Monday, January 7, 2019

ညီမလေးဟာ ကဗျာ

ညီမ​လေးဟာ ကဗျာ
.......................

ညီမ​လေးရဲ့အကြောင်းဟာ
ကိုယ့်ကျောင်းရဲ့ ခေါင်းလောင်းသံ

ညီမ​လေးရဲ့ရယ်သံဟာ
ကိုယ့်အနုပညာရဲ့ ကမ္ဘာဦးဂီတ

ညီမ​လေးရဲ့ပါးမို့မို့လေးဟာ
ကိုယ့်မွေးရပ်မြေရဲ့ မြို့အဝင်မုခ်ဦး

ညီမ​လေးရဲ့ မျက်နက်ဝန်းဟာ
ကိုယ့်လွတ်လပ်ခြင်းတွေရဲ့ပြတင်းပေါက်

ညီမ​လေးရဲ့ ဆံနွယ်​​ရှည်တွေဟာ
ကိုယ့်လူငယ်ဘဝရဲ့ ရှူ့မျှော်ခင်း

ညီမ​လေးရဲ့ အပြုံးဝင်းဝင်းဟာ
ကိုယ့်စာကြည့်စားပွဲပေါ်က အလင်းဖွဲ့မီးသီး

ညီမ​လေးရဲ့ နှုတ်ခမ်းတစ်စုံဟာ
ကိုယ့်မြေအိုးလေးထဲက စပယ်ရုံကလေး

ညီမ​လေးရဲ့ ဟန်ပန်ဟာ
ကိုယ့်ရှင်သန်ခြင်းတွေရဲ့ နှလုံးခုန်သံ

ညီမ​လေးဟာ
ကိုယ့်အသက်ဓာတ်မှာ နှုတ်မရအောင်
ဘဝတဆုံးထိ
ရိုက်ထည့်ထားတဲ့ သပ်တစ်ချောင်း

ကိုယ့် မြတ်နိုးစွဲလန်းချစ်မက်ခြင်းမှာ
တလူလူ လွှင့်ထူထားတဲ့ အလံ

နက်နက်ရှိုင်းရှိုင်း
နှစ်နှစ်ကာကာ ဆိုမိတဲ့
ကိုယ့်နိုင်ငံတော်သီချင်း

လင်းလက်​တာရာ
9.7.18

No comments:

Post a Comment