Wednesday, March 21, 2018

ဆာလောင်သူ မိတ်ဆုံစားပွဲ ပေါ်က ရောင်စုံဇာတ်တူသားတွေ


လူတွေက အောင်သေအောင်သားကို စားတယ်
အောင်သေအောင်သားက လူတွေကို ပြန်စားတယ်

နှစ်ကာလတွေဟာ အနှစ်တခြား အကာတခြား
ဆားပက်ခံရသော ပျော်ရွှင်ခြင်းအဆီတဝင်းဝင်းများ

မြက်ပင်လေးပေါ် တွဲလွဲခိုနေတဲ့ နှင်းရည်စက်လေးနဲ့
မြေပြင်အကွာဝေးလို ဘဝတိုတိုလေး

နေညိုချိန် ကို ဗိုက်ခွဲကြည့်တဲ့အခါ
အရှင်လတ်လတ်နောင်တတွေ တဖျတ်ဖျတ်ခုန်ပေါက်နေ

အဲဒီနောင်တအရှင်တွေကို တံစို့ထိုးမီးကင်
နှင်းအတုတွေနဲ့ အင်ထုထားတဲ့ ပုထုဇဉ်မီးပုံပွဲ

တစ်ခါတရံ ဒီပရက်ရှင်မီးပုံးပျံကြီးစီးပြီး
လှလှကြီး ပျက်ကျ လိုက်ချင်ပါသတဲ့

နာကျင်စရာထဲက လွတ်မြောက်ခဲ့ပြီးနောက်
နောက်ထပ်နာကျင်စရာတွေထဲ ထပ်ရောက်ခဲ့ပြန်

မိုးလင်းခဲ့တာတောင်
အမှောင်က ခေါင်းထဲက မထွက်သေး

မီးကျွမ်းနေတဲ့သစ်ငုပ်တိုမှာ ဘယ်တော့ ပန်းပွင့်လာမလဲလို့
စောင့်မျှော်မိတဲ့ အဖြစ်မျိုးတွေ

တောင်ထိပ်မှာ ကျောက်ချ ရပ်နားချင်နေတဲ့
သင်္ဘောတစ်စင်းဟာ ငါပေါ့

ငါ့ကို တရားကျလို့ထင်ရဲ့
ရေးလက်စ ဘော့ပင်လေးတောင် ဒိဌိ ပြုတ်သွားတယ်

ချီးယားစ်! ဒုက္ခအချင်းချင်း ပွတ်တိုက်လိုက်ကြ
မမြဲခြင်းတရားဖန်ခွက်ထဲ မမြဲခြင်းတရားတွေ ငှဲ့ထည့်လိုက်ကြ

ငါ့ခေါင်းပေါ် မစင်စွန့်ချတဲ့ငှက်ဟာ
ငါ့အသိုက်အမြုံဆီ လာနားတယ်

ဆေးသားပျယ်စပြုနေတဲ့ မိသားစုဓာတ်ပုံပေါ်
ပွက်ပွက်ဆူနေတဲ့ လောကဓံပူပူတွေ မှောက်ကျသွား

တွဲလောင်းကြီး ချိတ်ဆွဲထားသော ဖြစ်တည်မှု အသားစိုင်များ
လူ့ဈေးထဲ ငွေညှီနံ့ တွေ တထောင်းထောင်း

ဆပ်ပြာဘယ်လောက်ကောင်းကောင်း
ဖြူမလာနိုင်တော့သော ခေါင်းပေါင်းတွေရဲ့ ဈာပန

ငါ့အား နင်းသွားကြသော လမ်းများ
ဖြောင့်ဖြူးသာယာပါစေသား

လင်းလက်တာရာ
ကမ္ဘာ့ကဗျာနေ့ ၊ ၂၀၁၈

Tuesday, March 20, 2018

ကိလေသာ

နွံကို ဘယ်လောက်ထိ ချစ်တဲ့အကြောင်း
အသေခံပြီး ဖွဲ့ ဆိုတယ်
ဘုရားပန်းအိုးထဲက ကြာပန်းလေး

.

