Wednesday, July 29, 2015

မီးတွေ ပန်ထားတဲ့ နိုင်ငံတော်

မီးတွေ ပန်ထားတဲ့ နိုင်ငံတော်



ကာရာကမ်ကန္တာရအလယ်ထဲက သိပ္ပံပညာရှင်တွေရဲ့ မှားယွင်းမှု
နှစ် ၄၀ ကျော် အဆက်မပြတ် လောင်ကျွမ်းနေတဲ့ မီးတောက်တွေ

နှစ်တစ်ရာ ခြောက်သွေ့ မှုကို မိုးဥတုထဲ ထည့်ထားချင်တယ်
မီးလောင်နေတဲ့ သားကောင်ဟာ ကမ္ဘာကို ချနင်းပစ်လိုက်တဲ့ သိမှု

ဆာလောင်နေတဲ့ လူတစ်စုဟာ လိင်သားဟင်းကို အတူတကွ မှာလိုက်ကြတယ်
အမှားနက်နက်တူးရင်း အမှန်တရားရဲ့ မှန်ကွဲစတွေ ပန်းထွက်လာတဲ့ ပြကွက်

မြို့တော်အသစ်ကြီးကို ဖောက်ခွဲရေးသမားတွေက အွန်လိုင်းပေါ် တင်လိုက်ကြပြီ
သက်ရှိတွေ ပြုတ်ပြုတ်ကျနေတဲ့ အနိစ္စဒုက္ခအနတ္တတွင်းနက်ကြီးထဲ ငုံ့ ကြည့်မိတဲ့ တစ်ခဏ

မိုက်ခနဲ လဲကျသွားတဲ့ ညဟာ စပါးနံ့ သင်းနေတဲ့ နံနက်ခင်းအဖြစ် နိုးထလာတယ်
ငှက်သံအတုဟာ နာရီထဲကနေ ရုန်းထွက် တွန်ကျူး

နှင်းအစစ်တွေကတော့ ချစ်ခြင်းမေတ္တာရဲ့ တံစက်မြိတ်လေးပေါ်တစ်စက်ပြီးတစ်စက်
နေရောင်ရဲ့ အေးစက်ပုံ အေးစက်နည်းက တက္ကနစ်တစ်ခုခု ပါပုံပဲ

တောင်ကို ကိုလိုနီထားတဲ့မြူတွေ ပြယ်လွင့်သွားပုံအဆင့်ဆင့်
လူသားတွေရဲ့ ဦးနှောက်ဟာ အတွေးအခေါ်အယူအဆမှိုင်းတွေရဲ့ ကျပ်ခိုးစွဲရာ နေရာ

အဖြူအစိမ်းဝတ်တောလမ်းလေးကို ခေတ်မီနည်းစနစ်တွေနဲ့ ချဲ့ ထွင်ရှင်းလင်းလိုက်ပြီဆိုတဲ့အကြောင်း
တစ်ကြောင်းနဲ့ တစ်ကြောင်းဟာ ကျော်ခွ တွန်းတိုက် ဆွဲငင် ကန်ကျောက်

ကာရာကမ်ကန္တာရအလယ်ထဲက သိပ္ပံပညာရှင်တွေရဲ့ မှားယွင်းမှု
နှစ် ၄၀ ကျော် အဆက်မပြတ်လောင်ကျွမ်းနေတဲ့ မီးတောက်တွေ

မြေကမ္ဘာဟာ မိုးပေါက်မှန်ထားတဲ့ ကျွဲချေးပုံနဲ့ တူလာ တူးနေတဲ့ ပေါက်မုန့် ခြောက်နဲ့ ဆင်လာ
သစ်ပင်တွေအစား ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေစိုက်ပျိုးရာမှ အထွက်နှုန်းတိုးဖြစ်ထွန်းနေပုံသတင်းစုံလင်

နိုင်ငံရေးဆိပ်ကမ်းမှ တိတ်တဆိတ် ထွက်ခွာသွားသော သယံဇာတများ
နိုင်ငံရေးဆိပ်ကမ်းသို့ ခပ်တည်တည် ဆိုက်ကပ်လာသော လက်နက်ခဲယမ်းများ

ဒီနေရာမှာ Error ဖြစ်နေ စီဒီပြားလို ထစ်နေ Loading နေ
ခဏနားလိုက်တယ် အသက်ဝဝရှူလိုက်တယ် သစ်ရိပ်ဝါးရိပ်အိမ်အရိပ်ဆီ စိတ်ကို ပို့ လိုက်တယ်

အရေးအသားတချို့ ဟာ မီးတောင်လို ပေါက်ကွဲထွက်လာပြီး ချော်ရည်တွေလို ခဲသွားတယ်
ခေါင်းပြတ်သွားတဲ့မြွေဟာ ခေါင်းကို လာခဲထားသလိုမျိုး

ကဗျာဟာ ကဗျာဖတ်သူကို ခဲထားတယ် ကဗျာဟာ ကဗျာရေးသူကို ခဲထားတယ်
နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ချသံနဲ့ စထားတဲ့ရုပ်ရှင်မှာ စိတ်အသေတွေမျောနေ

ပိတ်ကားပေါ်မှာ နှစ် ၄၀ ကျော် အဆက်မပြတ်လောင်နေတဲ့ မီးတောက်တွေ
ဒါ ဘယ်သူ့ မှားယွင်းမှုစနက်တံလဲ ဒါကို ဘယ်လို ငြှိမ်းမလဲ



လင်းလက်တာရာ
အောက်​တိုဘာ ၊ ၂၀၁၄ ၊ ကဗျာ့အသံ (၄)

No comments:

Post a Comment