Friday, May 29, 2015
Goal ဆိုတာ ငါတို့အတွက်တော့ Gold ပါပဲ
' ဂိုး' လို့ ကမ္ဘာကြီးကြားအောင် အကျယ်ကြီး အော်ဟစ်လိုက်ကြ
ဒုက္ခဆိုးတွေကို မေ့ဖျောက်ပြီး ခုန်ပေါက်ပစ်လိုက်ကြ
လေထဲကို လက်သီးတွေ တစ်လုံးပြီးတစ်လုံး ပစ်သွင်းလိုက်ကြ
ကျွမ်းကျင်ရင် ကျွမ်းပါထိုးပစ်လိုက်ကြ
ဒီမိုကရေစီစစ်စစ်ရသလို အောင်ပွဲခံလိုက်ကြ
အာဏာရှင်ဆီကမရတဲ့ ပျော်ရွှင်မှုကို 
ဘောလုံးဆီက ငါတို့ ကြံဖန်ရှာဖွေမိကြ
- လင်းလက်တာရာ
30.5.2015
Friday, May 8, 2015
ဘဝအက်ဖ်အမ်မှ ဗလာများ ဆက်လက် ထုတ်လွှင့်နေပါသည်
(ဘဝ) ဂငယ်ကွေ့တစ်ကွေ့မှာ ကိုယ်ကျိုးကြည့်နဲ့ ပက်ပင်းကြီးတိုးခဲ့တယ်ဆိုပါတော့
(ဘဝ) မတတ်နိုင်တော့တဲ့အဆုံး လက်ညှိုးနဲ့လက်မကို ဝိုင်းပြလိုက်ရတော့တယ်
(ဘဝ) ရယ်သံဟာ အမောတကောနဲ့ လူသားဟာ လောကဓံ ပူပူနွေးနွေးနဲ့ 
- ဒီပွဲမှာ စိတ်ဒဏ်ရာရ ကစားသမားတွေ များတယ်
- ကိုယ့်အပူတွေ သူတပါးကူးမှာစိုးလို့  မြိုချထားရတာ
- မြို့ပတ်ရထားပေါ်ကနေ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသူ ကျေးလက်ကလေး
- သစ္စာတရားရဲ့ အပြင်ဘက်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်
- ငယ်ဘဝလေးဆီ ရွက်တိုက်လွှင့်ရတာ လက်ပမ်းအကျဆုံးပဲ
- နေကြာစေ့ခွံလေးမှာ အချစ်ဇာတ်လမ်းတစ်ပုဒ် ရှိတယ်
- ရပ်ကွက်လေးရဲ့ စုဗူးထဲ ပြည့်လျှံနေတဲ့ အော်သံတွေ
- ကွမ်းယာသည်မလေးရဲ့ ပါးကွက်ကြားမှာ ငွေနံ့ ကြေးနံ့ တွေ စင်သွားတယ်
- လိုချင်တပ်မက်ခဲ့တာ မျက်စိနဲ့ လုံးဝမမြင်နိုင်တဲ့ အရာတွေ
- စိတ် ရဲ့ ထောင့်ကျဉ်းကျဉ်းလေးမှာ ကျယ်လောင်စွာ တွေးနေတယ်
(ဘဝ) ချော်လဲနေတဲ့ လမ်းမက သူ့ ကိုယ်သူပြန်ဖာဖို့ ကုန်းထနေ
(ဘဝ) ဖိနပ်အောက်က ပီကေဟာ တချိန်က လျှာပေါ်မှာ
(ဘဝ) ခန္ဓာကိုယ်ကြီးကိုက စိတ်အညှိတွေ ညှို့ ပဲညှို့ နိုင်လွန်း
- နေရောင်ဟာ ကျောပေါ် ဓါးမြှောင်လို စိုက်ဝင်နစ်မြုပ်
- ပြေးလမ်းပေါ် စလစ်ဖြစ်နေတဲ့ ဝမ်းရေး ခွေးပြေးဝက်ပြေးဆူးငြှောင့်တွေ
- သတင်းစာစက္ကူအပိုင်းအစလေးက ချောက်ချောက်ချားချား
- ဘဝမှာ အဝါလည်းထိ ပင်နယ်တီလည်းလွဲ လက်ခုပ်သံတွေနဲ့ လည်း လမ်းခွဲခဲ့ရပါတယ်
