ဘဝထဲကနေ ကောင်တာပေါက်သွားတဲ့ ဂိုးတွေ
.........................................................
သစ္စာတရားရဲ့အရောင်က ဘယ်တော့မှ မမှောင်ဘူး 
တောင်ဆွယ်မှာ မျှော်လင့်ခြင်းကလေး 
တဖြည်းဖြည်းနစ်ဝင် ပျောက်ကွယ်သွားပုံကို
အိပ်တန်းပျံချိန်ထဲ ထည့် ပင်လယ်ထဲ မျှောလိုက်တယ်
ရေလို နေချင်ပေမယ့် မီးလိုပဲ ဖြစ်ဖြစ်နေ
စကားလုံးတွေ ဥယျာဉ်တစ်ခုစာ စိုက်ပျိုးကြည့်တာတောင်
စကားပန်းလေး တစ်ပွင့်မျှ ပွင့်မလာဘူး
အခု ဖွင့်ထားတဲ့ သီချင်း က 
နှလုံးသားဆောင်းဘောက်ထဲကနေ သူ့အလိုလို ထမြည်တာ
ဖုန်တွေ တထောင်းထောင်းထနေတဲ့ ငယ်ဘဝလေးဆီ ဖုန်းခေါ်မိ
ထမင်းစားတိုင်း စပါးသင်းနှံ့ လေးက လွမ်းလွမ်းဆွေးဆွေး မွှေးလာတာ
ငယ်ငယ် က ကြယ်ဖြစ်ချင်တယ်
ကြီးလာတော့ တိမ်ဖြစ်ချင်တယ်
အိမ်ရဲ့အဝေးမှာ အိမ်ပြေးတွေ တစ်စီးနဲ့တစ်စီး အရှိန်ပြင်းပြင်း တိုက်မိ
ရှင်သန်ခြင်းရဲ့ကိုင်းဖျားမှာ ပျားစွဲနေတဲ့ ဒုက္ခတရားရဲ့ မြည်သံစွဲအလင်္ကာတွေ 
မြို့ကြီးပြကြီးရဲ့ဆန့်ကျင်ဘက်အရပ်ဆီက ကျေးလက်စစ်စစ်ကလေး ဖြစ်ချင်တဲ့ စိတ်
မိသားစုရဲ့တောင်ကတုံးအဟောင်းပေါ် 
အမြဲစိမ်းတောလေးအဖြစ် စိမ်းလန်းချင်တဲ့ ဆန္ဒ
နှလုံးသွေးကြောကျဉ်းနေတဲ့ ရေတံခွန်လေးလို 
အဟုန်နဲ့ မစီးဆင်းနိုင်တော့တာဟာ ကြေကွဲစရာ
ရေထဲ ကိုယ်ဖော့ထားသလို ခေတ်ကြီးထဲ ကိုယ်ဖော့ထားရတာ မျော့နေပြီ
နာရီတွေရဲ့  ရယ်မောသံ နှစ်သက္ကရာဇ်တွေရဲ့ ဟားတိုက်လှောင်ပြောင်သံ
ကျည်ဆံတွေ တဝီဝီပျံသန်းနေတဲ့ စစ်ပွဲထဲ လမ်းလျှောက်ရသလို သည်းထိတ်ရင်ဖို
ချစ်မေတ္တာပေါ်မှာ ရက်ရက်စက်စက် တက်နေတဲ့ မှို
ငိုလိုက်တိုင်း စိမ့်ထွက်လာတဲ့ ရယ်ရွှင်ဖွယ် မျက်ရည်စက်များ
သေသလား ရှင်သလား ဆိုတော့ အဲဒီကြားထဲက တစ်ခု
အတိတ်နေ့ရက်တချို့ကို ပြန်ရွေးဖို့ အသက်တစ်ဝက်ကို ပေးခဲ့
လူကျွံထောင်ချောက်တွေပဲ နင်းနေမိတာ အကြိမ်ကြိမ်
တစ်ချိန်လုံး ဖိကစားနိုင်ခဲ့ပေမယ့် နာနာကျင်ကျင် ရှုံးခဲ့တဲ့ ပွဲ
လင်းလက်တာရာ 
မေ ၊ ၂၀၁၉
No comments:
Post a Comment