တိုင်းပြည်ရဲ့မျက်လုံးကိုမှ ဖောက်ထုတ်ဖို့ ကြိုးစားနေကြတဲ့ အကန်းတွေ
'အိမ်ပြန်ချိန်' ဆိုတဲ့စာသားကို ရင်ဝယ်ပိုက်ထားချင်တယ်
ပိုက်ထဲမှာတော့ ဆယ်လ်မွန် ငါးတွေ အထွေးလိုက်
ငါ့အသိုက်ထဲ မြွေအသိုက်ကြီး ဘယ်သူလာထည့်ထားတာလဲ လူးလူးလွန့်လွန့်
တွန့်ကြေနေတဲ့ ဂျင်းဘောင်းဘီရဲ့ ဖွာလန်ကြဲအနားစဟာ ငါ
'ရေအောက်မှာ ကူးခတ်နေတဲ့တိမ်တွေ' ဟာ ကောင်းကင်မှာပျံဝဲနေတယ်
သမိုင်းဆိုးကြီးဟာ မျိုးဆက်တစ်ခုရဲ့ခါးရိုးဆစ်တွေပေါ်ပျက်ကျခဲ့တယ်
ပိုးကျနေတဲ့ ပညာရေးစနစ်ရဲ့ပိန်လှီနေတဲ့ အသီးအပွင့်တွေ
ကွေးဝိုက်ကိုင်းညွတ်နေတဲ့ မျှော်စင် ခင်ဗျာ
ကျွန်တော့်ကို ဆောက်ပါ
ဒါမှမဟုတ် ကျွန်တော် ခင်ဗျားကို ဆောက်မယ်
နှစ်၅၀ စောင့်ခဲ့ရတယ်
မျက်ရည်ထုတောင် မခြောက်သေးဘူးလို့ လူထုကြီးကပြောတယ်
ဆန္ဒအဟောင်းတွေပေါ်က ဆန္ဒအသစ်တွေတောင် မှိုတက်နေပြီ
တော်လှန်ရေးနေရောင်ဟာ အာဏာပိုးမွှားတွေကိုသေစေနိုင်ကြောင်း
လူငယ်ဝါကျဟာ တစ်ကျောင်းဝင် တစ်ကြောင်းထွက် တစ်ကြောင်းဝင် တစ်ကျောင်းထွက်
ငြိမ်းချမ်းရေး နဲ့ ဖွင့်မှ ပွင့်မယ့်တံခါးတွေဟာ ရိုက်ချိုးခံရ
နာတာရှည်ပြည်တွင်းစစ်ကင်ဆာရင်ဘတ်ကြီးနဲ့နိုင်ငံ
ချောက်ကမ်းပါးတွေဟာ ဥယျာဉ်ယောင်ဆောင်ထားတယ်
ဥယျာဉ်အတုထဲမှာ ကျည်ဆံတွေဟာ ပန်းပွင့်ယောင်ဆောင်လို့
' မိဘပြည်သူများခင်ဗျာ'
အဲဒီ 'မိဘပြည်သူများခင်ဗျာ' ကိုပဲတူးကြည့်နေတာ
တူးနံ့တွေပဲ ထွက်လာတယ်
လေထုအတူးကြီးက ငါတို့ကို ရှူရှိုက်
ငါတို့က လေထုအတူးကြီးကို ရှူရှိုက်
ငါတို့နဲ့လေထုအတူးကြီး သူတစ်ပြန်ကိုယ်တစ်ပြန် ရှူရှိုက်နေကြတယ်
ဂျာအေးကို သူ့အမေမရိုက်တော့ဘဲ ခေတ်စနစ်က တရွှမ်းရွှမ်းရိုက်လို့
ငါတို့အားလုံး ဂျာအေး ဂျာအေးတွေရဲ့ကျောပြင်မှာ အလျှိုးရာတွေ
စာသားအစုအဝေးဟာ စိတ်ကို ပြတင်းဖောက်သွားတယ်
အတွေးအခေါ်ကို ပြတင်းဖောက်သွားတယ်
ပြတင်းပေါက်ကနေ အိမ်အပြန်ကို မြင်လိုက်ရ
ဆယ်လ်မွန်ငါးတွေကို မြင်လိုက်ရ
မြွေအသိုက်ကြီးကို မြင်လိုက်ရ
ကွေးဝိုက်ကိုင်းညွတ်နေတဲ့မျှော်စင်ကို မြင်လိုက်ရ
နှစ်၅၀ကို မြင်လိုက်ရ
လူထုကြီးကို မြင်လိုက်ရ
တော်လှန်ရေးကို မြင်လိုက်ရ
အာဏာပိုးမွှားတွေကို မြင်လိုက်ရ
ချောက်ကမ်းပါးတွေကို မြင်လိုက်ရ
ဥယျာဉ်အတုတွေကို မြင်လိုက်ရ
မိဘပြည်သူများခင်ဗျာကို မြင်လိုက်ရ
ဂျာအေးတွေကို မြင်လိုက်ရ
မြင်လိုက်ရ သမျှတွေကို မြင်လိုက်ရ
တိုင်းပြည်ရဲ့မျက်လုံးကိုမှ ဖောက်ထုတ်ဖို့ ကြိုးစားနေကြတဲ့ အကန်းတွေ
- လင်းလက်တာရာ
16.10.2015
No comments:
Post a Comment