Saturday, July 27, 2019

ပျောက်ဆုံးမှုဟာ ကိုယ်ထင်ပြနေတယ် ငါ့ပတ်ပတ်လည်

ပျောက်ဆုံးမှုဟာ ကိုယ်ထင်ပြနေတယ် ငါ့ပတ်​ပတ်​လည်
...................................................................

ပထမထပ်ကိုရောက်တော့
ပျက်စီးယိုယွင်း နေတဲ့ ပျော်ရွှင်ခြင်းများ

ဒုတိယထပ်ကိုရောက်တော့
ပေါက်ပြဲယိုင်နဲ့ ပြိုကျနေတဲ့ ဖြစ်တည်မှုများ

တတိယထပ်ကိုရောက်တော့
ဆေးသားတွေ အလွှားလိုက်ကွာကျနေတဲ့ လောကဓံများ

စတုတ္ထထပ်ကိုရောက်တော့
အက်ကွဲကြေမွနေတဲ့ မိသားစုအပိုင်းအစများ

ပဉ္စမထပ်ကိုရောက်တော့
ပုပ်သိုးနေတဲ့ မျှော်လင့်ချက်အိပ်မက်များ

ဝရန်တာကို ထွက်ကြည့်တော့ သေနေတဲ့ လ
ခေါင်မိုးပေါ် တက်ကြည့်တော့ ဘဝတစ်ခုလုံး ဟင်းလင်းပြင်

ငါကိုယ်တိုင် တိုက်အိုပျက်ကြီးတစ်လုံးဖြစ်သွား တဲ့အထိ
ပြန်ရောက်မလာသေးတဲ့ ငလျင်တစ်ခုကို စောင့်မျှော်နေမိတယ်

#လင်းလက်တာရာ
27.7.2018

(ခေါင်းစဉ် - ညီမိုးဆွေ)

Wednesday, July 24, 2019

ကမ္ဘာကျော်ထုတ်ကုန်

ကမ္ဘာကျော်ထုတ်ကုန်
..........................

ဘရာဇီးရဲ့ ကမ္ဘာကျော်ထုတ်ကုန်တွေက ကော်ဖီနဲ့ ဘောလုံး
ငါတို့က ဘောလုံးပွဲ ကို ကော်ဖီနဲ့ ထိုင်မြည်းတယ်
နေမာရေ မာဆယ်လိုရေ ဒယ်နီအဲဗက်ရေ
ငါတို့နိုင်ငံက ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပြည်တွင်းစစ် တစ်ခွက်ကို
တစ်ကျိုက်လောက် သောက်ကြည့်ပါဦး

လင်းလက်တာရာ

Sunday, July 21, 2019

မိုးတွေ ရွာနေတယ်

မိုးတွေ ရွာနေတယ်
...........................

မိုးတွေ ရွာနေတယ် ။ တစ်နေရာတည်း ကွက်ရွာနေ ။
ငါ့ဘေးနားက လူတွေ မိုးရေမစိုဘဲ ငါက မိုးရေတွေ ရွှဲနေ။
ခေါက်သိမ်းထားတဲ့ အမှတ်တရတွေ ထုတ်ဆောင်းပေမယ့် မလုံဘူး။
မိုးပြေးမဟုတ်။  တစိမ့်စိမ့်ရွာနေတဲ့ မိုး ။ မိုးရေစိုသွားတဲ့ ငါ့ဆံပင်တွေဟာ
အမေ့အိမ်ရှေ့က ရွက်လှပင်လေးတွေ ဖြစ်သွား။
မိုးရေစိုသွားတဲ့ ငါ့လက်တွေဟာ ငယ်ဘဝရဲ့ကျောင်းဆင်းချိန်တွေ ဖြစ်သွား။
မိုးရေစိုသွားတဲ့ ငါ့ခြေထောက်တွေဟာ အဝေးပြေးလမ်းမတွေ ဖြစ်သွား။
မိုးရေစိုသွားတဲ့ ငါ့အသံဟာ လယ်ကွင်းစိမ်းစိမ်းတွေ ဖြစ်သွား။
မိုးတွေက ငါ့ဆီ လာရွာတယ်။  ငါက မိုးတွေဆီ သွားရွာတယ်။
ရွာကလေးက ငါ့ဆီ လာရွာတယ်။ ငါက ရွာကလေးဆီ သွားရွာတယ် ။
နှလုံးသားမှာ ရွာနေတဲ့ မိုးက ဘယ်တော့မှ မတိတ်ဘူး။
အိမ်ပြန်ချင်စိတ်နဲ့ တစိမ့်စိမ့် ရွာနေတဲ့ မိုးတွေ။

