Saturday, January 25, 2020

မင်းရှေ့က အခက်အလက်မှာဘယ်နှရွက် ကြွေသွားပြီလဲ သူငယ်ချင်း

မင်းရှေ့က အခက်အလက်မှာ
ဘယ်နှရွက် ကြွေသွားပြီလဲ သူငယ်ချင်း
..........................................................

ရေတံခွန်ထဲ ခုန်ချသွားသူ ငါးကလေးလို
လောကကြီးကို ထေ့ပြုံး ပြုံးတတ်တဲ့
မင်းရဲ့ ပြက်လုံးလေးတွေလည်း
အဝေးဆုံးကို စီးဆင်းသွားတာ ကြာပြီ
အိပ်မက်တွေကို ခြေရာခံဖို့အတွက်
ရဲရင့်ခြင်းအတောင်ပံတွေကို 
ကောင်းကင်သစ်ဆီ ပစ်တင်လိုက်တဲ့မင်း
ကြယ်တွေမစုံတော့တဲ့ မိသားစုဓာတ်ပုံကို 
ထုတ်ထုတ်ကြည့်နေတုန်းပဲလား
လောကဓံက
ငါတို့ကို ကြိုးဝိုင်းထဲသွင်းပြီး 
လူကြီးလူကောင်းလုပ်နေတာ
မင်းရော အလဲထိုးခံနေရတုန်းပဲလား
နိုင်ငံတော်သီချင်းဆိုသလိုမျိုး
မင့်အသံတွေ ရဲရင့်
မင့်လက်သီးတွေ ကျစ်လစ်နေပါစေ
ငါကတော့ ငါနဲ့မတော်တဲ့ အဆင်မပြေမှုတွေနဲ့
မြစ်ကျဉ်းထဲ စီးမျော
ယုံကြည်ချက်တွေ အတောမသတ်နိုင်သေးဘူး
ပြန်စဉ်းစားကြည့်တော့
စစ်မှန်ထားတဲ့ ခေတ်ကာလရဲ့
ယဇ်ကောင်တွေဟာ ငါတို့ ပေါ့
မရချင်တာတွေလည်း ရခဲ့ရ
မပေးချင်တာတွေလည်း ပေးခဲ့ရ
ဒုက္ခနဲ့ တုတ်တပြက်ဓားတပြက် 
လည်ပင်းဖက်ပေါင်းခဲ့ရ
မကောချင်ဘဲ ကောခဲ့ရတဲ့ စီးဆင်းခြင်းတွေ
မထွန်းချင်ဘဲ ထွန်းခဲ့ရတဲ့ မျက်ရည်သောင်တွေ
တစ်ယောက်ရဲ့ မပြေလည်မှုကို
တစ်ယောက်တစ်ဝက် မျှသောက်ခဲ့ကြရတဲ့ နေ့တွေ
လွမ်းဖွယ်
ဝမ်းနဲ့လွယ်ခဲ့ရတဲ့ မအောင်မြင်မှုတွေ
ငါတို့က စိမ်းလန်းခြင်းဆီ
ခရီးထွက်နေရတဲ့ တောင်ကတုံးတွေလေ
မင်း နှလုံးသားမှာ
ပန်းခင်းကြီး ပွင့်နေတာတော့ ငါမြင်ရဲ့
ဘဝရဲ့ ကျောင်းတော်မှာ
မင်း ပျော်ပါရဲ့လား
ကိုယ့်ဘဝကိုယ် ကျောင်းနေရတာနဲ့တင်
ငါတို့ မတွေ့ဖြစ်ကြတော့တဲ့ နှစ်တွေ
မိသားစု သစ်ပင်မှာ အခုတ်ချခံရဲခဲ့တဲ့
သစ်ကိုင်းတွေဟာလည်း ငါတို့ပါပဲ
အိမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါတို့ဟာ အိမ်ပြေးတွေ ဖြစ်နေတုန်းပါပဲ
ချစ်ခြင်းမေတ္တာမှာ အနစ်နာခံခြင်းဟာ
ငါတို့ဆိုနေကျ သီချင်းပါပဲ
အခု လူမှု့တိုက်ပွဲထဲ 
ငါတို့တွေ အလဲလဲအကွဲကွဲ
ရှေ့မှာတင် တစ်ယောက်ပြီးတစ်ယောက် 
ကျကျ သွားတာ
အစစအရာရာ ဂရုစိုက်ပါ သားကြီး
မင်းကို သတိရလို့ ဒီကဗျာရေးလိုက်တာပါ
ရောက်ရာပေါက်ရာ အရပ်မှာ
စိမ်းလန်းရှင်သန်နိုင်ပါစေ

#လင်းလက်တာရာ

No comments:

Post a Comment