- အငွေ့ ပျံလို့ ရရင် လူတောင် ပျောက်ကွယ်သွားလောက်ပြီ
- လောကကြီးရယ် တစ်ခုခုလောက်တော့ ပြန်ရချင်ပါရဲ့
- ဝပ်ကျင်းဟာ တဖြည်းဖြည်း ကျဉ်းလာ တဆက်တည်း ပြွတ်သိပ်
- မြေဆွေးလို တမြေ့မြေ့ ဖွဲမီးလို တငွေ့ ငွေ့  တောင်တန်းလို ရွှေ့ မရခြင်းများ
- ခါးသီးခြင်းတွေသာ တောက်ပဝတ်စုံ
- အချစ်ရယ် နေ့ ကောင်းနေ့ မြတ် များများစားစား လက်ဆောင်ရချင်ပါတယ်
(ဘဝ) သော့ဂလောက်တွေဟာ စိတ်ကို မခတ်နိုင်
(ဘဝ) စပါးလုံးလေးတွေ ရွေးသလို ပျောက်ဆုံးခြင်းထဲမှာ ပျောက်ဆုံးခြင်းတွေ ပြန်ရွေး
(ဘဝ) နှင်းရယ်...ငါ့တို့ တိုင်းပြည်ကြီးပေါ် တရားမျှစွာ ဝေလိုက်ပါတော့
- လောကဓံက ဘယ်သူ့ ကိုမှ ဖူးဖူးမမှုတ်ဘူး
- အပျော်ဆိုတာ ဈေးကြီးပေးဝယ်ရတဲ့ တွင်းထွက်
- ဟာသထဲ ဇာတ်လိုက်ဟာ ဇာတ်အနာရဆုံး
- ပန်းအိုးလေးထဲ ကြေကြေကွဲကွဲစိုက်ထားတဲ့ မျက်ရည်တွေ ပွင့်နေပြီ
- ခိုမဟုတ်တဲ့ ခိုတွေ ထပ်ခိုးလေးထဲ ခိုးခိုးခစ်ခစ်
- လှည်းဘီး နွံထဲကျွံနေသည်နှင့် အခြား ဝန်ထုပ်ဝန်ပိုးများ
- မြက်ခင်းအတုတွေပေါ်ကစားရတာ ခါးတယ်
- ပွက်လောရိုက်နေတဲ့ ကိန်းဂဏန်းတွေ ဂလိုဘယ်လ်ဒယ်အိုးကြီးထဲ ပွက်ပွက်ဆူ
- အသားတစ်တစ်ခုကို ဝိုင်းအုံ ထိုးဆိတ် သုတ်ချီ နေသလိုမျိုး
- ညထဲ ပြိုကျပျော်ဆင်းလာတဲ့ အိပ်မက်ချော်ရည်ပူတွေ
ဘဝကိုခွဲကြည့်လိုက်တော့ ဘဝထဲမှာ ဘဝရောင်စုံ
ဘဝထဲမှာ ဘဝသေးသေးလေးတွေ ဘဝကြီးကြီးတွေ
ဘဝထဲမှာ ဖိနှိပ်ခံရတဲ့ဘဝတွေ ဘဝအခွင့်အရေးမရတဲ့ ဘဝတွေ
ဘဝထဲမှာ ပိတ်မိနေတဲ့ဘဝတွေ
ဘဝထဲက လွတ်မြောက်ဖို့ ရုန်းကန်နေတဲ့ဘဝတွေ
ဘဝနေလုံးကြီးဟာ အမှောင်ထုကြား ဝင်လုလု
ဒီဘဝ ဒီမှာပင် ပြီးဆုံးပါပြီ
ရွှင်လန်းချမ်းမြေ့ကြပါစေ
(ကဗျာအဟောင်းနှစ်ပုဒ်အား ပြန်လည်ရေးသားခြင်း)
လင်းလက်တာရာ
7.5.2015
Thursday, May 7, 2015
ကဗျာ/ဘဝဟောင်းတစ်ပုဒ်အား အသစ်ပြင်ဆင်ရေးသားခြင်း
တချို့အတွေးအခေါ်တွေက ဒိတ်အောက်သွားပြီ
တချို့အသိအမြင်တွေက မှိုတက်သွားပြီ လစ်သွားပြီ ဂွမ်းသွားပြီ
ဘဝမှာ အသစ်တပ်ဆင်စရာတွေ အများကြီး အက်ဒိလုပ်စရာတွေ အများကြီး
ဖျက်ချစရာတွေလည်း အများကြီး ဖြည့်စွက်စရာတွေလည်း အများကြီး
