Thursday, January 25, 2018
လူဘောလုံးတွေ
လိမ့်နေတယ်
ရှင်ခြင်းတွေ တလိမ့်လိမ့်
မသေမရှင်တွေ တလိမ့်လိမ့်
လိမ့်ရင်းလိမ့်ရင်း ငိုလိုက်ရယ်လိုက်
ရယ်နေရင်းတန်းလန်းနဲ့ ငိုရ
ငိုနေရင်းတန်းလန်းနဲ့ ရယ်ရ
တော်တော်ခွကျတဲ့ သောက်ဘဝကြီး လို့
လိမ့်နေရင်း တောက်ခေါက် အော် ဟောက် ငေါက်ငမ်းမိကြ
အဲဒီသောက်ဘဝကြီးကို
မင်းလည်းလိမ့်ရင်း သောက်
ငါလည်း လိမ့်ရင်းသောက်
လိမ့်နေရင်း မျက်ရည်ကို ဝိုင်ဖောက်နေတဲ့
အိုဗာစီးက ဘော်ဒါကြီးလည်းသောက်
အိမ်ကွင်းမှာ အလဲလဲအကွဲကွဲလိမ့်နေတဲ့ ညီလေးလည်းသောက်
နှလုံးသားနဲ့ ရင်းပြီး လိမ့်နေရသူတွေ
ဦးနှောက်နဲ့ ရင်းပြီး လိမ့်နေရသူတွေ
နှလုံးသားရော ဦးနှောက်ရော ရင်းပြီး လိမ့်နေရသူတွေ
မိနစ် ၉၀ စလုံး နာကျင် ခဲ့ရပြီးတာတောင် မလုံလောက်
နောက်ထပ် နာကျင်အချိန်ပိုတွေနဲ့ ဘဝကို
လှလှကြီးဆွဲဆန့် တည်ဆောက်ထားပုံများ
ခြေစစ်ပွဲ ထဲ တလိမ့်လိမ့်
ရှုံးထွက်ပွဲကြပ်ထဲ တလိမ့်လိမ့်
တန်းဆင်းဇုန်ထဲ တလိမ့်လိမ့်
ဗိုလ်လုပွဲထဲ တလိမ့်လိမ့်
လိမ့်နေရတာ ပျော်ပါရဲ့လား
လိမ့်နေရတာ အဓိပ္ပာယ်ရှိပါရဲ့လား
ဖြတ်နင်းဖို့ အသင့်စောင့်နေသော ခြေထောက်များ
ဟန်ဆောင်ဒိုက်ထိုးကောင်းသော ပင်နယ်တီများ
တစ်ဖက်စောင်းနင်း အနီကတ်များ
လိမ့်နေရတာ တန်ပါရဲ့လား
လိမ့်နေရတာ မှန်ပါရဲ့လား
ရှင်ခြင်းနဲ့ သေခြင်း ဂိုးပေါက်နှစ်ခုကြား
လူးလားဆန်ခတ် လိမ့်နေတဲ့ လူဘောလုံးတွေ
လင်းလက်တာရာ
26.1.2018
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment