Thursday, July 16, 2015

Open Form မှတဆင့်​နားဆင်​ပါ

Open Form မှတဆင့်​နားဆင်​ပါ


ခွေးရဲ့ လိင်အဂ်ါဟာ အဆမတန် ဆေးထိုးခံထားရတယ် နားနဲ့ မနာ အသိဥာဏ်နဲ့ နာပါ
အဲဒီနေရာမှာ ခင်ဗျားသာဆို ဘာလုပ်မလဲ အဲ့ဒီလို ကဗျာဖတ်သူကို မေးခွန်းတွေနဲ့ 
တံတားထိုးထားတဲ့ တက္ကနိတွေလည်းပါတယ် ခဲရာခဲဆစ်ထုဆစ်ထားတဲ့ ပန်းပုဟာ
အဓမ္မပေါ် အတင်းအဓမ္မ ထုခွဲခံလိုက်ရပြီ  ဆိုတော့ ယနေ့ ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ်
ဘယ်အချိန်မှာ ဘယ်သူက ဘယ်သီချင်းကို ဘယ်လိုဆိုဆို နှလုံးသားထဲ တွင်းဝင်မဖြောင့်တာ
ရောင်းသူနဲ့ ဝယ်သူကြား ဇစ်ဆွဲမရတဲ့ အရေးအသား ညာမှာတစ်လက် ဘယ်မှာတစ်လက်
ကြီးပေ့ဆိုတဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးပစ်ချင်နေမိတယ် ငါးမျှားချိတ်မှာ
ငါးစာ တပ်လိုက်ပြီးကတည်းက ခင်ဗျားဟာ လူကြီးလူကောင်း ဖြစ်ပြီးသား
ဘယ်သကောင့်သားကမှ ဘယ်သူ့ ကိုမှ တည်ဖားမထားရ ဘယ်အလင်းကိုမှ
အမှောင်ချမထားရ ဘယ်လိုပွင့်အံမှုကိုမှ သော့ခတ်မထားရ အခိုက်ဓါတ်လေးကို
လွတ်လွတ်လပ်လပ် လွှတ်ပေးထားတယ်ဆိုတာတောင် အခိုက်ဓါတ်လေးကမသိဘူး
လွင့်နေတယ် နွယ်နေတယ် တလူလူတက်နေတယ် ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်သလို
လမ်းတွေ တစ်လမ်းပြီးတစ်လမ်း ပွင့်သွား မြို့တွေ တစ်မြို့ပြီးတစ်မြို့ပွင့်သွား ဘယ်သူမဆို
ဘာလင်တံတိုင်းကြီးပွင့်သလိုပဲ ပွင့်ချင်တာပေါ့ WTC ပွင့်သလိုတော့ မပွင့်ချင်ဘူးပေါ့
ခု ဟုန်းဟုန်းတောက်နေတဲ့မီးဟာ ပေါ့ဆမှုကြောင့်နည်းနည်း ကြိုတင်ကြံစည်မှုကြောင့်များများ
စိတ်အမာရွတ်တွေ ပြည်တည်သွားတဲ့ သမိုင်း လူ့ ယဉ်ကျေးမှုဟာ လူ့ ဘီလူးတွေရဲ့လက်ထဲမှာ
ယဉ်ယဉ်လေးရူးလို့ Lyric ကဗျာထဲက ရွှေချထားတဲ့“ငါ”ကို ဆောက်သွားနဲ့ တစ်ချက်ပြီးတစ်ချက်
ဖဲ့ထုတ် မိမိအတ္တကို ကြိုးဝိုင်းထဲမှ သွေဖယ်ခြင်း  ခေတ်ပြိုင်မျဉ်းပေါ် ခေတ်ပြိုင်မြင်းဟာ
ပြေးနေတယ် တောင်တွေ တစ်တောပြီးတစ်တော  တောတွေတစ်တောင်ပြီးတစ်တောင်
လျှိုမြောင် ချိုင့်ဝှမ်း စမ်းချောင်း ရေတံခွန် ရေလေမြေမီးဓါတ်ကြီး ၄ ပါး လွှားခနဲလွှားခနဲ
နည်းပညာ ငရဲခန်းမှသည် အနုပညာ ကောင်းကင်ဘုံထိ ကမ္ဘာကြီးရဲ့ ဆံဖျားမှသည်
ကမ္ဘာကြီးရဲ့ ခြေဖျားအထိ  ဘာသာစကားရဲ့ ကြိုးတန်းပေါ် လောကဓံရဲ့ ဆူးညှောင့်ခလုတ်ပေါ်
လောကကြီးရဲ့ အဆီအငေါ်မတည့်မှုပေါ် လူ အဖြစ်ရဲ့ မျက်ခုံးမွှေးပေါ် မပေါ့မပါး မမောမပန်း
မပြီးမဆုံး  ကိုယ့်အပြုံးကို သူတစ်ပါး တပ်ပေးလိုက်ရတာပျော်စရာ သူ့ ဒုက္ခကို ကိုယ့်ခေါင်းထဲ
ထည့်ပေးလိုက်ရတာ ပျော်စရာ Error ပြနေတဲ့ ဧရိယာထဲမှာ အပိုလို-၁၁ ရဲ့ ပျော်ရွှင်မှုမျိုးနဲ့ 
အပ်ဒွပ်ဘုရင်ရဲ့ နန်းစွန့် ပျော်ရွှင်မှုမျိုးနဲ့  အချစ်ရယ် မျက်ရည်ကို ငါတို့ အလွဲသုံးစားလုပ်ရဦးမယ်
အချိန်ကာလဟာ ကင်ဆာလို တမြေ့မြေ့ လှိုက်စားတယ် ဥာဏ်များတယ် လမ်းပေါ်က
အဖြူဆွတ်ဆွတ်သိုးကလေးကို မိလ္လာကားကြီးက တိုက်ချသွားတယ် လူငယ်ဟာ
အိပ်မက်တွေနဲ့ ပြည့်နေတဲ့ ရေတံခွန် ခါးဖြတ်အဖောက်ခံထားရတဲ့ တောင်တန်း ခင်ဗျားကော
ကိုယ့်ကိုယ်ကိုယ် ချနင်းရဲလား ခိုးသွယ်ခံထားရတဲ့ ရိုးသားမှုဟာ မီးကျွမ်းလွယ်တယ်
money make everything ဆီကဘာသံကြားသေးလဲ ဆီလို အပေါက်ရှာထွက်တဲ့
ဖန်လုံအိမ်ကြီးထဲ ဒီကဗျာဟာ ဆီလို အပေါက်ရှာထွက်လာတယ်


လင်းလက်​တာရာ ၊ လူခါး
မေ ၊ ၂၀၁၃ ၊ New Style မဂ္ဂဇင်း

No comments:

Post a Comment