'အချိန်က စကားပြောပါလိမ့်မယ်' ဟာ မနားတမ်းပြောနေပြီလား တိတ်ဆိတ်တုန်းပဲလား
အရွေ့တွေထဲ မျက်လုံးတွေ ပိဿလေးနဲ့ ဖိချလို့ မရအောင် ပြူးထွက်ခဲ့ဖူးလား
ပါးစပ်တွေတွယ်အပ်နဲ့ ဆွဲစိလို့ မရအောင် ပြဲထွက်ခဲ့ဖူးလား
လား တွေဟာ ကန္တာရကို ဖြတ်သန်းလာနေတဲ့ လားတွေလို ဖတ်သူဆီ တံတားလှမ်းထိုးလိုက်တာလား
ကြံ့ခိုင်မှုမရှိတဲ့ အရေးအသားဟာ ကွင်းထဲမှာ လဲလဲကျနေမှာပဲ
လျှောထိုးဖျက်ခံနေရမှာပဲ ဟာသ လို ဝိုင်းဟားနေကြမှာပဲ
ကဗျာဟာ ငါ့တီးတိုးဖော် ငါ့အိုးစားဖက် ငါ့ဆရာ သူ့ဆီမှာ သင်ယူစရာတွေအများအပြား
သင်လည်း သင်ယူနိုင်ပါတယ် လူမျိုးမရွေးဘာသာမရွေး သင်ယူနိုင်ပါတယ်
လုပ်ဖော်ကိုက်ဖက်တရုတ်ကြီး ဆွဲထုတ်လိုက်တဲ့အစက ဒီကဗျာရေးချင်စိတ်ဖြစ်လာတာ
အဲဒီတရုတ်သတင်းစာသားတွေကို ငါနား မလည်ဘူး
သင်္ကေတတွေကပဲ ငါ့စိတ်ပေါင်ချိန်ကို လာလာတိုင်းနေတာ
မင်းမှာ ဒီမိုကရေစီ ဒီဂရီ ဘယ်လောက်ရှိလဲ
ဆီပူက ငါ့နားထဲကို ကပ်သီးကပ်သပ် လာစင်တယ်
ချွေးစချွေးနတွေနဲ့ ပဲ လူ့အောက်ပိခြင်းထဲက ရုန်းကန်ထကြည့်တယ် “တောက်”
အဲဒီ'တောက်'ကိုလည်း လက်မနဲ့ ရော ဖနှောင့်နဲ့ ပါ ပွတ်ချေကြိတ်မွ
လေကောင်းလေသန့် နည်းနည်းလောက် ချေးပါဆိုတဲ့ မိုးကြိုးပစ်သံဟာ နွေခေါင်ခေါင်ကြီး
လမ်းပေါ် ငေးမိတော့ အင်ဒိုမလေးရဲ့ တင်ပါးပေါ် ကပ်ငြိချိတ်ပါသွားတဲ့ ဘင်္ဂလားကောင်ရဲ့ မျက်ခွက်
ဝိုင်းဝိုင်းသီချင်းတွေ ဖွင့်မိတာ စောက်ရှက် ပဲ
ရယ်သံစပ်ဖြဲဖြဲကြီးတွေက ငါ့စိတ်ကိုပါ လာဖြဲတယ်
ဦးငှက်ကြီးကျတော့ ဒီကောင်တွေ တိတ်တိတ်လေး ခိုးနားထောင်လို့
ကျွတ်! ခက်တာပဲ ဆူးတွေ ညှောင့်တွေ အရိတွေ အရွဲတွေ
အစေးတွေ အမျှင်တွေနဲ့ လုံးထွေးရစ်ပတ် လိပ်ပြာ
i phone ကြီးက ငါ့မျက်နှာနား တဝဲဝဲ ငါ့တိုင်းပြည်ပေါ်ကိုလည်း နဂါးကြီးက တဝဲဝဲ
နပိုလီယံ ကို သိလားဆိုတော့ NO တဲ့ ဟဲမင်းဝေး ကိုရောဆိုတော့
ခေါင်းယမ်းတယ် ကွန်ဖြူးရှပ် ကိုကျ တာသောင်း*တဲ့
ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဂျလန်းဦးသန့်ကို ငါ ကျော်ပစ်လိုက်ရတယ်
တော်ပြီ မနေ့ က စာသားတွေကို ဒီနေ့ အကြောင်းအရာတချို့ နဲ့ ပေါင်းပြီး
