#တောင်တစ်လုံးရဲ့အက်ဆေး
(က)
အစကတော့ ကျွန်တော်က သာမန်တောင်တစ်လုံးပါပဲ။
သဘာဝအလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ကျွန်းပေါ်က
ရိုးရိုးသားသား တောင်လေးတစ်လုံးပေါ့။
စိမ်းလန်းတဲ့ ရှုခင်းတွေနဲ့ စိမ်းညှို့နေတဲ့ တောင်လေးတစ်လုံးပေါ့။
နေထွက်ရာ အရပ်နဲ့ နေဝင်ရာ အရပ်ကြားမှာ
နိုးထလိုက် အိပ်စက်လိုက်နဲ့
ရှင်သန်ခြင်းဆိုတာ
သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ တွေးထင်ထားမိတဲ့
တောင်လေး တစ်လုံးပေါ့။
သူမကို စမတွေ့ခင် အချိန်ကာလတုန်းကပေါ့လေ။
(ခ)
သူမကို အမှတ်မထင် စတွေ့လိုက်တဲ့ နေ့ဟာ
ကျွန်တော့်ရင်ခုန်သံတွေ ဗြောင်းဆန်သွားတဲ့ နေ့ပဲ။
သူမရဲ့ဆံနွယ်ရှည်တွေဟာ ကျွန်တော့်ကို လာရောက်ရစ်ပတ်နေတယ်။
ဘယ်ဘဝက မြစ်ဖျားခံခဲ့တဲ့ သံယောဇဉ်တွေပါလိမ့်။
ကျွန်တော့်ရင်ဘတ်ထဲမှာ ဘယ်အချိန်ကတည်းက ကိန်းအောင်းနေမှန်း မသိတဲ့
အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ၊ဆန္ဒတွေ ၊ အာသီသတွေ ၊
ချစ်ခြင်းတရားတွေ ဟာ လှုပ်ခက်မြည်ဟီး တုန်ခါလာတယ်။
ဒါတွေဟာ တဖြည်းဖြည်း ရင့်မှည့်လာတဲ့ သစ်သီးတွေလို ကြွေကျတော့မယ့် အတိုင်းပဲ။
ကျွန်တော့် စိတ်ကို ကျွန်တော် ထိန်းချုပ်တယ် ။ အောင့်အီးတယ် ။
သိပ်ခက်တာပဲ။
ကျွန်တော်ဟာ အန္တရာယ်ကို လွယ်ထားခဲ့မိပြီ ဆိုတာတော့ သိလိုက်ပြီ ။
(ဂ)
ဒီလိုနဲ့ ကျွန်တော်ဟာ တဖြည်းဖြည်း အရောင်ပြောင်းလာခဲ့တယ်။
ကျွန်တော်ဟာ ရိုးရိုးတောင်လေးတစ်လုံး မဟုတ်တော့ဘူး။
ကျွန်တော်ဟာ သူမစိတ်နဲ့ လောင်ကျွမ်းနေတဲ့ တောင်တစ်လုံး ဖြစ်နေပြီ။
ဘယ်မီးက အပူဆုံးလဲဆိုတော့ ရင်တွင်းမီးပေါ့။
ဘယ်မီးက အတောက်လောင်ဆုံးလဲ ဆိုတော့ ကိလေသာမီးပေါ့။
သူမကို ရူးသွပ်မိခြင်းတွေနဲ့ ရင်ဘတ်တစ်ခုလုံး ချော်ရည်ချော်ခဲတွေ ပြည့်နေခဲ့ပြီ။
ကျွန်တော် ထိန်းချုပ်တယ်။ မရဘူး ။ အောင့်အီးတယ်။ မရဘူး။
သူမကို သိပ်ချစ်တယ် လို့ ကျွန်တော် ဖွင့်ပြောလိုက်မိပြီ။
မီးတောင်ဟာ မီးတောင်ဖြစ်ကြောင်း ရင်ဘတ်နဲ့ရင်းပြီး သက်သေပြလိုက်ခြင်းပါပဲ။
သူမရဲ့အပြုံးပွင့်လေးမှာ ကျွန်တော့်စိတ်နှလုံးသား
မျောပါသွားမိတဲ့ အခိုက်အတန့်လေးမှာပေါ့။
သူမရဲ့ပါးပြင်မို့မို့လေးဆီမှာ ကျွန်တော့်အသက်ရှူသံတွေ ထစ်ငေါ့သွားတဲ့ အချိန်လေးမှာပေါ့။
လေထဲ လွင့်နေတဲ့ လဲ့မှိုလေးလို ၊ စမ်းချောင်းလေးထဲ မျောနေတဲ့ ပန်းပွင့်ကြွေလေးလို
သူမရဲ့ရယ်သံလွင်လွင်လေးဆီမှာ လွင့်မျောနေမိတဲ့
အခိုက်ဓာတ်လေးမှာပေါ့။
(ဃ)
ကောင်းကင်ကြီးတစ်ခုလုံး မီးခိုးတွေ ဖုံးသွားခဲ့တယ်။
တကယ်တော့ ကျွန်တော့်ဘဝ မီးခိုး ဖုံးသွားခဲ့တာပါ။
ကျွန်တော့်နှလုံးသား မီးခိုး ဖုံးသွားခဲ့တာပါ။
