Monday, August 31, 2015
တိမ်တွေဟာ ပင်လယ်ထဲဝင်သွားပြီး ပင်လယ်ထဲကနေ ပြန်ထွက်လာတယ် ဆင်းရဲတွင်းကြီးထဲ ဝင်သွားတဲ့တိုင်းပြည်ကတော့ ဆင်းရဲတွင်းကြီးထဲကနေ ပြန်ထွက်မလာသေး' .
ဒီဝဋ်ကနေလွတ်မလားဆိုပြီး နောက်ဝဋ်တစ်ခုထဲ ဝပ်နေမိသလို အဖြစ်အပျက်
ကိုယ်စီ ကျောချမှေးစက်နေရသော ဒုက္ခဆူးချွန်ထက်ထက်များ
တစ်လုံးတစ်လိုင်းမျှမရေးဖြစ်တဲ့နေ့တွေများလာတယ်
အာရုံတွေ အရုဏ်မလာတာကြာပြီ ဆာဆာနဲ့ အိမ်လွမ်းစိတ်တွေပဲ လှိမ့်သောက်နေမိ
လောင်ခဲ့တယ် လောင်နေဆဲ အပေါ်မီးအောက်မီးသက္ကရာဇ်များ
မိန့်ခွန်းအသေတွေပေါ် လောက်တွေ ရွစိထိုး
အာဏာကူးစက်ပိုးဟာ ကင်ဆာထက်ဆိုးတယ် အေ့စ်ထက်သာတယ်
စားလည်စားနိုင်တဲ့ ပါးစပ်ကြီးတွေ
ဒေါ်လာလည်းစားတယ် တောလည်းစားတယ် တောင်လည်းစားတယ်
မြစ်လည်းစားတယ် ရေနံလည်းစားတယ် လယ်ယာတွေလည်းစားတယ်
ကျောက်သံပတ္တမြားတွေလည်းစားတယ် လူသားအရင်းအမြစ်လည်းစားတယ်
အသိုက်အမြုံတွေကိုတောင် ဘူဒိုဇာနဲ့ ကော်စားတယ်
စေတီပုထိုးတွေကိုတောင် ဘူဒိုဇာနဲ့ ကော်စားတယ်
ရရင်ရသလို လစ်ရင်သလို ခိုးစားတယ် ပေါ်တင်စားတယ်
စာလုံးမည်းကြီးဖြင့် အမည်နာမပြောင်းလဲ
အစိုးရမှ အဆိုးရသို့
မြဲတာဆိုလို့ 'ဘယ်အရာမှမမြဲဘူး' ပဲ မြဲတယ်
ပြဲလွယ်ပျက်လွယ်ပြတ်ရွေ့ တွေ တရွေ့ရွေ့
မြစ်ကမ်းပါးမှာ ထိုင်မိတော့ ကိုယ့်ကိုယ်ကိုယ် မြစ်ကမ်းပါးတစ်ခုအဖြစ်ရှု့မြင်
ကိုယ်တိုင် မြစ်ကမ်းပါးတစ်ခုဖြစ်သွား တိုက်စား/ပြိုကျ/ ပျက်စီး
ဒူးချောင်နေတဲ့ ပြောင်းလဲမှုဟာ လမ်းဟောင်းကြီးထဲ လဲလဲကျ
သစ်ပင်တွေလည်း ခုတ်လှဲခံရ ရယ်သံတွေလည်း ခုတ်လှဲခံရ
ဟော့ဒီမှာ တောင်ကတုံးတွေ ဟောဒီမှာ တောင်ကတုံးတွေလို ဘဝတွေ
' ငါ ' ဆိုတာ မီးခိုးခေါင်းတိုင်ထဲက တရွေ့ရွေ့ထွက်ခွာသွားတဲ့ အခိုးအငွေ့မျှသာ
အာဏာဘိန်းစားအချင်းချင်း လက်ဆင့်ကမ်း လက်ဝါးရိုက် ချီးယားစ်လုပ်
မျက်ရည်တွေ စိုးရိမ်ရေမှတ်ကျော်လာ ကိုယ့်အဆီနဲ့ကိုယ် ကြွပ်နေအောင်အကြော်ခံနေရဆဲ
ပစ္စုပ္ပန်ကရော ဘယ်လောက်လတ်ဆတ်မွှေးပျံ့လို့လဲ
စုထားတဲ့ ဆုတောင်းတွေ ပုပ်နေပြီ
ပျော်ရွှင်ဖွယ်ရာတွေလည်း သိုးနေပြီ နိုင်ငံတော်ကြီးလည်း နံနေပြီ
ဖွဲ့စည်းပုံဟာ ကိုယ်ပြင်ကိုယ်ချိုးကိုယ်ဝေ ဖဲဝိုင်း
ကာလဆိုးကြီးရဲ့ အရိပ်မည်းကြီးဟာ ရှည်လျားနက်မှောင်စွာ ဖြာကျ
ပညာရေးစနစ်ရဲ့ရေသောက်မြစ်တွေကို တိတိရိရိဖြတ်ချတယ်
တလူလူတက်လာတဲ့ အညွှန့်အဖူးတွေကို တိတိရိရိဖြတ်ချတယ်
