Tuesday, July 28, 2015

ဂျွန်မှာ မိုးတွေမရွာလည်း ဂျွန်မှာ မိုးတွေရွာနေဆဲပါပဲ ဂျွန်

ဂျွန်မှာ မိုးတွေမရွာလည်း ဂျွန်မှာ မိုးတွေရွာနေဆဲပါပဲ ဂျွန်



ဂျွန်ရေ ဂျွန်ရဲ့ ရေတွေ တအားစီးတာပဲ ဂျွန်မိုးက ရေစီးတယ်
တိမ်တွေက ဂျွန့် ကိုချစ်လို့ ဂျွန်ဖြစ်ကြောင်း သက်သေပြတာပါ ဂျွန်
ဂျွန်မှာ စိမ်းလန်းခွင့်ရတဲ့ သစ်ပင်လေးဟာ ဂျွန့် ကို ကျေးဇူးတော်တင်လို့ 
ဂျွန်မွေးလို့ ကြီးပြင်းလာတဲ့ ရပ်ကွက်ပုတုတုလေးလေ အရပ်ကြီးရှည်လာလိုက်တာ
ဂျွန်မြင်ရင် မှတ်မိမှာ မဟုတ်ဘူး ဂျွန်ဟာ ပုံပြင်မဟုတ်ပါဘူး ဂျွန်
ဂျွန်ပြောတဲ့ ပုံပြင်တွေဟာ တကယ်ဖြစ်လာပါပြီ ဂျွန်အစစ်ပါပဲ ဂျွန်
ဂျွန်ဟာ မြင်းသည်တော် ဂျွန်ဟာ မြားစစ်သည် ဂျွန်ဟာ မြင်းစီးပြီး
မြားပစ်တော်တဲ့ ပြည်သူ့ ဘက်တော်သား နှလုံးသားဒိုင်းတွေ တည့်တည့်
ဂျွန့် ဘဝနဲ့ ဂျွန်ပဲ ရှိပါစေတော့ဂျွန်ရေလို့ ဂျွန်မလေးတစ်ယောက် ငိုနေပြန်ပြီဂျွန်
ဂျွန်ရဲ့ ဦးနှောက်ကို သူတို့ အတုလုပ်နေကြပြီ ဂျွန်ရဲ့ အရေးအသားတွေကို
သူတို့ ခိုးချနေကြပြီ ဂျွန်ရဲ့ ကဗျာမြစ်မှာ သူတို့ ရေကာတာ ဆောက်နေကြပြီ
ဂျွန်လမှာ ယုန်ဝပ်လို့ ဆန်ဖွတ်တဲ့ အဘိုးအိုဟာ ဂျွန်လားဂျွန်
မိုးရေတက်ရေတဖွေးဖွေး ကွင်းကျယ်အဝေးဝေးကြီးထဲ ဘယ်တော့ပြန်လာမှာလဲဂျွန်
ဂျွန်ရဲ့ ရတနာမြေပုံဟာ မွှစာကြဲနေပြီ ဂျွန်ရဲ့နိုင်ငံမြေပုံဟာ ပိန်ရှုံ့ နေပြီ
ဓါးပြတွေက ဂျွန့် နာမည်နဲ့ တိုက်နေကြပြီ သူခိုးတွေက ဂျွန့် နာမည်နဲ့ လုပ်စားနေကြပြီ
ကောင်းကင်မှာ အရောင်ထွက်ပြနေတဲ့ သက်တံ့လေးကလည်း ဂျွန့် နာမည်နဲ့ 
ယဉ်ကျေးမှုတွေက တစ်စီးနဲ့ တစ်စီး ဂျွန့် ရင်ဘတ်ပေါ် ဖြတ်တိုက်နေကြတယ်
စပယ်ယာတွေက ဂျွန့် မှတ်တိုင်ကို အကျယ်ကြီးအော်တယ် ခေတ်ကြီးက
ပလက်ကျွတ်နေပြီ ဂျွန် ဂျွန့် အတ္ထုပ္ပတ္တိကို ရိုက်တဲ့ ရုပ်ရှင်ဟာ ရုံပြည့်ရုံလျှံပါပဲ
ဂျွန့် နေရာသရုပ်ဆောင်တဲ့မင်းသားဟာ ဂျွန်မဟုတ်လို့ အကယ်ဒမီ မရခဲ့ဘူး