ကျွန်တော့်ချစ်ခြင်းတရားရဲ့မီးခိုးငွေ့တွေကြောင့် သူမ အသက်ရှုကြပ်နေပြီ။
ကျွန်တော့်ရင်ဘတ်ထဲက ပေါက်ကွဲစီးကျလာတဲ့ အတ္တချော်ရည်ပူတွေ ဟာ သူမကို ဖုံးအုပ်နေပြီ။
သွားပြီ ။ ကျွန်တော် သူမကို ဖယ်ထုတ်လို့ မရတော့ဘူး။
ကျွန်တော် သူမကို ကယ်တင်လို့ မရတော့ဘူး။
ကျွန်တော့်ကိုယ် ကျွန်တော်လည်း ကယ်တင်လို့ မရတော့ဘူး။
ကျွန်တော့်ရဲ့အတ္တချော်ရည်ပူတွေကို ကျွန်တော်တားစီးလို့ မရတော့ဘူး။
လောင်နေပြီ။ သူမကို လောင်နေပြီ။ တကယ်တော့
ကျွန်တော့်နှလုံးသား အလောင်ခံနေရတာပါ။
သူမရဲ့ကြောက်လန့်တကြားအော်ဟစ်သံကို ကျွန်တော် ကြားနာခဲ့ရပြီ။ ကျားနာ တစ်ကောင်လို
ကျွန်တော့် အော်သံကို ကျွန်တော် နာကြင်စွာ ကြားနာခဲ့ရပြီ။
သူမရဲ့မျက်ရည်စက်လက်ကို ကျွန်တော် အရှင်လတ်လတ် မြင်ရတဲ့ အခိုက်အတန့် ဟာ
မိုးပြိုတာပါပဲ။ ကမ္ဘာနှစ်ခြမ်း ကွဲတာပါပဲ။
ကျွန်တော့်ရဲ့မိုက်မဲမှုတွေကြောင့် ကျွန်တော်ချစ်တဲ့ သူမကို ကျွန်တော် ဆုံးရှုံး လိုက်ရပြီ။
ဘယ်လောက်တောင် ရက်စက်တဲ့ ကံကြမ္မာလဲ။
ကျွန်တော် ရရှိခဲ့တာက တမြေ့မြေ့ နောင်တတွေ နဲ့ ထက်ရှတဲ့ နာကျင်ကြေကွဲမှုတွေပါပဲ။
(င)
အာဏာရှင်ကို လူအဖွဲ့အစည်းက စက်ဆုတ်သလိုမျိုး
ကျွန်တော့်ကိုယ်ကျွန်တော် စက်ဆုတ်နေမိတယ်။
တစ်စစီပြိုလဲ ပျက်စီးနေတဲ့ စာသင်ကျောင်းလေးက
ဗုံးကျဲလေယာဥ်ကို မုန်းသလိုမျိုး
ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးနေမိတယ်။
စစ်ဘေးရှောင် ကလေးလေးက စစ်ကို နာကျည်း သလိုမျိုး
ကျွန်တော့်ကိုယ်ကျွန်တော် နာကျည်းနေမိတယ်။
နောင်တတရားများစွာနဲ့ "သက်ရှိမီးတောင်" တစ်ခု အဖြစ်
ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲ သတ်သေနေမိတော့တာ အကြိမ်ကြိမ်ပဲ။
ကံဆိုးစွာနဲ့ ကျွန်တော်ဟာ တော်တော်နဲ့မသေ။
(စ)
အချိန်ကာလ တစ်ခုအရောက်မှာ ကျွန်တော်ဟာ "မီးတောင်မြုံ" ဖြစ်ခဲ့တယ်။
ကျွန်တော့်ကို "အိပ်ပျော်နေတဲ့ မီးတောင်"လို့ ခေါ်ကြတယ်။
တကယ်တော့ ကျွန်တော် မအိပ်ပျော်ပါဘူး။
ကျွန်တော့်ဘဝထဲကနေ သူမ ထွက်ခွာသွားပြီးကတည်းက ကောင်းကောင်းမအိပ်ခဲ့ရပါဘူး။
နိုးတစ်ဝက်ခြောက်အိပ်မက်တွေနဲ့ ရှင်သန်ခဲ့ရတာပါ။
ကျွန်တော့် ရင်ဘတ်ထဲက လက်ကျန် ချော်ရည်ပူတွေ ဘယ်အချိန်
ပွင့်အန်ထွက်လာဦးမလဲ ဆိုတာကိုလည်း စိုးရွံ့ ကြောက်လန့်နေမိတယ်။
မီးတောင်မြုံ ဆိုပေမယ့် ဒဏ်ရာတွေကတော့ ဘယ်တော့မှ မြုံမသွားပါဘူး ။
ထုံမသွားပါဘူး ။ လတ်လတ်ဆတ်ဆတ် နာနေတုန်းပဲ။
သူမကို လတ်လတ်ဆတ်ဆတ် သတိရနေတုန်းပဲ။
သူမရဲ့အပြုံးပွင့်လေးကို ပြန်မြင်ယောင်နေမိတုန်းပဲ။
စိတ်ကူးထဲမှာ သူမနဲ့ ခဏခဏ ဆုံမိနေတုန်းပဲ။
ကျွန်တော် "မီးတောင်သေ" အမြန် ဖြစ်ချင်နေမိပါပြီ။
#လင်းလက်တာရာ
6.2.22
No comments:
Post a Comment