မနက်ဖြန် အတွက် စုထားလိုက်တော့မယ်
ကဗျာဟာ အွန်လိုင်းပေါ်ရောက်ဖို့ တစ်နာရီ ကားစီးပြီး ၄၅ မိနစ်လောက်
ကွန်နတ်ကြီးကို ထိုင်ကန်တော့ခဲ့ရပါသတဲ့ ကောင်းလေစွ ကောင်းလေစွ
ကိုယ်ဆင်ထားတဲ့ ဖရိန်ကြီး သူတပါးပေါ် ပိမကျအောင်ဂရုစိုက်ဗျာ
'ကျွန်တော်တို့ စိုက်ထားတဲ့ group ဟာ စိမ်းလန်းစိုပြည်လာပါပြီ'ဆိုတဲ့ အခက်အလက်အရွက်
ဒိုလေး ဟတ်ထရစ် ရတဲ့ညက ငါ ဂိုးပေါက်ပျောက်နေခဲ့တာ စာလုံးတစ်လုံးမှ မရလိုက်ဘူး
စာလုံးဆိုမှ စလုံးက လင်းဝေအိမ်ဆီ ဖုန်းလှမ်းတော့
ဟဲလို! ဟိုအကြောင်း ဒီအကြောင်း ဘာအကြာင်း ညာအကြောင်း ကဗျာအကြောင်း
တချို့ တံဆိပ်တွေက ကဗျာနောက် လိုက်ကပ်တယ်
တချို့ ကဗျာတွေက တံဆိပ်နောက် လိုက်ကပ်တယ်
တံဆိပ်တွေမှာ အဆိပ်အတောက် ကင်းစင်ပါရဲ့လား
ကိုယ့်ကျောပေါ်က ခွာတွေကို ခွာချပစ်ရမယ်
ငြီးငွေ့ မှု အရေခွံကို အကြေးလှန်ပစ်ရမယ်
ခေတ်ကမွေးမြူထားတဲ့ လေဆင်နှာမောင်းတွေ ဘဝထုကြီးထဲ ဝင်မွှေနေတယ်
လူတွေပြောပြောနေတဲ့ သုခဘုံက ဘယ်မှာလဲ ငရဲ နဲ့ နီးလား
လူငယ်တွေက ဗဟိုချက်တွေကို မဲ့/များလိုက်ကြပြီ
အချိုးပျက်နေတဲ့ လောကကြီးကို ကုလားဖန် နည်းနည်းထိုးပေးရမလား
အနုပညာကရော အကြမ်းခံတဲ့ပညာတတ်ရဲ့လား
တလောက ဒေါသသံတွေနဲ့ လှလက်နေတဲ့ အရေးအသားတွေ
တဟုန်းဟုန်း ရုန်းကြွ ခက်ထန် ပဲ့တင် ရိုက်ခတ်
သမိုင်းကို ဘယ်သူမှ ဖိုးတွမ်တီးလုပ်လို့ မရဘူး
ကဗျာတစ်ပုဒ်ဟာ ရွက်ကြမ်းရည်ကြို ကောင်မလေးရဲ့
အက်တင်လောက်တောင် စောက်ရေးလုပ်မခံရတာ နာတယ်
ဗျာ! အနှစ်သာရတွေ ပျောက်ဆုံးနေတယ်
ဗျာ! ကျစ်လစ်မှုမရှိ ဖောင်းပွနေတယ်
ဗျာ! ဦးတည်ချက်တွေ ဝေဝါးထွေပြားနေတယ်
ကမ္ဘာကြီးကိုက အနှစ်သာရတွေ ပျောက်ဆုံးနေတာပါဗျာ
လူ့ အဖွဲ့ အစည်းကြီးကိုက ကျစ်လစ်မှု မရှိ ဖောင်းပွနေတာပါဗျာ
လူသားတွေကိုက ဦးတည်ချက်တွေ ဝေဝါး ထွေပြားနေတာပါဗျာ
ကျွန်တော်ဆက်မရေးတော့ဘူး ခင်ဗျားဘာသာ ဆက်တွေးတော့
တာသောင်း = မလေးရှားဘာသာစကား၊ မသိဘူးလို့ အဓိပ္ပါယ်ရ
ဂျလန်းဦးသန့် = ကွာလာလမ်ပူမြို့တွင်းရှိ ဦးသန့် လမ်း
လင်းလက်တာရာ
၂၉၊၁၂၊၂၀၁၂
၆၊ ၅၊၂၀၁၅
Subscribe to:
Comments (Atom)
