လူမောင်းလိုင်စင်
အငေးထဲ အပေါင်းလက္ခဏာလမ်းမကြီး လျှောဝင်လာတယ်
အရေးထဲ ဟော့ဒီအရေးအသားထဲ
အပေါင်းလက္ခဏာ လမ်းမကြီးကို
ဘာနဲ့ နှုတ်ပြီး ဘာနဲ့ မြှောက်ပြီး ဘာနဲ့ စားရမလဲ
( ဒီအတိုင်းထားတာပဲ ကောင်းပါတယ် )
ဒီအတိုင်းထားတာပဲ ကောင်းပါတယ် ဆိုမှ
တစ်ယောက်က ဝင်နုတ်သွားတယ် တစ်ယောက်က ဝင်မြှောက်သွားတယ်
တစ်ယောက်က ဝင်စားသွားတယ်
သူ ကွမ်းမစားတော့တဲ့ အကြောင်း
သူ့ ရဲ့ ကွမ်းဂျိုးတွေက သက်သေခံပါလိမ့်မယ်
ဆိုတာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်
ည တစ်နာရီဟာ ရန်ကုန်ကြီးအတွက် ရန်ကုန်ပြန်လုပ်ဖို့ အကောင်းဆုံးအချိန်
ချိန်ထားတဲ့အတိုင်း ချိန်းထားတဲ့ အတိုင်း
အထက်ပါ အပေါင်းလက္ခဏာလမ်းမကြီးရဲ့ဘေးမှာ
ဆိုက္ကားသမား စောင်ခြုံပြီး ကွေးနေတယ်
နှင်းကို မမြင်ရတဲ့ ဆောင်းဟာ ကန်းတာပဲ
လက်ရန်းတွေ ပြုတ်နေတဲ့ လှေကား
လှေကားပေါ်မှာ လက်ရန်းတွေ ပြုတ်နေတဲ့ နိုင်ငံ
နိုင်ငံပေါ်မှာ ဒူလာဆွဲနေတဲ့ အပေါင်းလက္ခဏာ လမ်းမကြီး
အကြောသေနေတဲ့ အကြောင်းအရာတွေ ချရေး ဒါမှမဟုတ် ချရောင်း
27 th Sea game ကြီးကိုလည်း ချရောင်း
မဟုတ်သေးပါဘူး
မဟုတ်သေးပါဘူးဆိုတာကလည်း ဟုတ်နိုင်ပါတယ်
ကွန်တမ်ပိုရာရီ ဆိုတာကလည်း အနိစ္စ ဒုက္ခ အနတ္တ
ဘယ်က ပျံလာတဲ့ငှက်ဟာ ဘယ်ကို ပျံသွားမှန်း မသိတဲ့အရပ်
အပေါင်းလက္ခဏာ လမ်းမကြီးပေါ် မစင်တွေ စွန့် ချသွားတယ်
တိုင်ထိပြီး ထွက်လာတဲ့ ဘောလုံး မျက်နှာလာမှန်သလိုမျိုး ဒီမိုကရေစီ
အက်ဆစ်ဓါတ်တွေ များလာတဲ့ လေထုနဲ့ အကြည်ဓါတ်တွေ ကုန်ခမ်းလာတဲ့ လူထု
ထုခွဲရောင်းချပြီးတဲ့ သယံဇာတလို အခွံတွေ
ခွေးလေခွေးလွင့်တွေကအစ ထိုးထိုးဟောင်နေတဲ့ အပေါင်းလက္ခဏာ လမ်းမကြီး
အပေါင်းလက္ခဏာလမ်းမကြီးရဲ့ ဘေးဘီ ဝဲယာမှာ လူလေလူလွင့်တွေ
သွေးတွေလား မျက်ရည်တွေလား
သွေးထားတဲ့ မျက်ရည်တွေလား
အထက်ပါ အပေါင်းလက္ခဏာ လမ်းမကြီးပေါ်မှာ
' လူမောင်းလိုင်စင်' ဟာ မြင်မြင်သမျှ တိုက်ချနေတယ်
လင်းလက်တာရာ
မေ၊ ၂၀၁၄၊ စုံနံ့သာမဂ္ဂဇင်း
No comments:
Post a Comment