမလေးရေ။
ငါ့ရဲ့ ရုပ်နဲ့ နာမ်ကို အပိုင်စားရတဲ့ နတ်ဖုရားမလေးရေ။
ငါ့မျက်ရည်မြစ်ကျိုးအင်းထဲ ရေချိုးဆင်းလှည့်ပါ။
စိမ်းကားမှုတွေ စိုက်ဝင်နေတဲ့ မိုးသားတွေ ငါ့ကို သားတစ်လို ချောင်းမြောင်းဝဲပြိုလို့ ။ နင့်နှုတ်ခမ်းတစ်စုံရဲ့ စွန့် ပစ်ခံ အသံထွက် တစ်ခု ဟာ ငါတဲ့လား။
နင်အမှတ်တမဲ့ တောက်ချလိုက်တဲ့ စီးကရက်စ်ထိပ်က ပြာလေးဟာ ငါတဲ့လား။
ငါက ရှော့ခ်ဖြစ်နေတဲ့ ဓါတ်ကြိုးပေါ်နားမိတဲ့ ငှက်။
ငါက အလွမ်းတွေနဲ့ ပြာကျနေတဲ့ မီးခဲ။
ငါက ပြန်မလာတော့တဲ့ အမျှော်တွေကို ငေးရင်း
လွတ်ကျသွားတဲ့ အဝေးသံတွေကို လိုက်ကောက်နေမိသူ။
ငါ့ နှုတ်ခမ်းထက်က ပန်းသီးတစ်လုံး ကြွေကျသွားပုံ။
ငါ့မျက်ဝန်းထဲက စံပယ်ရနံ့ တွေ ခုန်ချသွားပုံ။
ငါ့လက်ရုံးထက်က ကဗျာတစ်ပုဒ် လွတ်ကျသွားပုံ။
ကမ္ဘာကြီးတောင် မျက်ရည် လည်ကုန်တော့တယ်။
(g)
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ချိန်ကိုက်ဗုံးတစ်လုံးရဲ့ မြည်သံစွဲအလင်္ကာ။
' ကျွန်မ လက်ထပ်တော့မယ်' တဲ့။
အဲဒီနေ့ က ပုလဲဆိပ်ကမ်း ဗုံးကျဲ ခံရတယ်။
အဲဒီနေ့ က ဆိုကရေးတီး အဆိပ်သောက်သေတယ်။
အဲဒီနေ့ က ယဲဆဲနင် ကြိုးဆွဲချသေတယ်။
အဲဒီနေ့ က ဂွါယာနီးကားရွာကလေး ပြာကျသွားတယ်။
အဲဒီနေ့ က ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားတယ်။
အဲဒီနေ့ က ငါ့နှလုံးသားရဲ့ ပြည်တန်ပတ္တမြား အခိုးခံလိုက်ရတယ်။
အဲဒီနေ့ က စက္ကူလှေကလေး ပင်လယ်ထဲမှာ ရေနစ်သေသွားတယ်။
လင်းလက်တာရာ