အမှန်တရားနဲ့ ဆက်သွယ်နေကျ ဂျွန့် စာတိုက်ပုံးလေးလည်း အမှိုက်ပုံထဲ ရောက်သွားပြီ
တစ်တိုင်းလုံးမွှေးအောင် ဖြာကျခဲ့ဖူးတဲ့ ဂျွန့် အကိုင်းတွေကို စည်ပင်က ခုတ်ပစ်လိုက်ပြီ
ဂျွန့် စိတ်နဲ့ မြည်နေတဲ့ ခေါင်းလောင်းတွေ ဂျွန့် သွေးနဲ့ ရဲနေအောင်ပွင့်တဲ့ စိန်ပန်းတွေ
ဂျွန့် သစ္စာတရားနဲ့ အနင်းခံရဲတဲ့ မြက်တွေ ဂျွန့် ချစ်မေတ္တာနဲ့ သွန်ချနေတဲ့ ရေတံခွန်တွေ
မြင်မြင်သမျှဟာ ဂျွန်တွေနဲ့ လှနေတာပါပဲဂျွန် ဂျွန်ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးက
မာဆတ်ဖြစ်သွားပြီ ဂျွန့် အိမ်ရာဟာလည်း စီမံကိန်းနယ်မြေဖြစ်သွားပြီ
ဇန်နဝါရီဟာလည်း ဂျွန်ပါပဲ ဖေဖော်ဝါရီဟာလည်း ဂျွန်ပါပဲ ဂျွန်ဟာလည်း ဂျွန်ပါပဲဂျွန်
ဂျွန့် ပုံကို Profile Picture တင်ကြတယ် ဂျွန့် ပုံတူကို လူငယ်တွေ တက်တူးထိုးကြတယ်
ကမ္ဘာကြီးဟာ သွေးဆာနေတဲ့ Vampire ရမ္မက်လှိုင်းတွေ ထန်နေတဲ့
လူပင်လယ်ကြီးပါပဲဂျွန် အဝိဇ္ဇာမြူတွေ ဖုံးနေတဲ့ လူတောင်တန်းကြီးပါပဲဂျွန်
ဂျွန် လွှတ်တင်ခဲ့တဲ့ ငြိမ်းချမ်းရေးအလံဟာလည်း မီးလောင်ပြာကျသွားခဲ့ပါပြီ
ဂျွန့် အချစ်တော် အိမ်မွေးခွေးလေးကိုလည်း သူတို့ စစ်ခွေးလုပ်ပစ်လိုက်ကြပြီ
ဂျွန်မရှိတော့ ဂျွန့် မိခင်ကလပ်ဟာ တန်းဆင်းသွားရ ဂျွန့် သွေးသောက်တွေလည်း
အသင်းပြောင်းကန်နေကြပြီ ဂျွန်ကတော့ ဂျွန်ပါပဲဂျွန် ဂျွန့် ကိုအစိပ်စိပ်အမြွှာမြွှာ
ခုတ်ပိုင်းဖြတ်လိုက်လည်း ဂျွန်ဟာ အကောင်းတိုင်း ပြန်ဆက်တယ်
ဂျွန့် ကျောက်စာကို ဒိုင်းနမိုက်နဲ့ ခွဲလိုက်လည်းဂျွန့် သမိုင်းဟာ မသေဘူး
ဂျွန်ဟာ ဂန္ထဝင် ဂျွန်ဟာ ခေတ်ပေါ် ဂျွန်ဟာ ခေတ်ပြိုင်
ဂျွန်ဟာ ကွန်တမ်ပိုရာရီပါပဲ ဂျွန် ဂျွန်ရေ ဂျွန်နံ့ သင်းနေတဲ့ ဂျွန်ရေ
ဂျွန်သီချင်းတွေဖွင့်ထားတယ် ဂျွန်မိုးတွေ ရွာမြဲ ရွာနေတယ်
ကလေးတွေလည်း ဂျွန်ရိပ်မှာကစားလို့ ဂျွန်သီးတွေ စားလို့ 
ကြက်ဆူပင်တွေ နှုတ်ပစ်ပြီး ဂျွန်ပင်တွေ စိုက်နေကြတယ် ဂျွန်





လင်းလက်တာရာ
10.6.2014

No comments:

Post a Comment