Tuesday, July 28, 2015

အင်မီဂရေးရှင်းအဝင်မှာ မသင်္ကာမှုနဲ့ စစ်ဆေးမေးမြန်းခံရတဲ့ အရေးအသား

အင်မီဂရေးရှင်းအဝင်မှာ မသင်္ကာမှုနဲ့ စစ်ဆေးမေးမြန်းခံရတဲ့ အရေးအသား




'ဒုန်း' ဆို တုံး ထုချလိုက်တယ်
လက်ဗွေကို မီးနဲ့ ထိုးသတ်ခဲ့တဲ့ ဝါကျတစ်ကြောင်းဟာ လွတ်လွတ်လပ်လပ်ကြီး ပန်းထွက်သွား
ဘယ်ကိုသွားရမလဲ လမ်းမွှာတွေ
ဝမ်းစာဟာ ဒီနေရာမှာ လိုလာတယ် ဗိုက်ထဲကို အစာထည့်ရမယ်
ဦးနှောက်ထဲကို အစာထည့်ရမယ် နှလုံးသားထဲကို အစာထည့်ရမယ်
အခွံချည်းသက်သက်နဲ့ လျှောက်သွားရင် ဆွဲစားခံရတော့မယ်
'ဇွိ' ဆို မှောင်အတိကျသွား

မှောင်အတိကျသွား။ သတိပြန်ဝင်လာတော့
အမှောင်ခေတ်ကြီးထဲမှာ ပဋိသန္ဓေလာတည်နေတယ်
ဗိုက်ထဲကနေ ပစ်သံခတ်သံတွေ ကြားနေရတယ်
88 ဖွားကဗျာဟာ သွေးညှီနံ့ တွေ ကြား မွေးလာ
ကံကောင်း/ဆိုးလို့ သားမလျှောတာ
ဦးသန့် ဟာ စစ်ပွဲတချို့ ကို သားလျှောစေခဲ့ပါတယ်
မျိုးမသန့် တွေကတော့ စစ်ပွဲတွေကို အသားတိုးမွေးမြူနေဆဲ
လီဗာပူးရဲ့ ၂၀၁၄ ကိုယ်ဝန်ဟာ လူသိရှင်ကြား သားလျှောသွားရပြန်တယ် ဘယ်တတ်နိုင်မလဲ
ဝရန်တာက လျှောကျလာတဲ့ လရောင်လေးကိုပဲ အိမ်ပြေးတစ်ယောက်ရဲ့ လက်ဖဝါးနဲ့ ခံထားလိုက်မိ
'ဇွိ' ဆို မှောင်အတိကျသွား

မျက်လုံးဖွင့်ကြည့်လိုက်တော့
ဖင်ပြဲအောင်အလုပ်လုပ်မှ တစ်နေ့ ၎/၅ ထောင်လောက် ရတာ
သူတို့ က လက်မှတ်တစ်စောင် ၁၅ သိန်းတန် ရှိုးပွဲကြီး စီစဉ်နေကြ
' ဇွိ' ဆို မှောင်အတိကျသွား

မျက်လုံးဖွင့်ကြည့်ရမှာ လန့် လာတယ်
ငါတို့ ဟာ ပျော်ကျနေတဲ့ ဖယောင်းသားတွေအဖြစ်
ငါတို့ ဟာ ကြံရည်စက်ထဲက ထွက်ကျလာတဲ့ ကြံဖတ်တွေအဖြစ်
ငါတို့ ဟာ အသွေးအသားတွေ ခြစ်ယူခံရတဲ့ ရာဘာပင်တွေ အဖြစ်
ဘာပဲဖြစ်ဖြစ် ကဗျာစာသားတွေ ရေးနေတဲ့အချိန်မှာ
ကဗျာခေါင်းစဉ်ကို တွေးမထားတာကလည်း တက္ကနစ်ပဲ
တိုးတက်လာပြီ မျက်ရည်ချိန်လက်မတွေ
ဘဝဆက်တိုင်း ပြည်သူ့ အိုးအိမ်တွေကို ထိုးကလော်ထုတ်နေတဲ့ ဘူဒိုဇာကြီး
မဖြစ်ပါရစေနဲ့ ဘုရားလို့ ဆုတောင်းစရာ တောင်ပေါ်စေတီလေးတောင်မရှိတော့
'ဇွိ' ဆို မှောင်အတိကျသွား


လင်းလက်တာရာ
13.5.2014

No comments:

Post a Comment