Saturday, September 7, 2019

ရင်ထဲက လွင်ထီးခေါင်

ရင်ထဲက လွင်ထီးခေါင်
...........................

လေပူတွေ တဟူးဟူး တိုက်နေတဲ့ ပုထုဇဉ် တောင်ကုန်းလေး
မြစ်မရှိပေမယ့် သက်ပြင်းတွေ ထိုင်မျှားလို့ ရတယ်
အသက်ကို အလံတစ်ဝက် လွှင့်ချင် လွှင့်ထားလေ
လေးဘက်လေးလံ တံလျှပ်တွေ ချည်းပဲ
စိတ်ကူးတွေ စုစည်းချည်နှောင်ဖို့ ပြင်တော့
ဖဲကြိုးပြာလေးကလည်း ဝေးဝေးကို လွင့်သွားပြီ
လွမ်းလွမ်းနဲ့ တစ်နေ့လုံး မရွာတဲ့ မိုးကို ဖွင့်ဆောင်းထားမိ
နိစ္စဒူဝတွေဟာ ဖယောင်းသားတွေလိုပဲ
အရည်ပျော်ကျသွားလိုက် ပြန်ခဲသွားလိုက်
ရိုးရိုးသားသား အိပ်မက်လေးခမျှာ မိုက်မိုက်မဲမဲ
မြင်မြင်သမျှဟာ မီးဆာနေတဲ့ ကိုင်းခြောက်တွေချည်းပဲ
ကြားကြားသမျှဟာ ထပ်ပိုင်းကျိုးနေတဲ့ အော်သံတွေချည်းပဲ
ကိုယ့်အနာနဲ့ကိုယ် ကိုယ့်အော်ပရာနဲ့ကိုယ်
တစ်ရက်ပြီး တစ်ရက် တစ်ရွက်ပြီး တစ်ရွက်
ငွေသံကြေးသံတွေကြောင့် တဖျပ်ဖျပ်လန်နေတဲ့ စာမျက်နှာတွေ
ပျော်စရာတွေဟာ မှော်ဆရာ မှ မဟုတ်ဘဲ
ဘဝရဲ့ပန်းအိုးထဲ စိုက်ထားမိတဲ့ သစ်စေ့လေးရေ ခွင့်လွှတ်ပါ
ရေမရှိတဲ့အခါ မျက်ရည်နဲ့လောင်းမိတဲ့ အချိန်တွေကိုပေါ့

လင်းလက်တာရာ
9.2019

No comments:

Post a Comment