'ပြုန်းစရာ တစ်ခုမှ ပါမလာဘူး' ဆိုတဲ့ မြို့က ပြန်လာတဲ့ ကိုရင်သာလှလို
ပြုံးစရာတစ်ခုမှ ပါမလာဘူး။ နောက်ဆို စာရွက်ပေါ်မှာပဲ ရှိတော့မယ့်
'တောကြီးမျက်မည်း'ကို ခုကတည်းက တစ်နေ့ ၃ ကြိမ်လောက် ဝအောင်ခေါ်ထား။
မီးခိုးနံ့ သင်းနေတဲ့ ရှုခင်းကို အဆုတ်နဲ့ ပေ၂၀ အကွာကနေ ရှူသွင်းနေရတယ်။
ကိုယ်ထွေးလိုက်တဲ့တံတွေးက ပန်းပွင့်လေးပေါ် သွားတင်နေလိမ့်မယ်လို့ တွေးဖူးလား။
အဲဒီလို အထွေးခံခဲ့ရတဲ့ နှစ်တွေ ၃၀ ၊ ၄၀ ၊ ၅၀ ။ ငယ်ဘဝရဲ့ စိတ်မြေသားထဲ
စိုက်ဝင်နေတဲ့ ကျောက်သင်ပုန်း အပိုင်းအစလေးကို နုတ်မရဘူး။
ယောင်နေတဲ့ အစာအိမ်တွေဟာ ယောင်နေတယ် ကယောင်ကတမ်း။
စလစ်ဖြစ်နေတဲ့ အိပ်မက်ပြေးလမ်းပေါ် ဂျင်းဘောင်းဘီအပြဲနဲ့ လူငယ်။
ရေနစ်နေတဲ့ ' ညဥ့်ရေလယ်တည့်တည့်မှာ စိုက်ထားတဲ့ လရောင်' ဆိုတဲ့
ဝါကျတစ်ကြောင်းကို ညဥ့်ရေလယ်တည့်တည့်ကနေ ဆယ်ယူလိုက်တယ်။
ဒိုက်သရိုက်အမှိုက်တွေနဲ့ အတူ မျောပါသွားတဲ့ အတွေးအခေါ်အဟောင်းတွေ
ဘယ်ကမ်းမှာ မြေဆီလွှာ ဖြစ်နေပြီလဲ။ နည်းပညာလှိုင်းလုံးကြီးတွေထဲ
ထည့်ခလောက်ခံနေရတဲ့ လူသားတွေ။ ကမ္ဘာကြီး ပူနွေးလာပြီဆိုတော့...
ဘယ်လိုလဲ ဝန်ရိုးစွန်းရေခဲပြင်ကြီးလို ပျော်ရဲ့မဟုတ်လား။ အရင်ဆုံး
'စိတ်ညစ်တာကြီး' ကို ဦးခေါင်းထဲကနေ ခွဲထုတ်သန့် စင်ပစ်ရမယ်။ ငွေစကားဟာ
လူ့ ပါးစပ်ထဲကနေ အသားပိုတစ်ခုလို တိုးလို့ တန်းလန်းပြူထွက်နေတယ်။
ပရိုအဆင့်မှ ပလုံအဆင့်သို့ ကူးပြောင်းသွားသူကြီးကတော့ မဂန့် သေးဘူး။
လိုအပ်လို့ ထည့်ထားတဲ့ ပုလင်းထဲက အဓိပ္ပါယ်တွေ။ မလိုအပ်လို့ သွန်ချလိုက်တဲ့
ပုလင်းထဲက အဓိပ္ပါယ်တွေ။ ခင်ဗျားရဲ့စိတ်ကိုရော ပုလင်းထဲချိတ်ပိတ်
ပင်လယ်ထဲမျှောလိုက်မိသေးလား။ ယဉ်ကျေးမှုရှိရာ အညှီတွေအုံလာပြီ။
'စစ်' ဆိုတဲ့ငနဲကို ငယ်ငယ်တုန်းက ဗန်ဒါသီးထုသလို ထုခွဲချင်ရဲ့။ လက်ချိုးရေခဲ့တာ
ရက်ပေါင်းသောင်းခြောက်ထောင်လောက်ရှိပြီဆိုတဲ့ သန်းခြောက်ဆယ်။
ရယ်စရာကောင်းတဲ့ မျက်လှည့်ကို မျက်ရည်စက်လက်နဲ့ ကြည့်နေရတယ်။
အိမ်နဲ့ မိုင် ၂၅၀၀ လောက်ဝေးတဲ့ ရေပူစမ်းလေးကို ငြိမ်းချမ်းရေးလို့ 
နာမည်ပေးပြီး အမဲလိုက်နေမိ။
လင်းလက်တာရာ
ဩဂုတ် ၊ ၂၀၁၄ ၊ Treasure Land မဂ္ဂဇင်း
No comments:
Post a Comment