လင်းလက်တာရာ
22.7.1019

မာခဲတောင့်တင်းနေတဲ့ တနင်္ဂနွေ

မာခဲတောင့်တင်းနေတဲ့ တနင်္ဂနွေ
.......................................

ဘဝရဲ့မမြင်ရတဲ့ လှိုင်းတံပိုးတွေ
ဆန္ဒမြို့ကလေး မြစ်ရေ လျှံ

ရယ်သံကိုက
ငွေသံကြေးသံလို တချွင်ချွင်နဲ့

လိုနေတာက
လူက လူကို လူလို သိဖို့

ကိုယ့်ကို ခူးဖို့ ကြံနေတဲ့ လက်တွေကို
လက်ဆွဲ နှုတ်ဆက်ရတဲ့ အခိုက်အတန့်တွေ

ကျွန်တော့် အလွမ်းသက်တံလေးကို
သူမအိမ်ကလေးပေါ် ရွှေ့ နေမိတာ အကြိမ်ကြိမ်

မမြင်ရတဲ့ မီးဟာ
ခန္ဓာအိမ်ထဲ တမြေ့မြေ့ လောင်

သစ်ကိုင်းကလေး ဖြစ်ကြည့်တာတောင်
ငှက်ကလေး တစ်ကောင်တောင် လာမနားဘူး

အရိုးနူးသွားတဲ့အထိ
အပေါင်းခံရတဲ့ ရိုးသားမှုများ

စိန်နဲ့ မခြယ်ထားပေမယ့်လည်း
စိန်ခြယ်ပန်းကလေးဟာ စိန်ခြယ်ထားသလိုပါပဲ အချစ်
ရယ်

စက်ယန္တယားကြီးအတိုင်း
ပရိုဂရမ်ကြီး အတိုင်း တစ်ပတ်ပြီး တစ်ပတ်

စိတ်အက်ကြောင်းထဲကနေ
ပန်းထွက်လာတဲ့ လင်းပွင့်မှုလေး

မျက်ရည်
တနင်္ဂနွေ ဟာ နူးညံ့ပျော့ပြောင်းနေပြန်တယ်

#လင်းလက်တာရာ
၂၁၊ ၇၊ ၂၀၁၉

Thursday, July 18, 2019

ပျံကျဈေး

ပျံကျဈေး
.............

လေဟာ လောကဓံ ၈ပါး နဲ့ အတူ တိုက်နေတယ်
နိုင်ငံတော်အလံ ဟာ သူ့တိုင်နဲ့သူ ပတ်နေတယ်

အိပ်မက်အပုပ်တွေကို ဘယ်သူတွေက ရောင်းပြီး
အိပ်မက်အပုပ်တွေကို ဘယ်သူတွေက ဝယ်သွားသလဲ

အသက်တွေ ဈေးပေါတဲ့ ခေတ်ထဲ

လင်းလက်တာရာ

အလုပ်ကြမ်းသမား

အလုပ်ကြမ်းသမား
.......................

ဟော့ဒီ ... ဟီးထနေတဲ့ တိုက်ကြီးကို
သူ့ချွေးတွေ သူ့ခွန်အားတွေ နဲ့ ဆောက်ခဲ့တာ
တော်ရုံ ငလျင်ဒဏ်တောင် ခံနိုင်တဲ့ အဆင့်မြင့်တိုက်ကြီးပေါ့

ယိုင်နဲ့ နေတဲ့
သူ့မိသားစုအိမ်အိုလေးကိုတော့ မထူမတ်နိုင်သေး
ဘဝဟာ ခဏခဏ ပြိုကျနေတုန်းပဲ
သူလည်း ဟီးထနေတဲ့ တိုက်ကြီးတွေကို
တစ်တိုက်ပြီး တစ်တိုက် ဆောက်နေရတုန်းပဲ

လင်းလက်တာရာ