လင်းလက်တာရာ
20.3.2018

Wednesday, March 14, 2018

အားလပ်ရက်

အားလပ်ရက်မှာ ငါ ကမ်းခြေကို သွားတယ်
ပင်လယ်နဲ့ လက်ဆွဲနှုတ်ဆက်တယ်
ရေသူမလေးနဲ့ အပမ်းဖြေတယ်
လှိုင်းလုံးတွေ တဝုန်းဝုန်းနဲ့ အုန်းစိမ်းရည်တွေတောင် သောက်နေသေး
တကယ်တော့ ဒါဟာ အိပ်မက်ဖြစ်နေတယ်
အိပ်မက်ထဲမှာ လှိုင်းလုံးတွေ အပြည့် ၊ တဝုန်းဝုန်းနဲ့  ရုန်းရင်းဆန်ခတ်
လှိုင်းလုံးတွေဟာ အိပ်မက်နဲ့ မဆံ့တော့
အိပ်မက်ထဲကနေ အခန်းထဲ လျှံကျလာ
အခန်းထဲ မှာ လှိုင်းလုံးတွေဟာ ရော့ခ်ဂီတတွေနဲ့ အော်ဟစ်ကခုန်
ငါ့ကိုယ်ပေါ်မှာ ဝေလငါးတစ်ကောင်လိုဆော့ကစား
ဆော့ကစားလို့အားရတော့ ငါ့ဖိနပ်ကို စီးပြီး လမ်းပေါ်ကို ဆင်းသွား
လမ်းပေါ်ကို ရောက်သွားတဲ့ လှိုင်းလုံးတွေဟာ ငါ့ကို လှမ်းခေါ်နေပြန်
လှိုင်းလုံးတွေရဲ့ ခေါ်သံကို ငါ ရုန်းမရ
ငါ့ကို ချည်ထားတဲ့အိပ်မက်ကြိုးတွေ ပြတ်တောက်သွားတဲ့အထိ ငါရုန်းမိ
အလွမ်းသောင်ပြင်ပေါ်က အသည်းကွဲ ကြယ်ငါးမလေးကိုတောင်
ကောက်ဖို့မေ့တဲ့အထိ ငါ ရုန်းမိ
ငါရုန်းပြီး အိပ်မက်ထဲကနေ လက်တွေ့ ဘဝဆီ ခုန်ထွက်လိုက်တယ်
လူပင်လယ်ကြီး ထဲ ဝုန်းခနဲ မြုပ်သွား
အလုအယက် ကူးခတ်လို့ မဆုံးတော့
အားလပ်ရက်တောင် မရှိတဲ့အထိ အလုအယက် ကူးခတ်လို့မဆုံးတော့

လင်လက်တာရာ
15.3.2018

Tuesday, March 13, 2018

ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ်ကိုဇွန်းနဲ့ ခပ်လိုက်တော့
အော်အီးအီးအွတ် ဆိုတဲ့ အသံထွက်လာ
အော်အီးအီးအွတ် ထဲကနေ ဝေလီဝေလင်းနံနက်ခင်းတစ်ခု ထွက်လာ
ဝေလီဝေလင်းနံနက်ခင်းထဲကနေ နေလုံးနီနီ ထွက်လာ
နေလုံးနီနီဟာ ကြက်စွပ်ပြုတ်ထဲမှာ ပေါ်လိုက်မြုပ်လိုက် နဲ့
ရုတ်တရက် ၊ တောင်ပံခတ်သံနဲ့အတူ ကြက်စွပ်ပြုတ်ဟာ
ကြက်တစ်ကောင်ပြန်ဖြစ်သွားပြီး လူနာရဲ့ ခုံတင်ပေါ်ကနေ ခုန်ဆင်းသွား
ဆေးရုံရဲ့ဝရန်တာ လျှောက်လမ်းမှာ ကြက်ခြေထောက်ရာတွေ ကျန်ရစ်
ဟိုးအဝေးက သံယောဇဉ်ဝပ်ကျင်းလေးဆီ ပျံသွားတာလည်းဖြစ်နိုင်ရဲ့
လူနာရဲ့ရှေ့ မှာ ကျန်ခဲ့တဲ့ ဝေလီဝေလင်းနံနက်ခင်းကတော့
အိုမင်းရင့်ရော်နေတဲ့ဆည်းဆာ ဖြစ်သွားပြီး
နေလုံးနီနီကတော့ လူနာရဲ့စိတ်တောင်ဆွယ်မှာ
တဖြည်းဖြည်း နစ်ဝင်ပျောက်ကွယ်သွားလေတယ်

လင်းလက်တာရာ
13.3.2018

အမှောင်

ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညည  လ ညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည
ညညညညညညညညညညညညညညညညညည

လင်းလက်တာရာ
2018