မာခဲတောင့်တင်းနေတဲ့ တနင်္ဂနွေ
.......................................
ဘဝရဲ့မမြင်ရတဲ့ လှိုင်းတံပိုးတွေ
ဆန္ဒမြို့ကလေး မြစ်ရေ လျှံ
ရယ်သံကိုက
ငွေသံကြေးသံလို တချွင်ချွင်နဲ့
လိုနေတာက
လူက လူကို လူလို သိဖို့
ကိုယ့်ကို ခူးဖို့ ကြံနေတဲ့ လက်တွေကို
လက်ဆွဲ နှုတ်ဆက်ရတဲ့ အခိုက်အတန့်တွေ
ကျွန်တော့် အလွမ်းသက်တံလေးကို
သူမအိမ်ကလေးပေါ် ရွှေ့ နေမိတာ အကြိမ်ကြိမ်
မမြင်ရတဲ့ မီးဟာ
ခန္ဓာအိမ်ထဲ တမြေ့မြေ့ လောင်
သစ်ကိုင်းကလေး ဖြစ်ကြည့်တာတောင်
ငှက်ကလေး တစ်ကောင်တောင် လာမနားဘူး
အရိုးနူးသွားတဲ့အထိ
အပေါင်းခံရတဲ့ ရိုးသားမှုများ
စိန်နဲ့ မခြယ်ထားပေမယ့်လည်း
စိန်ခြယ်ပန်းကလေးဟာ စိန်ခြယ်ထားသလိုပါပဲ အချစ်
ရယ်
စက်ယန္တယားကြီးအတိုင်း
ပရိုဂရမ်ကြီး အတိုင်း တစ်ပတ်ပြီး တစ်ပတ်
စိတ်အက်ကြောင်းထဲကနေ
ပန်းထွက်လာတဲ့ လင်းပွင့်မှုလေး
မျက်ရည်
တနင်္ဂနွေ ဟာ နူးညံ့ပျော့ပြောင်းနေပြန်တယ်
#လင်းလက်တာရာ
၂၁၊ ၇၊ ၂၀၁၉
No comments:
Post a Comment