Sunday, February 10, 2019

ကဗျာနဲ့ခရီးသွားခြင်း

ကဗျာနဲ့ခရီးသွားခြင်း

အဝေးပြေးလမ်းမပေါ်မှာ
ငါဟာ ကဗျာတစ်ပုဒ်ဖတ်ရင်း လွင့်နေတယ်
ကဗျာကိုယ်၌က လွင့်နေတာ
ငါကိုယ်တိုင် လွင့်နေတဲ့ ကဗျာဖြစ်သွားပြီး
အဝေးပြေးလမ်းမဟာ ငါ့ ကို ပြန်ဖတ်နေတယ်
သူလည်း လွင့်နေမှာပဲ
ချိုမြိန်တဲ့ခရီးတွေကို မင်းကိုတည်ခင်းဧည့်ခံကျွေးချင်နေတာ
မင်းလည်း လွင့်နေမှာပဲ
အချစ်က ဇောက်ထိုးကြီး လွင့်နေတဲ့ ကျောက်ရုပ်
မမြင်ရတဲ့အမှတ်တရတွေ ပါလာတယ်လို့
လွတ်နေတဲ့ဘေးထိုင်ခုံက ငါ့ကို ပြောတယ်
သူလည်း လွင့်ချင်လွင့်နေမှာပဲ
မြို့ကြီးပြကြီးဆီ ထွက်ခွာသွားပြီးကတည်းက ပြန်ရောက်မလာသေးတဲ့
အိမ်ပြန်ချိန်တစ်ခုကို လွမ်းဆွတ်ငေးမောနေတဲ့
ဆီအုန်းတောရဲ့ သက်ပြင်းချသံကို ငါကြားလိုက်တယ်
သူလည်း မြစ်လိုစီးနေတဲ့ ခရီးတွေကို ငေးရင်း လွင့်ချင်လွင့်နေနိုင်တာပဲ
နာကျင်ခြင်း အမှတ်တံဆိပ်တွေ ကို တက်တူးထိုးထားတဲ့
မိုင်တိုင်တွေ လွင့်နေပုံထဲ ငါ လွင့်နေလိုက်တယ်
လမ်းညွှန်ဆိုင်းဘုတ်တွေမှာ ငရဲနဲ့ နိဗ္ဗာန်
အတူတကွ လွင့်နေပုံထဲ ငါ လွင့်နေလိုက်တယ်
လူ့အဖွဲ့အစည်းထဲ ပိတ်ပိနေတဲ့ လိပ်ပြာကလေး
တွန်းထိုး တိုးထွက် ပျံသန်းလာပုံ ထဲ ငါ လွင့်နေလိုက်တယ်
ဟွန်းသံတွေ မြည်နေတဲ့ ခန္ဓာက
ဆွစ်ဇာလန် က တောင်ပေါ် ရွာကလေး ဖြစ်ချင်ပါသတဲ့
စိတ်ကောင်းစိတ်သန့်လေး လွင့်နေပုံက ချစ်စရာကောင်းပါတယ်
အဝါရောင် လောကဓံပန်းခင်းကြီးကလည်း လွင့်ချင်စရာ
အောင်မြင်မှုဆီ ခုန်ချပစ်လိုက်ဖို့ ချောက်ကမ်းပါးကြီးကလည်း လွင့်ချင်စရာ
လွင့်နေတဲ့ ငွေစက္ကူတွေ လွင့်နေတဲ့ လူတွေ
လွင့်နေတဲ့ အာဏာတွေ ပါဝါတွေ
အတ္တတောင်တန်းကြီးကလည်း လေထဲမှာ စောက်ဆန်းကြီး လွင့်လို့
ငါ့အပေါ် လာရွာနေတဲ့ အလွင့်တွေကို
ကုတ်အင်္ကျီလို ချုပ်ဝတ်လိုက်တယ်
ဖတ်လိုက်စ ကဗျာက တိမ်တွေ ဖြစ်သွားလိုက်
ပင်လယ်ဖြစ်သွားလိုက်နဲ့ လွင့်နေတာပဲ
ဘဝဟာ ဖတ်လက်စ ကဗျာပဲ
ကဗျာဟာ ဖတ်လက်စ ဘဝပဲ
အစသာရှိပြီး အဆုံးမရှိတဲ့ ခရီးတွေထဲ
လွင့်နေရတဲ့ အရသာ

လင်းလက်တာရာ
ဖေဖော်ဝါရီ ၊ ၂၀၁၉