မြင်ကွင်းတွေကို အထူးပြုလုပ်ချက်တွေနဲ့ အမှောင်ချပစ်တယ်
အမြန်လမ်းမကြီးမှတဆင့် တမလွန်သို့ လွယ်လင့်တကူ သွားရောက်နိုင်တဲ့အထိ တိုးတက်တယ်
တော်တော်တော်တဲ့ နိုင်ငံတော်
တော်တော်တော်တဲ့ လွှတ်တော်
ဝမ်းရေးတွေဟာ ချွေးတွေအတောင့်လိုက်သီးလို့
ပြည်သူ့မျက်ရည်တွေကို ခြေဆေးလို့ ဇာတ်တူသားကို တရုတ်တူနဲ့စားလို့
ငွေမည်းတွေဟာ ငွေဖြူတွေကို ချုပ်ကိုင်ချယ်လှယ်လို့
လူ့အခွင့်အရေးဟာ ထောင်သွင်းအကျဉ်းချခံရ
လိင်အခွင့်အရေးဟာ သော့ခတ်ခံရ
စက်ရုပ်ဆန်တဲ့နေ့တွေ ဆန်လာတယ် စက်ရုပ်ဆန်တဲ့နေ့တွေ စုန်လာတယ်
စက်ရုပ်ဆန်တဲ့နေ့တွေ ဆန်လာတယ် စက်ရုပ်ဆန်တဲ့နေ့တွေ စုန်လာတယ်
စက်ရုပ်ဆန်တဲ့နေ့တွေ ဆန်လာတယ် စက်ရုပ်ဆန်တဲ့နေ့တွေ စုန်လာတယ်
စာအိပ်ကိုဖောက်လိုက်တော့ ' ကမ္ဘာကြီးရဲ့ပြတင်းပေါက်ကို ဖွင့်ပါ'ဟာ ပွင့်လာ
တစ်ယောက်က တစ်ယောက်မျက်လုံးကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်နားကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်ပါးစပ်ကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်ဦးနှောက်ကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်အနာဂတ်ကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်ရှင်သန်မှုကို ပိတ်ပစ်တယ်
ပိတ်ပစ်တယ် ပိတ်ကားကြီးတစ်ခုလုံးကို ကျည်ဆံတွေနဲ့ ပိတ်ပစ်လိုက်ကြတယ်
ရုပ်ရှင်လို့သာပြောတယ်
အမှန်က ရုပ်သေတွေ ရုပ်သေးတွေ အရုပ်ကြိုးပြတ်တွေ
သဘာဝတရားရဲ့ မျက်နှာကို အက်ဆစ်တွေနဲ့ ဝိုင်းပက်နေကြ
သယံဇာတရဲ့ အပျိုရည်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်နေကြ
ကျောင်းခေါင်းလောင်းထိုးသံတွေကို ဘာအပြစ်ရှိလို့ ထုခွဲပစ်ရတာလဲ
အဖြူအစိမ်းဝတ္ထုလေးကို ဘာအပြစ်ရှိလို့ စုတ်ဖြဲပစ်ရတာလဲ
ဒုက္ခသည်စခန်းထဲက လူ့ဖြစ်တည်မှုတွေဆီမှာရော လူ့အခွင့်အရေးဟာ မဖူးပွင့်နိုင်တော့ဘူးလား
အံကြိတ်သံတွေဟာ အာခံတွင်းထဲမှာ မီးတောက်တော့မယ်
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီးတွေဟာ မီးပွင့်တော့မယ်
သမိုင်းထဲက သူရဲကောင်းရနံ့နဲ့ ပန်းတွေဟာ စိတ်မှာ လာပြီးမွှေးမြ
ပြည်သူလူထုကို ထမ်းထားသော ပခုံးများကို အမှန်ခြစ်ပါ
ပြည်သူလူထုကို နင်းထားသော ခြေထောက်တွေကို ကြက်ခြေခတ်ပါ
မျိုးဆက်အဆက်ဆက် ရဲရဲနီနေသော တော်လှန်ရေး
လင်းလက်တာရာ
31.8.2015
No comments:
Post a Comment